K's cottage

K's cottage We share comfort ☘️❤️
A place where warms your heart and soul.

အမှတ်တရ ကန်စွန်းချဉ်စပ် 🌿🌶️🧄ကန်စွန်းချဉ်စပ်လေးမှာ အမှတ်တရတချို့ ရှိနေလေရဲ့။ အမွှေးရနံ့တခုရတဲ့အခါ၊ သီချင်းလေးတပုဒ်ကြားလို...
14/03/2026

အမှတ်တရ ကန်စွန်းချဉ်စပ် 🌿🌶️🧄
ကန်စွန်းချဉ်စပ်လေးမှာ အမှတ်တရတချို့ ရှိနေလေရဲ့။ အမွှေးရနံ့တခုရတဲ့အခါ၊ သီချင်းလေးတပုဒ်ကြားလိုက်ရတဲ့အခါ အဲဒီရနံ့၊ အဲဒီသီချင်းနဲ့အတူ မှတ်ဉာဏ်ထဲမှာ တွဲသိမ်းထားခဲ့တဲ့ အချိန်ကာလ၊ အရုပ်၊ အသံ၊ အရွေ့၊ ခံစားချက်တွေ အကုန်လုံးပြန်ပေါ်လာတာမျိုး ကြုံဖူးကြမယ်ထင်ပါရဲ့။ ကိုယ့်အတွက် ဒီကန်စွန်းချဉ်စပ်လေးမှာ အဲလိုမှတ်ဉာဏ်အတွဲလေးတခု ရှိနေပါတယ်။

စင်ကာပူရကိုရောက်စဉ်က လွယ်ကူတာရော၊ ဘက်ဂျက်အရရော ကြက်ဆီထမင်း chicken rice တွေ အမြဲလိုစားဖြစ်ခဲ့တာပေါ့။ အစားဂျီးမများတတ်ပေမဲ့ မြန်မာပါးစပ်ဆိုတော့ မထိမမိလေးတော့ ဖြစ်တယ်လေ။ တရက်မှာတော့ အိမ်မှာလည်းပေးနေ၊ ထမင်းလည်းကျွေးထားတဲ့ အိမ်ရှင်သူငယ်ချင်းက သူ့မိသားစုနဲ့အတူ ညစာလိုက်ကျွေးပါတယ်။

ညစာမစားခင် ‌နေ့တပိုင်းလုံး Sustainable Singapore gallery, Marina Barrage အတူတူ လျှောက်လည်ကြ၊ စွန်လွှတ်တာတွေထိုင်ကြည့်၊ ဓါတ်ပုံတွေရိုက်ကြနဲ့ ပျော်ရွှင်ရီမော လူတွေလည်း ဖတ်ဖတ်ကိုမောလို့ပေါ့။ ညစာကို အရင်က ထိုင်းစုရပ် golden mile မှာသွားစားကြပါတယ်။ golden mile က မြန်မာစုရပ် peninsula လိုပဲ လူသံဆူညံ သက်ဝင်လှုပ်ရှားတဲ့နေရာပေါ့။ အရာရာ အတိအကျရွေ့လျားပြီး ကိုယ့်မြေနဲ့ယှဉ်ရင် မိုးနဲ့မြေလို တိုးတက်မှုကွာခြားတဲ့မြင်ကွင်းတွေကနေ ရုတ်တရက် အိမ်အနားက သွားနေကျဆိုင်လေးတခု ရောက်သွားသလိုခံစားချက်နဲ့ စိတ်ထဲနွေးသွားပါတယ်။

သူငယ်ချင်းတွေရော၊ သူ့မိဘတွေရောနဲ့ ပျော်ပျော်ရွှင်ရွှင် ရီမောစကားတွေပြော။ သူတို့ကျွေးတဲ့အစားအသောက်တွေကလည်း အလျှံအပယ်နဲ့ ကောင်းလည်းကောင်းလိုက်တာ။ ပေါ့ပေါ့ဆိမ့်ဆိမ့် အာမထိလျှာမထိတွေ စားနေရာကနေ ထိုင်းစာ ချဉ်ချဉ်စပ်စပ် ထိထိမိမိလေးတွေ စားလိုက်ရတဲ့ပျော်ရွှင်မှုက စိတ်ထဲမှာ core memory တခု ရသွားတဲ့အထိပါပဲ။

ဘာစားစား တော်တော်စားကောင်းတာ မှတ်မိနေတယ်။ ကိုယ့်ဝိုင်းကရော တခြားဝိုင်းတွေပါ စကားတွေ ဆူညံနေအောင်ပြောကြတာ၊ ပလာဇာတခုလုံး လှုပ်ရှားသက်ဝင်နေတာ မှတ်မိနေတယ်။ စားပွဲဝိုင်းကြီးအလယ်က တုန်ယမ်ဟင်းအိုးကြီး ပူပူ၊ အငွေ့တထောင်းထောင်းနဲ့ မွှေးနေတာ မှတ်မိနေတယ်။ ဒီထဲမှာ ထူးထူးခြားခြား အမှတ်မိဆုံးကတော့ ကန်စွန်းချဉ်စပ်လေးပါပဲ။

