14/03/2026
အမှတ်တရ ကန်စွန်းချဉ်စပ် 🌿🌶️🧄
ကန်စွန်းချဉ်စပ်လေးမှာ အမှတ်တရတချို့ ရှိနေလေရဲ့။ အမွှေးရနံ့တခုရတဲ့အခါ၊ သီချင်းလေးတပုဒ်ကြားလိုက်ရတဲ့အခါ အဲဒီရနံ့၊ အဲဒီသီချင်းနဲ့အတူ မှတ်ဉာဏ်ထဲမှာ တွဲသိမ်းထားခဲ့တဲ့ အချိန်ကာလ၊ အရုပ်၊ အသံ၊ အရွေ့၊ ခံစားချက်တွေ အကုန်လုံးပြန်ပေါ်လာတာမျိုး ကြုံဖူးကြမယ်ထင်ပါရဲ့။ ကိုယ့်အတွက် ဒီကန်စွန်းချဉ်စပ်လေးမှာ အဲလိုမှတ်ဉာဏ်အတွဲလေးတခု ရှိနေပါတယ်။
စင်ကာပူရကိုရောက်စဉ်က လွယ်ကူတာရော၊ ဘက်ဂျက်အရရော ကြက်ဆီထမင်း chicken rice တွေ အမြဲလိုစားဖြစ်ခဲ့တာပေါ့။ အစားဂျီးမများတတ်ပေမဲ့ မြန်မာပါးစပ်ဆိုတော့ မထိမမိလေးတော့ ဖြစ်တယ်လေ။ တရက်မှာတော့ အိမ်မှာလည်းပေးနေ၊ ထမင်းလည်းကျွေးထားတဲ့ အိမ်ရှင်သူငယ်ချင်းက သူ့မိသားစုနဲ့အတူ ညစာလိုက်ကျွေးပါတယ်။
ညစာမစားခင် နေ့တပိုင်းလုံး Sustainable Singapore gallery, Marina Barrage အတူတူ လျှောက်လည်ကြ၊ စွန်လွှတ်တာတွေထိုင်ကြည့်၊ ဓါတ်ပုံတွေရိုက်ကြနဲ့ ပျော်ရွှင်ရီမော လူတွေလည်း ဖတ်ဖတ်ကိုမောလို့ပေါ့။ ညစာကို အရင်က ထိုင်းစုရပ် golden mile မှာသွားစားကြပါတယ်။ golden mile က မြန်မာစုရပ် peninsula လိုပဲ လူသံဆူညံ သက်ဝင်လှုပ်ရှားတဲ့နေရာပေါ့။ အရာရာ အတိအကျရွေ့လျားပြီး ကိုယ့်မြေနဲ့ယှဉ်ရင် မိုးနဲ့မြေလို တိုးတက်မှုကွာခြားတဲ့မြင်ကွင်းတွေကနေ ရုတ်တရက် အိမ်အနားက သွားနေကျဆိုင်လေးတခု ရောက်သွားသလိုခံစားချက်နဲ့ စိတ်ထဲနွေးသွားပါတယ်။
သူငယ်ချင်းတွေရော၊ သူ့မိဘတွေရောနဲ့ ပျော်ပျော်ရွှင်ရွှင် ရီမောစကားတွေပြော။ သူတို့ကျွေးတဲ့အစားအသောက်တွေကလည်း အလျှံအပယ်နဲ့ ကောင်းလည်းကောင်းလိုက်တာ။ ပေါ့ပေါ့ဆိမ့်ဆိမ့် အာမထိလျှာမထိတွေ စားနေရာကနေ ထိုင်းစာ ချဉ်ချဉ်စပ်စပ် ထိထိမိမိလေးတွေ စားလိုက်ရတဲ့ပျော်ရွှင်မှုက စိတ်ထဲမှာ core memory တခု ရသွားတဲ့အထိပါပဲ။
ဘာစားစား တော်တော်စားကောင်းတာ မှတ်မိနေတယ်။ ကိုယ့်ဝိုင်းကရော တခြားဝိုင်းတွေပါ စကားတွေ ဆူညံနေအောင်ပြောကြတာ၊ ပလာဇာတခုလုံး လှုပ်ရှားသက်ဝင်နေတာ မှတ်မိနေတယ်။ စားပွဲဝိုင်းကြီးအလယ်က တုန်ယမ်ဟင်းအိုးကြီး ပူပူ၊ အငွေ့တထောင်းထောင်းနဲ့ မွှေးနေတာ မှတ်မိနေတယ်။ ဒီထဲမှာ ထူးထူးခြားခြား အမှတ်မိဆုံးကတော့ ကန်စွန်းချဉ်စပ်လေးပါပဲ။
