03/10/2026
ထားဝယ်ခရိုင်ရှိ သဘာဝဘေးသင့် ဒေသများတွင် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ကူညီဆောင်ရွက်ရန် စက်ယန္တရားယာဉ်များနှင့် ကျွမ်းကျင်လုပ်သားများ မြိတ်မှထားဝယ်သို့ ထွက်ခွာ
မြိတ် အောက်တိုဘာ ၃
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်တွင် စက်တင်ဘာလ စတုတ္ထအပတ်တွင် မိုးသည်းထန် စွာရွာသွန်း၍ ရေဘေးနှင့် မြေပြိုဘေးများ နေရာဒေသများတွင် ဖြစ်ပွားခဲ့ပြီး သဘာဝဘေးသင့် ဒေသ များတွင် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို စက်ယန္တရားများဖြင့် ကူညီဆောင် ရွက်နိုင်ရန်အတွက် စက်ယန္တရားယာဉ်(၁၉)စီးနှင့် ကျွမ်းကျင်လုပ်သားများသည် အောက်တိုဘာ(၃)ရက် ညနေပိုင်းက မြိတ်မှ ထားဝယ်သို့ ထွက်ခွာသွားကြသည်။
ထားဝယ်ခရိုင်အတွင်း ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများကြောင့် ဘေးအန္တရာယ်ကျရောက်ခဲ့သည့် ပြည်သူများကို ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်မှုဖြင့် စက်ယန္တရားယာဉ်များဖြင့် အင်တိုက်အားတိုက် ထိထိရောက်ရောက် ဆောင်ရွက်ပေးရန် မြိတ်ခရိုင်ရှိ မြေတူးယာဉ်(၁၂)စီး၊ မြေကော်ယာဉ်(၃)စီး၊ ဆီဘောင်ဆာ(၁)စီး၊ သယ်ယူ ပို့ဆောင်ရေးယာဉ်(၁)စီး၊ မြေသယ်ယာဉ်(၁)စီး၊ အုပ်ချုပ်ထောက်ပံ့ယာဉ်(၁)စီးနှင့် ကျွမ်းကျင်လုပ်သား များ ပြည်ဖြိုးထွန်း(၉) ရေယာဉ်ဖြင့် သွားရောက်ခဲ့ကြသည်။
ထို့သို့ သဘာဝဘေးသင့် ဒေသများတွင် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကို စက်ယန္တရားများဖြင့် ကူညီဆောင်ရွက်ရန် စက်ယန္တရားယာဉ်များ ရေယာဉ်ပေါ်သို့ တင်ဆောင်နေမှု အား မြိတ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးဦး နှင့် တာဝန်ရှိသူများက ကြည့်ရှု အားပေးကြ၍ သွားရောက်ကူညီဆောင်ရွက်ကြမည့် စက်ယန္တရားယာဉ်မောင်းများ၊ ကျွမ်းကျင်လုပ်သား များနှင့် အုပ်ချုပ်သူများကို အားပေးစကားပြောကြားပြီး အသုံးစရိတ် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။