ကန်စွန်းရွက်ကြော်ကို အရည်လေးနဲ့၊ ချဉ်စပ်စပ်လေး စားလို့ကောင်းလိုက်တာဆိုတာ။ ကိုယ် အများကြီးစားဖြစ်ခဲ့တယ်။ ဒီလိုနဲ့ ရန်ကုန်ပြန်ရောက်တဲ့အခါ၊ အဲဒီနေ့ရက်တွေကို သတိရတဲ့အခါ အိမ်ကလူတွေကို ကန်စွန်းချဉ်စပ်လေး ချက်ကျွေးဖြစ်ပါတော့တယ်။ သူတို့ ဘယ်လိုချက်သလဲတော့ ကိုယ်လည်းဘယ်သိပါ့မလဲလေ။ ဒါပေမဲ့ ကိုယ့်ရဲ့လက်သုံးစကားအတိုင်း စားတတ်ရင် ချက်တတ်တယ် ဆိုသလိုပေါ့။

အရသာကိုခွဲခြမ်းစိတ်ဖြာပြီး ကိုယ့်စိတ်ထဲထင်မိသလို ချက်လိုက်တာပါပဲ။ အနီးစပ်ဆုံးတော့ တူပါတယ်။ ကန်စွန်းက မှိုကန်စွန်းကြော်တဲ့ အရိုးပွပွ ထိုင်ဝမ်ကန်စွန်းမျိုးမဟုတ်ဘူး။ ရွက်ချွန်း ကုန်းကန်စွန်းလေးတွေပါ။ ဘယ်လိုချက်လဲ ပြောပြမယ်လေ။

မန်ကျည်းသီးလေးစိမ်ထား၊
ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းများများလေးနဲ့ ပုစွန်ခြောက်ကောင်းကောင်းလေး ရောထောင်း။
ဆီပူတော့ ဆားနည်းနည်းထည့်၊
အထောင်းလေးထည့်၊
မျှင်ငပိလေး တတို့လောက်ထည့်၊
အရောင်တင်မှုန့်လေး အနည်းငယ်ထည့်၊
ကန်စွန်းထည့်ပြီး အစိမ်းမပျောက် နူးအောင်ကြော်
ချခါနီးတော့ မန်ကျည်းသီးရေဖျော်ပြီးထည့်
ကိုယ့်အကြိုက် ရေအနေအထားမှာ ချပေါ့။

မနေ့က ဈေးသွားတော့ ကုန်းကန်စွန်းလေးတွေ လတ်ဆတ်နေတာနဲ့ ဝယ်လာခဲ့တယ်။ ကုန်းကန်စွန်းလေးတွေကိုမြင်တဲ့အခါ ကန်စွန်းချဉ်စပ်လေးကို တန်းသတိရတယ်။ ဒါနဲ့ပဲ ဒီအတိုင်းကြော်လိုက်မယ့်အစား စီကာစဉ်ကာနဲ့ အလုပ်ရှုပ်ခံပြီး ချဉ်စပ်လေး ကြော်လိုက်မိပြန်ပါတယ်။

ကန်စွန်းချဉ်စပ်လေးစားရတဲ့အခါ စိတ်က ငယ်ရွယ်ချိန်တွေဆီ ပြန်ရောက်တယ်။ စင်ကာပူရကို ပြန်ရောက်တယ်။ မောမောနဲ့ပျော်ခဲ့ရတဲ့ နေ့ရက်တွေဆီပြန်ရောက်တယ်။ ရဲဘော်ရဲဘက်လို သူငယ်ချင်းတွေနဲ့ တဟီးဟီးရယ်လိုက်၊ စိတ်ညစ်လိုက်နဲ့ကိုပဲ ‌နွေးနွေးထွေးထွေးနေခဲ့ရတဲ့ သူငယ်ချင်းအိမ်ကို ပြန်ရောက်တယ်။ golden mile ကိုပြန်ရောက်တယ်။ Marina Barrage ကောင်းကင်ပေါ်ကစွန်တွေ၊ လမ်းမှာဝင်ဝယ်ခဲ့တဲ့ အရမ်းစားလို့ကောင်းတဲ့ old chang kee ကမုန့်တွေ၊ ဦးတို့ အန်တီတိုနဲ့ ဖောင်ဖွဲ့ခဲ့တဲ့စကားသံတွေ၊ လူသံဆူညံ‌တွေ၊ အငွေ့တထောင်းထောင်း တုန်ယမ်းအိုးကြီး၊ အိုးကြီးကိုမွှေလိုက်ရင် ပေါ်ပေါ်လာတဲ့ စပါးလင်နဲ့ ပဒဲကောဖတ်တွေ၊ ညောင်းညာနေတဲ့ခြေလက်တွေ၊ လေးလံနေတဲ့မျက်ခွံတွေနဲ့ကို ရင်ထဲကအူမြူးနေတာတွေ၊ နောက်ဆုံး ကန်စွန်းချဉ်စပ်အထိ။ ရုပ်ရှင်ပြကွက်လို အရုပ်တွေ၊ အသံတွေသာမက အနံ့တွေအထိ။

