Shwe Htay

Shwe Htay ကျောက်မျက်ရတနာ ရောင်းဝယ်ရေး

04/09/2026

"ဘဝမှာ သန်မာချင်ရင်… တစ်ယောက်တည်းနေရတဲ့ အချိန်ကိုလည်း ချစ်တတ်အောင် သင်ယူကြရလိမ့်မယ်။ " 🍀🩵

◾ဘဝမှာ လူတွေနဲ့ ဝန်းရံနေရတာကို လူတိုင်းလိုချင်ကြတာချည်းပါပဲ။ စကားပြောဖော်ရှိရင် နွေးထွေးတယ် ထင်ကြတယ်။ ဝမ်းသာစရာတွေကို အတူမျှဝေမယ့်သူရှိရင် ပိုပျော်ကြမယ်လို့ ယူဆကြတယ်။ စိတ်ညစ်တဲ့အချိန်မှာ “ဘာဖြစ်လို့လဲ” လို့ မေးပေးမယ့်သူတစ်ယောက်ရှိနေရင်လည်း အားတစ်မျိုး ရတတ်တယ်လို့ ထင်ကြလိမ့်မယ်ပေါ့။

ဒါပေမယ့် ဘဝမှာ လူတွေမရှိတဲ့ အချိန်တွေလည်း ရှိနိုင်တာပါပဲ။ အဲဒီအချိန်မှာ ကိုယ့်စိတ်က ဘယ်လိုနေတတ်သလဲ ဆိုတာကသာ ပိုအရေးကြီးတာပါ။ တစ်ယောက်တည်း ကျန်ခဲ့တဲ့အခါ ချက်ချင်းတစ်စုံတစ်ယောက်ကို ရှာမိသလား။ ဖုန်းထဲမှာ အဖော်ရှာမိသလား။ ဒါမှမဟုတ် တိတ်တိတ်လေးထိုင်ပြီး ကိုယ့်စိတ်ကို ကိုယ် နားထောင်ကြည့်နိုင်သလား။

◾ဒီနေရာမှာ Loneliness နဲ့ Solitude ဆိုတာ နှစ်ခုက စတင်ကွဲထွက်လာပါတယ်။ Loneliness ဆိုတာ “ငါ့အတွက် ဘယ်သူမှမရှိဘူး” လို့ ခံစားရခြင်းမျိုးပါ။ Solitude ကတော့ “တစ်ယောက်တည်းဖြစ်နေပေမယ့် ငါ့အတွက် ငါရှိနေသေးတယ်” ဆိုတဲ့ အေးချမ်းမှုမျိုးပါ။

အဲဒီကွာခြားချက်လေးက လူတစ်ယောက်ရဲ့ဘဝကို တိတ်တိတ်လေး ပြောင်းလဲပေးနိုင်ပါတယ်။ တစ်ယောက်တည်း ကော်ဖီသောက်ရင်း စာအုပ်တစ်အုပ်ဖတ်ကြည့်ပါ။ တစ်ယောက်တည်း လမ်းလျှောက်ရင်း ကောင်းကင်ကို ခဏလောက် မော့ကြည့်ပါလား။ ဖုန်းကို ဘေးချပြီး ကိုယ့်အတွေးတွေ ဘယ်ကိုသွားနေသလဲဆိုတာ နားထောင်ကြည့်လိုက်ပါ။

◾ဒါက အစပိုင်းမှာတော့ တိတ်ဆိတ်လွန်းတယ်လို့ ခံစားရနိုင်ပါတယ်။ နောက်ပိုင်းကျတော့ အဲဒီတိတ်ဆိတ်မှုထဲမှာ ကိုယ်မတွေ့ဖြစ်တာကြာပြီဖြစ်တဲ့ “ကိုယ်တိုင်” ကို ပြန်တွေ့လာပါလိမ့်မယ်။ တစ်နေ့တာလုံး သူများအတွက် အချိန်ပေးပြီးတဲ့နောက် ကိုယ့်အတွက် အချိန်နည်းနည်းကျန်ဖို့လည်း လိုတယ်မဟုက်လား။

