03/08/2023
စနစ်တကျ တိုင်းရင်းကြက်မွေးမြူရေး
စနစ်တကျ တိုင်းရင်းကြက်မွေးမြူရေး
---------------------------------------
ထိန်းသိမ်းစာင့်ရှောက်သည့်စနစ်
ကြက်ငယ်များ –
ကြက်များ၏ သေကျေ ဆုံးရှုံးမှုများတွင် ကြက်ငယ်ဘဝအသက် ၂ လသားအထိ ၂၄ ရာခိုင် နှုန်း၊ ၂ လမှ ၆ လသားအထိ ၁၉ ရာခိုင်နှုန်း ကြက်ကြီးဘဝ၊ ၆ လသားနှင့်အထက် ၅ ရာခိုင်နှုန်း သေနှုန်းရှိ ကြောင်း တွေ့ရပါသည်။ ကြက်ငယ် ဘဝတွင် သေဆုံးနှုန်းအများဆုံးဖြစ်၍ အထူးဂရုစိုက်ရန် လိုပါသည်။ မွေးမြူသူများက ဂရုစိုက်စောင့်ရှောက်မှုမရှိလျှင် သေဆုံးနှုန်း၊ ပိုမိုမြင့်လာနိုင်ပါသည်။ မွေးမြူသူမှ ကြက်ငယ် များ ထိန်းသိမ်းစောင့်ရှောက်ရာတွင် အောက်ပါအချက်များကို အလေးထားဆောင် ရွက်ပေးသင့် ပါသည်။
(၁) ပေါက်ခါစ ကြက်ငယ်နှင့် ကြက်မကြီးကို လုံခြုံသော လှောင်အိမ်(သို့မဟုတ်) ကြက်အုပ်ဆောင်းဖြင့် အုပ်ထားပါ။ ခြောက်သွေ့ပြီး နွေးထွေးသောနေရာ၊ လေစိမ်း မတိုက်သောနေရာတွင် ထားပါ။
(၂) အိပ်တန်းတက်ချိန်၊ ဆင်းချိန်တို့တွင် ကြက်မကြီးနှင့် ကြက်ငယ်များကွဲကွာမှု မရှိစေရန် ဂရုပြုပါ။ ကြက်မကြီးနှင့် ကြက်ငယ်များကို အတူတကွထားပေးပါ။
(၃) ကြက်ငယ်ကလေးများ စားသောက်နိုင်သော အစာခွက်ရေခွက်များ ထားပေးပါ။
(၄) ကြက်ကလေးများ၊ ကျန်းမာသန်စွမ်းလာပါမှ မိခင်ကြက်မကြီးနှင့်အတူ ရှာဖွေ စားသောက်နိုင်ရန် လှောင်အိမ်(သို့မဟုတ်) အုပ်ဆောင်းမှ လွှတ်ပေးပါ။
(၅) သားပေါက်အရေအတွက် များများမွေး မြူပါက ပေါက်ပွားလာသော ကြက်ငယ်များကို မိခင်ကြက်မကြီး နှင့်အတူ (၅)ရက်ခန့် ထိန်းကျောင်းပေးပြီး ကျန်ရက်(၄၀) ခန့်တွင် ကြက်ကလေးများကို ကြက်မကြီးနှင့် ခွဲကာ အငွေ့ပေးစနစ် ကျင့်သုံးခြင်းဖြင့်၊ ၄၅ ရက်သား မီးလွတ်သည်အထိ ဆောင်ရွက် ပေးနိုင်ပါသည်။
(၆) အချို့သော အသေးစားမွေးမြူရေး (small scale) အဆင့်၌ ကြက်မများကို မဝပ်စေဘဲ ကြက်ဥဖောက် စက်ဖြင့် သားပေါက်စေခြင်းဖြင့်၊ တစ်နှစ်အတွင်း သားပေါက်ကြိမ်ရေ သားပေါက်ကောင်ရေ ပိုများခြင်းစသော အကျိုးကျေးဇူးကို ရရှိစေပါသည်။
ကြက်လတ်များ –