ဟင်းလေးတခွက်ဟာ ဆယ်စုနှစ်တခုစာ အချိန်ခရီးသွားနိုင်တယ်ဆို ယုံမလား။

Your inner child's friend ☘️ ❤️
Your relatable story
K's cottage







#ကျမလုပ်မိသမျှပြန်ပြောပြချင်တာလေးတွေ

04/03/2026

ခရီးမသွားရတာကြာလို့ အမျှော်ပြေလေးသွားခဲ့တဲ့ တွံတေး road trip လမ်းတနေရာပေါ့။ ဟိုင်းဝေးလမ်းပေါ် ကားလေးနဲ့ ပျင်းရိပျင်းတွဲသွားရတာကို ကျမသိပ်သဘောကျတာလေ။ ဒလကနေ တွံတေးဘက်ခြမ်း ဆိုင်းဘုတ်ကိုကျော်လိုက်တာနဲ့ ပိုစိမ်းစိုသွားသလို၊ ခရီးသွားတဲ့အငွေ့အသက် ပိုရသလိုမျိုး ချက်ချင်းခံစားလိုက်ရတယ်။ ဘာကြောင့်မှန်းမသိ၊ အလိုလို ခံစားရတာပါ။

ဒါက ဖေဖော်ဝါရီတုန်းက သွားထားတာပါနော်။ ကမ္ဘာကြီး အုန်းဒုန်းဂလုန်း မတိုင်ခင်၊ ဆီတောင် ဒလတံတားအဆင်းမှ ဝင်ထည့်ပြီးသွားတာ။ စုံတွေ မတွေ odd even တွေဖြစ်လာမယ် မို့ ထင်မထားမိဘူးပေါ့။ 🤌🏻😆
ခုတော့ မို့ bus စီးတော့မှာပါ။

Your inner child's friend ☘️❤️
Your relatable story
K's cottage





#ဒလတံတား
#တွံတေး
#ကျမလုပ်မိသမျှပြန်ပြောပြချင်တာလေးတွေ

🪻🌸‎ထာဝရတည်မြဲခြင်း Statice နဲ့ ဘဝနဲ့ထပ်တူယုံကြည်တဲ့ Freesia ပန်းလေးတွေ🌸🪻‎💞‎ကျမက ပန်းတွေကို ပုံမှန်ထက်ပိုချစ်တတ်တဲ့ Antho...
02/03/2026

🪻🌸‎ထာဝရတည်မြဲခြင်း Statice နဲ့ ဘဝနဲ့ထပ်တူယုံကြည်တဲ့ Freesia ပန်းလေးတွေ🌸🪻

💞‎ကျမက ပန်းတွေကို ပုံမှန်ထက်ပိုချစ်တတ်တဲ့ Anthophile တယောက်ပေါ့။ စိတ်ပင်ပန်းရင်လည်း ပန်းတွေဝယ်တယ်။ စိတ်ပျော်ရွှင်ရင်လည်း ပန်းတွေဝယ်တယ်။ သူတို့ရဲ့အလှ၊ ရနံ့နဲ့ သဘာဝက ကျမရဲ့ဟဒယဝတ္ထုကို သက်သာစေ၊ ချမ်းမြေ့စေတယ်။ ခမ်းခမ်းနားနားပြောကြစို့ဆို လောကဓံကို ပန်းတွေနဲ့ဖြတ်သန်းရင်ဆိုင်ပါတယ် ပေါ့။

🙏🏻‎ဒီနေ့ တပေါင်းလပြည့်နေ့ဆိုတော့ ဘုရားပန်းတွေဝေနေအောင်ထိုးချင်တာနဲ့ ပန်းလေးတွေအများကြီးဝယ်ဖြစ်တယ်။ အမြဲတမ်းကတော့ ဈေးထဲသွား၊ စိတ်ကြိုက်ကြည့်ပြီးမှဝယ်တတ်ပေမဲ့ ဒီတခါတော့ စိတ်ထဲဖြစ်နေတဲ့ခံစားချက်လေးကြောင့် ကလောကနေ ပန်းတွေမှာဖြစ်လိုက်တယ်။ ရှမ်းပြည်ကိုလွမ်းတဲ့စိတ်လေးဖြစ်နေလို့ ရှမ်းမြေက နွေကြိုပန်းလေးတွေကို အလွမ်းပြေခေါ်လိုက်တာပေါ့လေ။