ဘာကြောင့်လဲဆိုတော့ လူတစ်ယောက်ဟာ လူတွေနဲ့သာ နီးကပ်နေပြီး ကိုယ့်အတွင်းနဲ့ ဝေးကွာသွားရင်လည်း ပင်ပန်းလာနိုင်လို့ပါ။ တစ်ခါတလေ ကိုယ့်စိတ်က “ဘယ်သူ့ကိုမှ မလိုဘူး” လို့ မပြောပါဘူး။ “ခဏလောက်တော့ ငါ့ကိုယ်ငါ နားထောင်ချင်တယ်” လို့ ပြောနေတာလည်း ဖြစ်နိုင်တာမျိုးပါ။

◾တကယ်တော့ တစ်ယောက်တည်းနေရတာကို သင်ယူတယ်ဆိုတာ လူတွေကို မလိုတော့တာ မဟုတ်ပါဘူး။ ဒါက ချစ်ခြင်းကို ငြင်းပယ်တာလိုက်လည်း မဟုတ်ပါဘူး။ မိတ်ဆွေတွေကို ဖြတ်တောက်လိုက်တာလည်း မဟုတ်ပါဘူး။

ဒါဟာ သူများကို ချစ်နိုင်သလို ကိုယ့်ကိုယ်ကိုလည်း မစွန့်ပစ်ဘဲ နေနိုင်လာတာမျိုးပါ။ သူများက ကိုယ့်ကို ချီးကျူးမှ ကိုယ်တန်ဖိုးရှိတာ မဟုတ်ပါဘူး။ သူများက ကိုယ့်ဘေးမှာ ရှိနေမှလည်း ကိုယ့်ဘဝက ပြည့်စုံတာလည်း မဟုတ်ပါဘူး။

◾အမှန်က ကိုယ့်တန်ဖိုးကို သူများရဲ့ အာရုံစိုက်မှုနဲ့ တိုင်းတာနေစရာ မလိုပါဘူး။ “ငါ့မှာ ငါရှိတယ်” ဆိုတဲ့အသိက တစ်ခါတလေ လူအများကြီးရဲ့ အားပေးမှုထက်တောင် ပိုပြီး ခိုင်မာစေနိုင်ပါသေးတယ်။ ကိုယ့်အကြောင်းကို ကိုယ်သိလာတဲ့အခါ သူများရဲ့အမြင်တွေက အရင်လောက် မတုန်လှုပ်စေတော့ဘူး။

မလိုအပ်တဲ့ ဆက်ဆံရေးတွေကို အတင်းဖက်တွယ်ထားဖို့လည်း မလိုတော့ဘူး။ ကိုယ့်ကို တန်ဖိုးမထားတဲ့နေရာမှာ ကိုယ့်တန်ဖိုးကို သက်သေပြဖို့လည်း မကြိုးစားတော့ဘူး။ ဘာကြောင့်လဲဆိုတော့ ကိုယ့်တန်ဖိုးကို ကိုယ်တိုင်သိလာပြီဆိုရင် သူများက အသိအမှတ်ပြုမှ တန်ဖိုးရှိလာတာ မဟုတ်တော့လို့ပါ။

◾ဒါပေမယ့် သန်မာခြင်းဆိုတာ “ဘယ်သူ့ကိုမှ မလိုဘူး” ဆိုတာတော့ မဟုတ်ပါဘူး။ အကူအညီလိုတဲ့အခါ အကူအညီတောင်းတတ်တာလည်း သန်မာခြင်းပါပဲ။ ချစ်ရတဲ့သူကို ချစ်တယ်လို့ ပြောတတ်တာလည်း သန်မာခြင်းပါ။ ဝမ်းနည်းတဲ့အခါ ဝမ်းနည်းတယ်လို့ ဝန်ခံနိုင်တာလည်း သတ္တိတစ်မျိုးပါ။

တစ်ယောက်တည်း ရပ်တည်နိုင်သလို လိုအပ်တဲ့အခါ တစ်စုံတစ်ယောက်ရဲ့လက်ကို ဆုပ်ကိုင်တတ်ခြင်းက ပိုပြီး ကျန်းမာတဲ့စိတ်ဓာတ် ဖြစ်ပါတယ်။ "If you want to be strong, learn to enjoy being alone." ပါ။ အထီးကျန်မှုကို ခံနိုင်ရုံမဟုတ်ဘဲ တစ်ယောက်တည်းရှိနေတဲ့အချိန်ကို တန်ဖိုးထားတတ်ခြင်းက ကိုယ့်ကိုယ်ကိုယ် ချစ်တတ်လာခြင်းရဲ့ အစတစ်ခုပါ။