ကြက်အသက် ၁ လ၊ ၁ လခွဲအရွယ်ကို ဆိုလိုပြီး ကြက်ထီး/ ကြက်မ ခွဲခြားနိုင်သည့် အရွယ် ဖြစ်သည်။ မိခင်မှ သားစွဲသည့်အရွယ် ဖြစ်သည်။ ကြက်များ ဗိုလ်လုသောအရွယ်လည်း ဖြစ်ပြီး ရရှိလာသော ဒဏ်ရာများကို ဖန်ရည် ဆေးပေးခြင်း၊ အနာလိမ်းဆေးများ လိမ်းပေးခြင်းတို့ ပြုလုပ်ပေးနိုင်ပါသည်။ မိခင် ကြက်မကြီးနှင့် လွတ်ကင်းသောအရွယ် ဖြစ်ပြီး နည်းအမျိုးမျိုးနှင့် သေဆုံးနိုင်သဖြင့် အထူးဂရုပြု ကျွေးမွေး စောင့်ရှောက်ရန် လိုပေသည်။ လှောင်အိမ်စနစ်ဖြင့် မွေးမြူ ပါက သီးခြားဖြည့်စွက်စာများ ကျွေးပါမည်
ကာကွယ်ကုသမှု လုပ်ငန်းများ တိုင်းရင်းကြက်များတွင် အဖြစ်များ သော ရောဂါများမှာ-
၁။ ကြက်လည်လိမ်(ကြက်နာ)
Newcastle disease
၂။ ကြက်ဝမ်းကျရောဂါ
Avian-Pasteurellosis
၃။ ကြက်ကျောက်ရောဂါ
Fowl-Pox
၄။ သန်ရောဂါ
Parasitic-disease စသည်တို့ ဖြစ်သည်။
၁။ ကြက်လည်လိမ်ရောဂါမှာ-
အရပ် အခေါ်အားဖြင့် အိပ်တန်းကျနာ၊ ကြက်နာ ဟုခေါ်သည်။ အသေအပျောက် အများ ဆုံးနှင့် အဖြစ်ဆုံးရောဂါဖြစ်သည်။ ဗိုင်းရပ် ရောဂါပိုးကြောင့်ဖြစ်ပြီး ကူးစက်နှုန်း မြန်သည်။ ပြင်းထန်သည့် ရောဂါအမျိုးအစား ဖြစ်ပွားပါက မည်သည့်လက္ခဏာမှ မပြဘဲ ရုတ်တရက် သေဆုံးနိုင်သည်။ ရောဂါဖြစ်သော ကြက်သည် တောင်ပံကျပြီး အမွေးပွကာ မှိုင်ကုပ်နေတတ်သည်။ ဝမ်းပျက်၍ ချေးစိမ်းပါပြီး အသက်ရှူကြပ် သည့် လက္ခဏာကိုလည်း တွေ့ရတတ်သည်။ ရောဂါကြောင့် အာရုံကြော ထိခိုက်မှုရှိပါက လည်ပင်းလိမ်ခြင်း၊ အကြောဆွဲခြင်း၊ ခြေထောက်မသန်ခြင်း စသော လက္ခဏာများ ပြတတ်သဖြင့် ‘လည်လိမ် ရောဂါဟု ခေါ်ပေ သည်’။ ကိုယ်ခံအား ကျနေသော ကြက်အုပ်များတွင် ခြံလုံးကျွတ် သေတတ်ပါသည်။ ကိုယ်ခံအား တက်နေပါက အထိုက်အလျောက် သေပျောက်နှုန်းလျော့နည်းပါမည်။ ကုသဆေးမရှိဘဲ ကာကွယ်ဆေးကို အသုံးပြုရပါသည်။
တိုင်းရင်း ကြက်များအတွက် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ အပူဒဏ်ခံ ကြက်လည်လိမ် ရောဂါ ကာကွယ်ဆေး ထုတ်လုပ်ထားပါသည်။ (၃) လတစ်ကြိမ် အရွယ်မရွေး ကြက်အားလုံးသို့ မျက်စဉ်းခတ်ပေးရပါ သည်။ ဆေးထိုးပိုက်မလိုဘဲ မှင်စုပ်ရှိလျှင် အသုံးပြု နိုင်ပါသည်။ ‘အိုင်တူး’ ကာကွယ် ဆေးသည် သိမ်းဆည်း သယ်ဆောင်ရာတွင် အပူဒဏ် အသင့်အတင့်ခံနိုင် သော်လည်း နေရောင်ခြည်ဖြင့် တိုကရိုက် ထိတွေ့မှုမရှိရန် လိုအပ်ပါသည်။ ကြက်မျက်စိ (၁)ဖက်သို့ ဆေး(၁)စက်သာ ခတ်ပေးရမည်ဖြစ်သည်။
၂။ ကြက်ဝမ်းကျရောဂါမှာ-