💐‎အခုလို ဆောင်းအကုန်နွေအကူး စပ်ကူးမတ်ကူးမှာပဲရတဲ့ ရနံ့မွှေးပြီး ထူးခြားတဲ့ပန်းကလေး ရေမွှေးပန်း ခေါ် နှင်းပန်း‌ ခေါ် Freesia လေးနဲ့ ပန်းအတုလေးလို အရောင်စုံလင်လှပတဲ့ ပန်းခြောက် ခေါ် ပေါက်ပေါက်ပန်း ခေါ် sea lavender ခေါ် Statice ပန်းလေး ၂ မျိုး မှာဖြစ်ခဲ့ပါတယ်။ ဒီနေ့မှာပြီး နောက်တနေ့ နေ့ပိုင်းအစောမှာပဲ ကလောကနေ ရောက်လာတဲ့ပန်းလေးတွေက ကြည်နူးလွမ်းမောစရာပါပဲ။ ဪ ကလောကလာခဲ့ကြသလား အချစ်ကလေးတို့လို့ နှုတ်ဆက်ရင်း အလွမ်းတွေ ပြေသလား၊ ပိုတိုးလာသလား မသိတတ်နိုင်တော့ပါဘူး။

💮‎Freesia ပန်းလေးတွေကို ရေမွေးချစ်တတ်သူတွေဆိုရင် ရင်းနှီးကြမှာပါ။ အိမ်ထဲတအိုးထိုးထားရင် တအိမ်လုံး သင်းနေအောင်မွှေးနိုင်‌သူလေးတွေပေါ့။ သူ့ရနံ့က သိသာထူးခြားလွန်းတော့ တန်းမြင့်ရေမွှေးတွေမှာ heart note အဖြစ်သုံးလေ့ရှိပါတယ်။ ဒါပေမဲ့ သူ့ရဲ့သဘာဝအဆီအစစ်ကို ထုတ်ဖို့ရာတော့ ခက်ခဲတာကြောင့် ရနံ့အတူကိုပဲ တုပထုတ်ကြရတာပါတဲ့။ ဥပမာ Jo Malone London ရဲ့ English pear and freesia ဆို လူကြိုက်များတဲ့ရေမွှေးတခုပေါ့။

❤️‎သူလေးက တောင်အာဖရိကမျိုးရင်းဖြစ်ပြီး ၁၈၃၀ မှာ Christian P. Ecklon က သူ့ရဲ့ချစ်သူငယ်ချင်း German physician Friedrich Freese ရဲ့အမည်ကိုအစွဲပြုပြီး Freesia ဆိုတဲ့အမည်ကို ပေးခဲ့တာပါတဲ့။ သူငယ်ချင်းအချစ်ကလာတဲ့ ပန်းကလေးပေါ့။

💍‎သူ့ရဲ့ flower language ကတော့ trust, innocence, thoughtfulness ပါ။ ဒီအဓိပ္ပါယ်တွေကြောင့်မို့ သူ့ကို မင်္ဂလာပန်းစည်းတွေ၊ ကျေးဇူးတင်ပန်းစည်းတွေမှာ ထည့်လေ့ရှိပါသတဲ့။

🍀‎သူ့နဲ့ပတ်သတ်တဲ့ ယုံကြည်မှုကတော့ freesia ပန်းလေးကို အိမ်မှာထိုးထားမယ်ဆိုရင် မကောင်းတဲ့အဖျက်အမှောင့်ဝိညာဉ်တွေရဲ့အန္တရာယ်ကို ကာကွယ်ပေးပြီး ကံကောင်းခြင်းတွေကို သယ်ဆောင်လာပေးတယ်ဆိုတာပါ။ အထူးသဖြင့် ဘဝခရီးလမ်းအသစ်၊ စွန့်စားမှုအသစ် စတင်သူတွေအတွက်ပေါ့။

💑🏻‎Freesia လေးတွေနဲ့ပတ်သတ်တဲ့ mythology တွေ၊ folklore တွေထဲ ကျမသဘောအကျဆုံးကတော့ Victorian ခေတ်တုန်းကအသုံးလေးပါ။ ပန်းတွေကို လျှို့ဝှက်အမှာစကားအဖြစ် အသုံးပြုပြီး ပေးပို့လေ့ရှိကြတဲ့အခါ Freesia လေးတွေပေးတယ်ဆိုရင် အဓိပ္ပါယ်က

💞‎" I trust you with my life ." ပါတဲ့။ 💞

‎မလှလွန်းဘူးလားနော်။ ဘဝမှာ ကိုယ်ကနေ Freesia ပန်းလေးတွေ ပေးလို့ရမယ့်သူလည်းရှိချင်တယ်။ ကိုယ်က အပေးခံရသူလည်း ဖြစ်ချင်မိပါတယ်။