◾ဒါကြောင့် တစ်ယောက်တည်းနေရတဲ့အချိန်ကို ကြောက်မနေပါနဲ့။ အဲဒီအချိန်တွေက ကိုယ့်ဘဝထဲက လူတွေကို ဖယ်ရှားဖို့လာတာ မဟုတ်ပါဘူး။ ကိုယ့်ဘဝထဲမှာ ကိုယ်တိုင် ဘယ်လောက်အရေးကြီးသလဲဆိုတာ ပြန်သိစေဖို့ ရောက်လာတာလည်း ဖြစ်နိုင်ပါတယ်။

လူတွေကြားမှာ ပျော်နိုင်တဲ့လူတစ်ယောက်ဖြစ်ပါ။ ဒါပေမယ့် လူတွေမရှိတဲ့အချိန်မှာလည်း ကိုယ့်စိတ်ကို ကိုယ်ငြိမ်းချမ်းအောင် ထားတတ်ပါစေ။ သူများရဲ့အချစ်ကို တန်ဖိုးထားပါ။ ဒါပေမယ့် သူများရဲ့အချစ်မရတဲ့အချိန်မှာ ကိုယ့်ကိုယ်ကို မမုန်းမိပါစေနဲ့။ သူများလာရင် ဝမ်းသာပေးပါ။ သူများထွက်သွားရင်လည်း နာကျင်နိုင်ပါတယ်။ ဒါပေမယ့် ဘယ်သူလာလာ၊ ဘယ်သူသွားသွား… ကိုယ့်ကိုယ်ကိုယ်တော့ ကိုယ်တိုင် မထားခဲ့ပါနဲ့။

◾တစ်ယောက်တည်းနေရင်း ကိုယ့်ဘဝကို ကိုယ်ပြန်ကြည့်တတ်လာတဲ့အခါမှာ… တိတ်ဆိတ်မှုဟာ ကြောက်စရာ မဟုတ်တော့ဘူး။ အထီးကျန်မှုဟာလည်း အမြဲတမ်း အားနည်းခြင်းမဟုတ်တော့ဘူး။

တစ်ယောက်တည်း ရှိနေရတဲ့အချိန်ဟာ ကိုယ့်စိတ်ကို ပြန်ပြုပြင်ဖို့ အခွင့်အရေးတစ်ခု ဖြစ်လာလိမ့်မယ်။ အဲဒီအချိန်မှာ ကိုယ့်အတွင်းက အသံကို ကြားလာမယ်။ ဘာကိုလိုချင်တာလဲ သိလာမယ်။ ဘာကိုလွှတ်သင့်ပြီလဲ နားလည်လာမယ်။ ဘယ်သူနဲ့ ဆက်လျှောက်သင့်တယ်၊ ဘယ်နေရာမှာ ရပ်သင့်တယ်ဆိုတာလည်း ပိုရှင်းလင်းလာမယ်။

◾တကယ်တော့…သန်မာတဲ့လူဆိုတာ ဘယ်သူ့ကိုမှ မလိုတဲ့လူမဟုတ်ပါဘူး။ ဘယ်သူမရှိတဲ့အချိန်မှာတောင် ကိုယ့်ကိုယ်ကို မပျောက်သွားတဲ့လူပါ။ လူတွေနဲ့အတူရှိတဲ့အခါ နွေးထွေးအောင်နေပါ။ တစ်ယောက်တည်းရှိတဲ့အခါ ငြိမ်းချမ်းပါစေ။ သူများကို မေတ္တာထားသလို ကိုယ့်ကိုယ်ကိုလည်း မေတ္တာထားပါ။

အဲဒီအခါ ဘယ်သူလာလာ၊ ဘယ်သူထွက်သွားသွား… ကိုယ့်အတွင်းက အလင်းဟာ အလွယ်တကူ ငြိမ်းနိုင်တော့မှာ မဟုက်ပါဘူး။ တစ်ခါတလေ ဘဝမှာ လိုအပ်ဆုံးအဖော်ဟာ… ကိုယ့်ဘေးမှာ တိတ်တိတ်လေး ရှိနေတဲ့ “ကိုယ်တိုင်” ဖြစ်နေနိုင်ပါတယ်။

ချစ်ခြင်းများစွာဖြင့်။
— Professor Dr Sai Naw Jar
Thursday. 3. September. 2026
"ဘဝမှာ သန်မာချင်ရင်… "

Address

Mandalay
Mandalay

Telephone

+959894624505

Website

Alerts

Be the first to know and let us send you an email when Shwe Htay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category