ကန်စွန်းရွက်ကြော်ကို အရည်လေးနဲ့၊ ချဉ်စပ်စပ်လေး စားလို့ကောင်းလိုက်တာဆိုတာ။ ကိုယ် အများကြီးစားဖြစ်ခဲ့တယ်။ ဒီလိုနဲ့ ရန်ကုန်ပြန်ရောက်တဲ့အခါ၊ အဲဒီနေ့ရက်တွေကို သတိရတဲ့အခါ အိမ်ကလူတွေကို ကန်စွန်းချဉ်စပ်လေး ချက်ကျွေးဖြစ်ပါတော့တယ်။ သူတို့ ဘယ်လိုချက်သလဲတော့ ကိုယ်လည်းဘယ်သိပါ့မလဲလေ။ ဒါပေမဲ့ ကိုယ့်ရဲ့လက်သုံးစကားအတိုင်း စားတတ်ရင် ချက်တတ်တယ် ဆိုသလိုပေါ့။
အရသာကိုခွဲခြမ်းစိတ်ဖြာပြီး ကိုယ့်စိတ်ထဲထင်မိသလို ချက်လိုက်တာပါပဲ။ အနီးစပ်ဆုံးတော့ တူပါတယ်။ ကန်စွန်းက မှိုကန်စွန်းကြော်တဲ့ အရိုးပွပွ ထိုင်ဝမ်ကန်စွန်းမျိုးမဟုတ်ဘူး။ ရွက်ချွန်း ကုန်းကန်စွန်းလေးတွေပါ။ ဘယ်လိုချက်လဲ ပြောပြမယ်လေ။
မန်ကျည်းသီးလေးစိမ်ထား၊
ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းများများလေးနဲ့ ပုစွန်ခြောက်ကောင်းကောင်းလေး ရောထောင်း။
ဆီပူတော့ ဆားနည်းနည်းထည့်၊
အထောင်းလေးထည့်၊
မျှင်ငပိလေး တတို့လောက်ထည့်၊
အရောင်တင်မှုန့်လေး အနည်းငယ်ထည့်၊
ကန်စွန်းထည့်ပြီး အစိမ်းမပျောက် နူးအောင်ကြော်
ချခါနီးတော့ မန်ကျည်းသီးရေဖျော်ပြီးထည့်
ကိုယ့်အကြိုက် ရေအနေအထားမှာ ချပေါ့။
မနေ့က ဈေးသွားတော့ ကုန်းကန်စွန်းလေးတွေ လတ်ဆတ်နေတာနဲ့ ဝယ်လာခဲ့တယ်။ ကုန်းကန်စွန်းလေးတွေကိုမြင်တဲ့အခါ ကန်စွန်းချဉ်စပ်လေးကို တန်းသတိရတယ်။ ဒါနဲ့ပဲ ဒီအတိုင်းကြော်လိုက်မယ့်အစား စီကာစဉ်ကာနဲ့ အလုပ်ရှုပ်ခံပြီး ချဉ်စပ်လေး ကြော်လိုက်မိပြန်ပါတယ်။
ကန်စွန်းချဉ်စပ်လေးစားရတဲ့အခါ စိတ်က ငယ်ရွယ်ချိန်တွေဆီ ပြန်ရောက်တယ်။ စင်ကာပူရကို ပြန်ရောက်တယ်။ မောမောနဲ့ပျော်ခဲ့ရတဲ့ နေ့ရက်တွေဆီပြန်ရောက်တယ်။ ရဲဘော်ရဲဘက်လို သူငယ်ချင်းတွေနဲ့ တဟီးဟီးရယ်လိုက်၊ စိတ်ညစ်လိုက်နဲ့ကိုပဲ နွေးနွေးထွေးထွေးနေခဲ့ရတဲ့ သူငယ်ချင်းအိမ်ကို ပြန်ရောက်တယ်။ golden mile ကိုပြန်ရောက်တယ်။ Marina Barrage ကောင်းကင်ပေါ်ကစွန်တွေ၊ လမ်းမှာဝင်ဝယ်ခဲ့တဲ့ အရမ်းစားလို့ကောင်းတဲ့ old chang kee ကမုန့်တွေ၊ ဦးတို့ အန်တီတိုနဲ့ ဖောင်ဖွဲ့ခဲ့တဲ့စကားသံတွေ၊ လူသံဆူညံတွေ၊ အငွေ့တထောင်းထောင်း တုန်ယမ်းအိုးကြီး၊ အိုးကြီးကိုမွှေလိုက်ရင် ပေါ်ပေါ်လာတဲ့ စပါးလင်နဲ့ ပဒဲကောဖတ်တွေ၊ ညောင်းညာနေတဲ့ခြေလက်တွေ၊ လေးလံနေတဲ့မျက်ခွံတွေနဲ့ကို ရင်ထဲကအူမြူးနေတာတွေ၊ နောက်ဆုံး ကန်စွန်းချဉ်စပ်အထိ။ ရုပ်ရှင်ပြကွက်လို အရုပ်တွေ၊ အသံတွေသာမက အနံ့တွေအထိ။
ဟင်းလေးတခွက်ဟာ ဆယ်စုနှစ်တခုစာ အချိန်ခရီးသွားနိုင်တယ်ဆို ယုံမလား။
Your inner child's friend ☘️ ❤️
Your relatable story
K's cottage
#ကျမလုပ်မိသမျှပြန်ပြောပြချင်တာလေးတွေ