🪻‎လာဗန်ဒါပန်းတွေနဲ့ဆင်တူပြီး ကမ်းရိုးတန်းတွေမှာပွင့်လေ့ရှိတဲ့ Statice ပန်းလေးတွေကိုတော့ Sea lavender လို့ ခေါ်ကြပါတယ်။ ဒီမှာတော့ ပန်းခြောက်လို့ခေါ်တာများမယ်ထင်ရဲ့။ သူတို့လေးတွေက ရနံ့မပါပေမဲ့ အရောင်အသွေးစုံပြီး လှလိုက်သည်များဆိုတာ ရနံ့မပါတာ မေ့နိုင်လောက်တဲ့အထိပါပဲ။

🏵️‎သူလေးတို့ကတော့ ရုက္ခအခေါ်ဆို Limonium sinuatum လို့ခေါ်ပြီး Leadwort family ဝင်တွေလို့ စာဖတ်ရပါတယ်။ သူ့ရဲ့ Flower language ကတော့ remembrance and Sympathy ပါတဲ့။ ဘာလို့လဲဆိုတော့ ခူးဆွတ်ပြီး ခြောက်သွေ့သွားရင်တောင် အရောင်မပြယ် အလှမပျက် တည်တံ့နေလို့ပါတဲ့။ Everlasting bouquet တွေဖန်တီးတဲ့အခါ သူ မပါမဖြစ်ပေါ့။

⛵‎သူရဲ့ယုံတမ်းပုံပြင်မှာတော့ သူဟာ immortality and underworld ကို ကိုယ်စားပြုပါတယ်။ Folklore တွေမှာတော့ သူဟာ သင်္ဘောသားတွေကို အကာအကွယ်ပေးတဲ့စွမ်းအားရှိပါသတဲ့။ သင်္ဘောတစင်းပေါ်မှာ Statice ပန်းခြောက်လေးဆောင်ထားရင် သွားလမ်းသာ ပြန်လမ်းဖြောင့်လို့ ဘေးကင်းစွာပြန်ရောက်ဖို့ ကာကွယ်ကူညီပေးပါသတဲ့။ Statice လေးတွေဟာ ကုန်းမြေရဲ့ခိုင်မာတည်မြဲမှုနဲ့ ပင်လယ်ရဲ့ ခန့်မှန်းမရခြင်းကြား ပေါင်းကူးတံတားလေးအဖြစ် တည်ရှိပေးတာပါတဲ့။ မလှဘူးလားနော်။

💐‎သူတို့ကို နှစ်နဲ့ချီအလှမပျက်အောင် ထိန်းသိမ်းချင်ရင်လည်းရတယ်လို့ စာဖတ်လိုက်ရပါတယ်။ ပန်းအစိုကိုထိုးထားရင်း အရောင်အဆင်းမပြယ်ခင်မှာ ရေထဲကနေထုတ်၊ စိုရိနေတဲ့ အောက်ဖျားတွေကိုညှပ်ထုတ်ပြီး နေတိုက်ရိုက်မရတဲ့ အခန်းအမှောင်ရိပ်ထဲ တပတ်လောက် ဇောက်ထိုးဆွဲထားရင် ကိုယ့်အနား ထာဝရသိမ်းထားနိုင်ပါသတဲ့။ ဖုန်တက်ရင်တော့ hair dryer အအေးနဲ့မှုတ်ရပါသတဲ့။ တခါမှမလုပ်ဖူးပေမဲ့ ဒီတခါတော့ စမ်းကြည့်မယ်လို့ စိတ်ကူးထားတာပါပဲ။ လုပ်ဖြစ်ရင် ပြသေးတာပေါ့နော။

အခုတော့ ကျမတအိမ်လုံး ဘုရားခန်းကအစ၊ ကျမကော်ဖီသောက်တဲ့နေရာအလယ်၊ ကျမအိပ်ယာ‌ဘေးစာကြည့်စားပွဲအဆုံး အရောင်စုံလင်လှပပြီး ရနံ့တွေလည်း မွှေးနေရောပါပဲ။ ပန်းလေးတွေပေးတဲ့ပျော်ရွှင်မှုက ဘာနဲ့မှမတူဘူးဆိုတာ ပန်းချစ်သူချင်းတော့ နားလည်ကြမယ်ထင်ပါရဲ့။ သဘာဝထဲမသွားနိုင်သေးစဉ်အခိုက် သဘာဝကို ကိုယ့်အနားခေါ်ထားတဲ့သဘောပေါ့။

(ကျမ ပန်းမှာတာ kalaw organic farm ကပါ။ ဈေးတန်ပြီး ပန်းလည်း လတ်ဆတ်ပါတယ်။ ရန်ကုန်ကို တရက်တည်းနဲ့ရောက်လာတာ သဘောကျလွန်းလို့။) Kalaw Organic Farm

Your inner child's friend ☘️❤️
Your relatable story
K's cottage






#ကျမလုပ်မိသမျှပြန်ပြောပြချင်တာလေးတွေ

လူတွေကြားထဲ မပျော်ရွှင်တော့တဲ့အခါပန်းလေးတွေနဲ့ စကားသွားပြောပါ 🌺🌷🏵️🌸Your inner child's friend ☘️ ❤️ Your relatable story ...
28/02/2026

