20/07/2026
ဆန္ဒနဲ့ လက်တွေ့ဟူသည်
အခန်း ၇
" ဟေ့ရောင် ငထွန်း။ ထ ထ။ "
အိပ်ကောင်းနေစဉ် ခန္ဓာကိုယ်ကို ကိုင်လှုပ် နိုးလိုက်သောကြောင့် ထွန်းမြတ်ကျော် လန့်နိုးလာသည်။ မျက်လုံးကို ဖွင့်ကြည့်သည်။ မိမိဘေးတွင် ထိုင်နေသည့် ပိုင်ချမ်းငြိမ်းကို တွေ့ရသည်။ ထွန်းမြတ်ကျော်နှင့် ပိုင်ချမ်းငြိမ်းသည် ကြီးညွန့်အိမ်တွင် တအိပ်ယာထဲ အတူအိပ်ကြသည်။
" ဘာလဲ ငပိုင်ရာ။ အိပ်ကောင်းတုန်းကွ။ မိုးလင်းပြီလား။ "
" မိုးတော့ မလင်းသေးဘူးကွ။ ဒါပေမယ့် ထတော့ကွာ။ "
" ဟင် ဘယ်လိုကြီးတုန်း။ ငါ အိပ်ချင်တုန်းကွာ။ မထသေးဘူး။ မင်းဘာသာ ထချင် ထနေ။ "
ပြောပြီး မျက်လုံးကို ပြန်မှိတ်လိုက်သည်။
" ထတော့ကွာ။ ငါ အိပ်မရလို့ပါ။ "
" ငပိုင်ရာ။ ကြီးညွန့်တို့ကို ဝိုင်းကူရမယ့် လယ်တော အလုပ်ကလည်း မိုးလင်းမှ စားပြီးသောက်ပြီးမှ သွားလည်း ရတယ်တဲ့။ ခုက စောသေးတယ် မဟုတ်လား။ ပြန်အိပ်ပါကွာ။ "
" အေး။ စောတာပေါ့။ ခုမှ ၁၂နာရီ ရှိသေး။ "
" ဘာ။ ဆယ့် နှစ်နာရီ ဟုတ်လား။ "
ထွန်းမြတ်ကျော်သည် ပြောရင်း အိပ်ယာမှ ထထိုင်မိသည်။
" ခုမှ သန်းခေါင်ရှိသေး။ မင်းက ဘာလို့ ငါ့ကို နိုးရတာလဲ။ "
စိတ်လည်း တိုမိသည်။ မိမိက အိပ်ကောင်းနေတာ။
" ငါ ခွေးအူသံတွေ ကြောက်လို့။ "
မျက်နှာငယ်လေးနဲ့ ပြောသောပိုင်ချမ်းငြိမ်းကို ထွန်းမြတ်ကျော်သည် ဒေါသထွက်ချင်ပေမယ့် မထွက်ရက်။ အိပ်ယာမှ ထထိုင်ကာ
" ခွေးအူတာ ဘာဖြစ်လဲကွာ။ မင်းကို သရဲခြောက်လို့လား "
" ဟင် သရဲ ရှိတာလား။ "
" ဟာကွာ။ ငါပြောမှ ပိုဆိုးရော။ သရဲက မရှိလောက်ပါဘူး။ ကြီးညွန့်တို့လို မိန်းမသားတွေတောင် အေးအေးဆေးဆေး အိပ်နေကြတာကွ။ သရဲခြောက်ရင် ငါ့ကို ပြောထားမှာပေါ့။ သူတို့လည်း ကြောက်မှာပေါ့။ မနေ့ကတောင် မင်း ဒီမှာ အိပ်ပြီးပြီလေ။ သရဲခြောက်လို့လား။ "
" မနေ့က ခရီးပန်းလာလို့ အိပ်ပျော်သွားတာ။ တချိုးတည်းပဲ။ ခွေးအူသံလည်း မကြားမိဘူး။ မနက်မှ နိုးတာ။ ခုက ခွေးက ခဏခဏ အူနေတာကွာ။ မင်း မကြားဘူးလား။"
ထွန်းမြတ်ကျော်သည် ပတ်ဝန်းကျင်က အသံများကို နားထောင်လိုက်သည်။ခွေးက အူနေတာမဟုတ် ဟောင်နေခြင်း ဖြစ်သည်။
" ဟေ့ရောင်။ ခွေးအူနေတာမဟုတ်ဘူး။ ဟောင်နေတာကွ။ ထကြည့်ရအောင်။ သူခိုးကပ်တာလား မသိဘူး။ "