ဒုတိယ သေပျောက်နှုန်း အများဆုံးရောဂါဖြစ်သည်။ ဘက်တီးရီးယား ရောဂါပိုး ကြောင့်ဖြစ်ပြီး ကုသ၍ရပါသည်။ သို့သော် မဖြစ်မီက ကြိုကာကွယ်ခြင်းက ပို၍ကောင်းပါသည်။ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ထုတ်လုပ်သော ကြက်ဝမ်းကျကာကွယ် ဆေး (တောင်ပံခြစ်) ဆေးဖြစ်ပြီး ၆ လ တစ်ကြိမ် ထိုးနှံရမည်ဖြစ်သည်။ ရှမ်းမောမြေ ကုမ္ပဏီထုတ်လုပ်သော Chikusan-Supertonic Solution ဖြင့်လည်း ကာကွယ်ကုသ နိုင်သည်။ ကြက်ဝမ်းကျ ရောဂါလက္ခဏာများမှာ အပြင်းဖျား၍ မှိုင်ကုပ်ခြင်း၊ အစာ စားပျက်ခြင်း၊ ပါးစပ်မှ အရိအရွဲများကျခြင်း၊ စိမ်းဝါရောင်ဝမ်းသွားခြင်း၊ ပါးပျဉ်းရောင်ခြင်း အမောက်များညိုမဲလာ၍ သေဆုံး ခြင်းတို့ဖြစ်ပါသည်။
၃။ ကြက်ကျောက်ရောဂါမှာ-
ရာသီဥတု ပြောင်းချိန် အထူးသဖြင့် မိုးအကုန် ဆောင်းဝင်စများတွင် အဖြစ်များ သည်။ မျက်လုံး၊ မျက်နှာ၊ ပါးပျဉ်း၊ နှုတ်ခမ်းထောင့်များ ပေါ်တွင် အနာအဖုများ တွေ့ရတတ်ပြီး အရပ်အခေါ် (နှင်းသီး)ဟု ခေါ်ပါသည်။ အရေပြားပေါ်တွင် ဖြစ်တတ်သော အခြောက်အမျိုးအစား၊ အာခေါင်မျက်လုံးတွင် ဖြစ်တတ်သော အစိုအမျိုးအစားများ ဖြစ်ပြီး အခြောက်အမျိုးအစားကို Chikusan ဆေးဖြင့် သုတ်လိမ်ပေးက ပျောက်နိုင်ပြီး အစိုကမူ ကုသရခက်ခဲ ပါသည်။ ဗိုင်းရပ်စ်ဖြစ်၍ ကူးစက်မြန်ပါသည်။ Chikusan တိုက်ကျွေးခြင်း ဖြင့် ကိုယ်ခံအားမြှင့်ပေးရန် လိုအပ်ပါသည်။
၄။ ကြက်သန်ကောင်ရောဂါမှာ-
ခြံလှောင် မွေးသော ဥစား၊ အသားစားကြက်များတွင် အဖြစ်များသည်။ Ascaridia-galli ခေါ် သန်လုံးကောင်ကို ကြက်၏ အစာလမ်း တစ်လျှောက် အူလမ်းကြောင်း ပိတ်ဆို့ကုန် သည်အထိဖြစ်ပြီး သေကြေဆုံးရှုံးနိုင်သည်။ ကြက်၏ အူအတွင်းအရွယ်ရောက်ပြီး သန်ကောင်များ စွဲကပ်ပါက အစာချေဖျက်နိုင် စွမ်းကျပြီး ကြက်ထံမှ အာဟာရကို သန်ကောင်က ရယူစားသုံးခြင်းကြောင့် ကြက်ကြီးထွားနှုန်း နှေးခြင်း၊ ထုတ်လုပ်မှု ကျဆင်းခြင်း၊ ကိုယ်ခံစွမ်းအားကျခြင်းနှင့် သေဆုံးခြင်းဖြစ်နိုင်ပါသည်။
သို့ဖြစ်၍ အရွယ်ရောက်ပြီး ကြက်တစ်ကောင်ကို ဘောစကိုင်းရွက်အစိမ်း (၂) ဂရမ်(ဇီးသီးခန့်) တစ်ရက် လျှင် နှစ်ကြိမ်နှုန်း (၂)ရက် ဆက်တိုက် ကျွေးခြင်းဖြင့် သန်ချနိုင်သည်။ ဘောစကိုင်းရွက်၊ နာနတ်ရွက် တို့ အမှုန့် လုပ်၍ ကြက်စာတွင်ထည့်သွင်းခြင်း ဖြင့်လည်း ဆောင်ရွက်နိုင်သည်။
ဒေါက်တာရဲမြင့် (တိမွေးကု) crd