လူတွေကြားထဲ မပျော်ရွှင်တော့တဲ့အခါ
ပန်းလေးတွေနဲ့ စကားသွားပြောပါ 🌺🌷🏵️🌸

Your inner child's friend ☘️ ❤️
Your relatable story
K's cottage






#ကျမလုပ်မိသမျှပြန်ပြောပြချင်တာလေးတွေ

21/02/2026

မော်လမြိုင်ကိုလွမ်းစေတဲ့ ဒလတံတားအဆင်း
ဒလတံတားကနေ ကမ်းနားဘက်ကိုလည်း ပြန်ဆင်းရော ဪ ငါ့မြို့လေးကိုပြန်ရောက်ပြီလို့ ခံစားရသလို စိတ်ထဲ‌ ရုတ်တရက်ဝင်လာတာ မော်လမြိုင်ပဲ။ ကျမ အရမ်းသဘောကျတဲ့နေရာတွေထဲက တနေရာပေါ့။ အရင်က အမြဲသွားခဲ့သလောက် ခုတလော မရောက်ဖြစ်ပြန်တဲ့ ကမ်းနားမြို့အလှကလေး။

❤️နေရာတွေကိုသတိရတယ်ဆိုတာ တကယ်တော့ အဲဒီနေရာမှာရှိခဲ့ဖူးတဲ့အချိန်ရယ်၊ ကိုယ့်ရဲ့ငယ်ရွယ်နုပျိုမှုရယ်၊ အတူရှိခဲ့တဲ့လူတွေရယ်၊ သူတို့နဲ့အတူ ပျော်ခဲ့ဖူးတဲ့မှတ်ဉာဏ်တွေရယ်ကို သတိရခြင်းသာဖြစ်တယ်။
Your inner child's friend ☘️ ❤️
Your relatable story
K's cottage





#ဒလတံတား
#ကျမလုပ်မိသမျှပြန်ပြောပြချင်တာလေးတွေ

19/02/2026

ဝက်သားဆီပြန် တပိဿာချက်🍲
မောင်နှမမိသားစုတွေ gathering မို့ တပိဿာချက် ချက်လိုက်ရတယ်။ အားရပါးရကြီး။ ကိုယ်မစားသော်လည်းပေါ့။ ကိုယ်ကဘာလို့မစားလဲဆို မစားဖြစ်ရင်းက မစားမိတော့တာပဲ။ အာလူးနဲ့ရောချက်ရင် အာလူးဖတ်တော့ ယူစား‌သေးတဲ့ မစားချင်းမျိုး။ 🥴😆🤌🏼
ပျော်စရာကြီးပါကွယ်။

Your inner child's friend ☘️ ❤️
Your relatable story
K's cottage






#ကျမလုပ်မိသမျှပြန်ပြောပြချင်တာလေးတွေ

•°•°•°•°•°•   တံတား   •°•°•°•°•°🌉သူတပါးရဲ့အလျားလိုက်ဖြစ်တည်မှုကိုကန့်လန့်မတိုက်ချင်ဘဲတိုက်ခဲ့ရသူ။🛣️သူတပါးရဲ့တည်ငြိမ်ပြန့...
19/02/2026

•°•°•°•°•°• တံတား •°•°•°•°•°

🌉သူတပါးရဲ့အလျားလိုက်ဖြစ်တည်မှုကို
ကန့်လန့်မတိုက်ချင်ဘဲတိုက်ခဲ့ရသူ။

🛣️သူတပါးရဲ့တည်ငြိမ်ပြန့်ပြူးမှုအပေါ်
မနှောင့်ယှက်ချင်ဘဲ နှောင့်ယှက်ခဲ့ရသူ။

🌳ခက်ခဲမှုအတိမ်အနက်တွေအိပ်မက်ဖြစ်ကျန်ရစ်အောင်
သူတပါးကြမ်းပြင်မှာ ခြေစုံရပ်ရင်း
ကိုယ့်ကျောပေါ် နင်း၊ နင်းသွားကြတာကိုပဲကျေနပ်
ဘယ်သူ့ကိုမှ မငြိုငြင်ရက်ခဲ့သူ။

🏞️တနေရာတည်းမှာ တသက်တာရပ်တန့်
သူတပါးကမ်းနှစ်ဖက်ပေါ် မေးတင်
ကိုယ့်ကိုယ်ကိုယ် ရေပြင်ထဲမှာပဲငုံ့ကြည့်ရင်း
မေ့လျော့ခံရခြင်းနဲ့ နေသားတကျ
ဒါသည်ပင် ကိုယ့်ဘဝအဓိပ္ပါယ် ။ ။