ပြောပြောဆိုဆို ထွန်းမြတ်ကျေည်က ထကာ ဓါတ်မီးရှာသည်။ ဓါတ်မီးထွန်းပြီး အခန်းမှ အောက်သို့ဆင်းရန် လှေကားပေါ် တက်သည်။
" သတိနဲ့ ဆင်းဦး။ ငါတို့အိမ် ကပ်တာလား မသိဘူး ။ "
" မင်းရော လိုက်ခဲ့။ လာ။ "
နှစ်ယောက်သား ခြေဖွ၍ အိမ်အောက်ထပ်သို့ ဆင်းခဲ့ကြသည်။
အိမ်အောက်ထပ်တွင် ချည်ထားသော နွားများ ရှိသည်။ စပါးပုပ်များ ရှိသည်။ တောင်ယာပစ္စည်းများ ရှိသည်။ နှစ်ယောက်သား ဟိုသည် ကြည့်သည်။ ကြီးညွန့်တို့အိမ်ထဲတွင် ဘာသံသယဖြစ်စရာမှ မတွေ့ရပေ။
" ခွေးက ဟောင်တုန်း။ သူခိုးကပ်တယ်ဆိုရင် ကြီးညွန့်တို့အိမ်တော့ မဟုတ်နိုင်ဘူး။ လမ်းဘက် ထွက်ကြည့်ရအောင်။ လာ လာ။ "
ထွန်းမြတ်ကျော်သည် အကြောက်တရားနည်းသူပီပီ ဓါတ်မီးကို မှိတ်ကာ မပီဝိုးတဝါးလရောင်ကို အားပြု၍ ဝန်းထရံနားကပ်သည်။ လမ်းဘက်ကို အရိပ်အခြေ ကြည့်သည်။
" ငပိုင် အိမ်သော့သွားယူကွာ။ အပြင်ထွက်ကြည့်ရအောင်။ ခွေးက ဟောင်လွန်းအားကြီးတယ်။ "
ထွန်းမြတ်ကျော်သည် ရွာလမ်း အရှေ့အနောက်ကို ကြည့်သည်။ ကြီးညွန့်တို့ အိမ် သုံးလေးအိမ်ခြာက အိမ်ကို ရွာခွေးများက တဝုတ်ဝုတ် ထိုးဟောင်နေသည်။
" အေး အိမ်သော့က အိမ်အောက်က တိုင်မှာ ကြီးညွန့်ချိတ်ထားတာ ငါသတိရပြီ။ ငါ သွားယူလိုက်မယ်။ ခဏစောင့်။ "
ပိုင်ချမ်းငြိမ်းက သော့သွားယူ ပေးသည်။ သော့ယူကာ ပြန်လာပြီး သရဲကြောက်သောသူက သော့ကိုဖွင့်သည်။ သော့ဖွင့်ပြီး ပိုင်ချမ်းငြိမ်းက
" ငါတို့ သွားကြည့်ရအောင်။ ဒီလောက် ဟောင်နေမှတော့ သူခိုးပဲနေမှာ။ "
ထွန်းမြတ်ကျော်ကလည်း
" သူခိုးဖြစ်ဖြစ် သရဲဖြစ်ဖြစ် သွားကြည့်ရအောင်။ "
တခါးကို အသာဖွင့်က အပြင်ထွက်မလို့ လုပ်စဉ်
" ဟဲ့ ငထွန်းတို့ ငပိုင်တို့လား။ ဘာလုပ်ကြမလို့လဲ။ "
နောက်မှ ကြီးညွန့်အသံကြောင့် ထွန်းမြတ်ကျော်နှင့် ပိုင်ချမ်းငြိမ်းက လှည့်ကြည့်ပြီး ထွန်းမြတ်ကျော်က
" ကြီးညွန့်တို့လည်း နိုးလာတာလား။ ကျွန်တော်တို့က ခွေးဟောင်လွန်းလို့ ထကြည့်တာပါ။ "
" ဟုတ်တယ်။ ခွေးက တအားဟောင်လွန်းတယ်။ ခါတိုင်း အဲ့လို ဟောင်သံမကြားရပါဘူး။ ငါတူတို့ သွားကြည့်လိုက်ဦး။ ကြီးညွန့်တို့ကတော့ အိမ်မှာ နေခဲ့မယ်။ နေပါဦး မှန်းစမ်း။ အဲ့ဒါ ယွန်းတို့ အိမ်ဘက်ပဲ "