သစ္စာမြတ်
Your inner child's friend ☘️ ❤️
Your relatable story
K's cottage




#ဒလတံတား



#ကျမလုပ်မိသမျှပြန်ပြောပြချင်တာလေးတွေ

18/02/2026

ဒလတံတားနဲ့ နီးနီးနားနား တွံတေး road trip 🌉🛣️

ဒလတံတားအသစ်ဖွင့်တော့ သူသူငါငါ စူးစမ်းလေ့လာချင်ကြတာပေါ့။ Hype လေး အသင့်အတင့်ငြိမ်လောက်ရှိပြီမို့ ကျမလည်း သွားကြည့်ခဲ့ပါတယ်။ ဒလဘက်က အရင်လည်းရောက်ဖူးတော့ နီးနီးနားနား ဘယ်ဆက်သွားရကောင်းမလဲ စဉ်းစားရင်း တွံတေးဘက် ဆက်သွားခဲ့မိတယ်။ ၄၅ မိနစ် ခန့်မှန်းလို့ Google maps ကပြောပေမဲ့ တကယ်က နာရီဝက်လောက်ပါပဲ။ ဒါတောင် တုတ်တုတ်လေးတွေစောင့်မောင်းရလို့ ဒီလောက်ကြာနေသေးတာ။

☸️တွံတေးမှာ ဘာလည်စရာရှိလဲဆို လမ်းမှာ ဗောင်းတော်ချုပ်နဲ့ မြို့ထဲမှာ ရွှေဆံတော်စေတီကြီးရှိတယ်။ တခြားလည်း ရှိပါဦးမယ်။ စီကာစဉ်ကာ သွားတဲ့ခရီးမဟုတ်တော့ ရွှေဆံတော်ပဲ အမြန်လေး ဖူးလိုက်တယ်။ ကျမအတွက်ကတော့ လမ်းဘေးဝဲယာ သစ်ပင်စိမ်းစိမ်းစိုစိုနဲ့ လယ်ကွင်းလေးတွေနဲ့ ခရီးသွားရသလို ခံစားချက်လေးရတာနဲ့တင် အဆင်ပြေနေပါပြီ။

🌾🌳ကျမအတွက် ခရီးတွေသွားတဲ့ရည်ရွယ်ချက်က ဘယ်ကိုရောက်တယ်ဆိုတာထက် အဲဒီကိုရောက်အောင်သွားနေတဲ့ခရီးလမ်းမှာ အတူသွားသူတွေနဲ့ ပျော်ရွှင်ရခြင်းဖြစ်ပါတယ်။ ရောက်ရတဲ့နေရာတွေကတော့ အပိုဆုဘောနပ်စ်ပါ။ တွံတေးမှာ အိုးတွေတွေ့ရင် ဝယ်မှာနော်လို့ ကြုံးဝါးသွားပြီး ဘာအိုးဆိုင်မှ မတွေ့လိုက်ရတာတော့ သိပ်မကျေနပ်ဘူးရယ်။ နောက်တခါမှ သေချာသွားဦးမယ်လေ။

Your inner child's friend ☘️ ❤️
Your relatable story
K's cottage





#ဒလတံတား
#ကျမလုပ်မိသမျှပြန်ပြောပြချင်တာလေးတွေ

Gong Xi Fa Cai 🧧 🏮 🐎 ၂၀၂၆ မီးမြင်းနှစ်ရဲ့ Vibe နဲ့ Physical Aesthetic က  "ပေါက်ကွဲထွက်လာမယ့် စွမ်းအင်" မျိုး ဖြစ်ပါတယ်တဲ...
17/02/2026

Gong Xi Fa Cai 🧧 🏮 🐎
၂၀၂၆ မီးမြင်းနှစ်ရဲ့ Vibe နဲ့ Physical Aesthetic က "ပေါက်ကွဲထွက်လာမယ့် စွမ်းအင်" မျိုး ဖြစ်ပါတယ်တဲ့။

🐎​Psychological Vibe (စိတ်ခံစားချက်ပိုင်း)

🎬​အရမ်းတက်ကြွပြီး စိတ်မရှည်ခြင်း။ ။ လူတွေဟာ တစ်ခုခုကို အကြာကြီး စောင့်ရတာထက် ချက်ချင်းဖြစ်၊ ချက်ချင်းလုပ်ချင်တဲ့ စိတ်တွေ ပိုများနေပါလိမ့်မယ်။ အားတက်သရော ရှိနေသလိုမျိုး ခံစားရတတ်ပါတယ်။

⛓️‍💥​လွတ်လပ်မှုကို ဆာလောင်ခြင်း။ ။ "မြင်း" ရဲ့ သဘာဝအတိုင်း ထိန်းချုပ်ခံရတာကို မုန်းတီးပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ချင်တဲ့စိတ်၊ စွန့်စားချင်တဲ့စိတ်တွေ အားကောင်းနေပါလိမ့်မယ်။

🤯​စိတ်လိုက်မာန်ပါ ဖြစ်လွယ်ခြင်း။ ။ မီးဓာတ် (Fire) ကြောင့် စိတ်ခံစားချက်တွေက ပြင်းထန်နေတတ်ပြီး ခဏအတွင်းမှာတင် အရမ်းပျော်တာ ဒါမှမဟုတ် ဒေါသထွက်တာမျိုးတွေ ခံစားရလွယ်တဲ့ နှစ်မျိုး ဖြစ်ပါတယ်။

❤️​Physical & Global Aesthetic (ရုပ်ပိုင်းဆိုင်ရာ အလှတရား)

​ကမ္ဘာကြီးမှာ ဒီနှစ်အတွင်း အားကောင်းလာမယ့် အလှတရားတွေကတော့-

🏮​Cyber-Traditional / Neo-Red
ရှေးရိုးရာ အနီရောင်တွေကို ခေတ်မီတဲ့ Neon မီးရောင်တွေ၊ Digital Art တွေနဲ့ ပေါင်းစပ်ထားတဲ့ High-energy visual တွေ အားကောင်းပါလိမ့်မယ်။

🎏​Fluidity & Motion
အဝတ်အစားဖြစ်စေ၊ ဒီဇိုင်းဖြစ်စေ ငြိမ်သက်နေတာမျိုးမဟုတ်ဘဲ လေထဲမှာ လွင့်နေတဲ့ ပိုးသားတွေ၊ ပြေးလွှားနေတဲ့ ပုံရိပ်တွေလိုမျိုး Motion (လှုပ်ရှားမှု) ကို အဓိကဖော်ပြတဲ့ အလှတရားတွေက Trend ဖြစ်လာပါလိမ့်မယ်။

🪙​Industrial Gold & Metallic
မီးမြင်းနှစ်ရဲ့ အရှိန်အဝါကို ဖော်ပြဖို့အတွက် တောက်ပတဲ့ ရွှေရောင်ထက်စာရင် အနည်းငယ် ပိုလေးလံပြီး ခိုင်ခံ့တဲ့ Metallic finish တွေ၊ ပြောင်လက်နေတဲ့ သတ္တုမျက်နှာပြင်တွေက ဗိသုကာနဲ့ ဖက်ရှင်မှာ အားကောင်းပါလိမ့်မယ်။

💐​Maximalism
"နည်းလေ ကောင်းလေ" (Minimalism) ထက်စာရင် အရာအားလုံးကို တောက်ပ၊ ပြည့်စုံပြီး ခမ်းနားအောင် ပြင်ဆင်တဲ့ Maximalism ဘက်ကို ပိုပြီး အားသာသွားပါလိမ့်မယ်။

​အတိုချုပ်ပြောရရင် ၂၀၂၆ ဟာ "ရဲရင့်ခြင်း၊ တောက်ပခြင်းနဲ့ အဟုန်ပြင်းခြင်း" တွေ စုစည်းနေမယ့် Aesthetic မျိုး ဖြစ်ပါတယ်။

Lunar new year 2026, year of Fire Horse အတွက် အဟောမျိုးစုံရှိပေမဲ့ ကျမက အလှကြိုက်သူမို့ Aesthetic and Vibes အဟောလေးကို ယူလာခဲ့ပါတယ်။ Five elements အခြေခံပေါ့။

ပုံလေးတွေကတော့ ဒီနေ့ Lunar new year နှစ်ဆန်းတရက်နေ့ ကျမသွားခဲ့တဲ့နေရာလေးပါ။

ကျန်းမာပျော်ရွှင်ဘေးကင်းကြပါစေပေါ့
Your inner child's friend ☘️❤️
Your relatable story
K's cottage






#ကျမလုပ်မိသမျှပြန်ပြောပြချင်တာလေးတွေ

13/02/2026

လွယ်မြန်စားကောင်း ကြက်ဥဆီပြန် 🍳👨🏻‍🍳
ကျမက ချက်နည်းပြုတ်နည်းတွေ share နေတာမဟုတ်ပါဘူး။ ဘာပညာရစရာမှလည်း မပါဘူး။ ကိုယ်လုပ်လေ့ရှိတဲ့ လွယ်လွယ်ကူကူ ဟင်းဖြစ်ပြီး စားကောင်းတဲ့အပျင်းကြီးချက်နည်းတွေ ဒီတိုင်း မှတ်တမ်းယူထားတာပါ။ 🤭🤌🏼🤣
အထင်မသေးနဲ့၊ စားလို့ကောင်းမှကောင်း
မြန်မာဟင်းအများစုက ဆီသတ်တတ်ရင် စားဖြစ်ပါရဲ့။
Your inner child's friend ☘️❤️
Your relatable story
K's cottage






#ကြက်ဥ
#ကျမလုပ်မိသမျှပြန်ပြောပြချင်တာလေးတွေ

Address

My Cottage
Yangon

Website

Alerts

Be the first to know and let us send you an email when K's cottage posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share