" ဗျာ အဲ့ဒါ ယွန်းတို့အိမ်ဘက်လား။ ဟေ့ရောင် မြန်မြန်ဖွင့်။ မြန်မြန်သွားရအောင်။ "
ပိုင်ချမ်းငြိမ်းသည် ယွန်းတို့အိမ်ဘက်ဆိုသည့် အသံကြောင့် ပျာယာခတ်နေပြီ။
" သရဲဆို ဘယ်နှယ့်လုပ်မလဲ။ မင်း သွားရဲလို့လား။"
ပျာယာခတ်နေသည့် သူငယ်ချင်းကို မြင်ပြင်းကတ်မိသည်။
" ယွန်းတို့အိမ်ဆိုရင် သရဲမကလို့ ဘီလူးဆိုရင်လည်း သွားမှာပဲကွ။ လာ လာ ငါ အရင် သွားပြီ။ "
ပိုင်ချမ်းငြိမ်းသည် တံခါးကို ဖွင့်ကာ ယွန်းတို့အိမ်ဘက် သွားသည်။ ထွန်းမြတ်ကျော်က ဓါတ်မီးကို မဖွင့်ဘဲ နောက်မှ လိုက်သည်။ ရွာလမ်းကလေးသည် မပီ ဝိုးတဝါး လရောင်အောက်တွင် မှောင်မည်းမနေဘဲ မလင်းတလင်း ဝိုးတဝါး ရှိနေသည်။
ခွေးများ ထိုးဟောင်နေသည့် အိမ်ထဲမှ လူတယောက်သည် အထုပ်တထုပ်ကို ဆွဲကာ အပြင်သို့ ပြေးထွက်လာသည်။
" ဝုန်း "
" အင့် "
အိမ်ထဲမှ ပြေးထွက်လာသော ထိုသူသည် လမ်းပေါ်မှ ထိုအိမ်ဘက်သို့ လာနေသော ပိုင်ချမ်းငြိမ်းအား ဝင်တိုက်သည်။ နှစ်ယောက်သား ဝင်တိုက်ပြီး ယိုင်သွားကြသည်။ ထိုစဉ် ထွန်းမြတ်ကျော်သည် ဘာမှ မတွေးတော့လဲ ထိုသူအား တွန်းလှဲလိုက်ပြီး အပေါ်က ဖိထားလိုက်သည်။ ပါးစပ်မှလည်း " သူခိုး ဗျို့။ သူခိုး။" ဟု ခပ်ကျယ်ကျယ် အော်ဟစ်လိုက်သည်။
ပိုင်ချမ်းငြိမ်းကလည်း ဝိုင်း ဖိပေးထားသည်။
ရွာထဲရှိ အိမ်များထဲမှ မီးများ လင်းလာသည်။ တံခါးဖွင့်ကာ ထွန်းမြတ်ကျော်နှင့် ပိုင်ချမ်းငြိမ်းတို့အနား လာကြသည်။ အခိုးခံရသည်ဟု ထင်ရသော အိမ်ထဲမှ ယွန်းသက်လျာနှင့် သူ့မိခင်တို့ ထွက်လာကြသည်။ ယွန်းသက်လျာက ဝန်းတံခါးသော့ကို ဖွင့်ကာ သူ့မ၏ မိခင်အား တွဲ၍ အပြင်သို့ ထွက်လာပြီး
" မေမေ သတိထားနော်။ ဖြည်းဖြည်း။ "
" အေးပါကွယ်။ ဒါနဲ့ သူခိုးက မိပြီလားကွယ့်။ "
သူမတို့သည် ဖမ်းမိထားသော သူအနား လျှောက်လာကြသည်။
ပိုင်ချမ်းငြိမ်းက
"ဒီမှာ သူခိုးကို ဖမ်းမိထားပါတယ် ခင်ဗျာ။ ကျွန်တော်တို့က ဒီရွာက မဟုတ်တော့ သူခိုးက ဘယ်သူဘယ်ဝါလဲ ဆိုတာ မသိပါဘူး။ အန်တီတို့ ဦးတို့ကပဲ ဘယ်သူလဲ ကြည့်ပေးပါ ခင်ဗျာ။ "
ရွာသူ ရွာသားများက အနားကပ်ကြည့်ကြသည်။ သူတို့မျက်နှာတွင် အံ့ဩဟန်ဖြင့် တယောက်တပေါက်
" ဟာ မောင်ထူးဆန်းပါလား။ "
" ငထူးကြီးပါလား။ ဒီကောင် ညကြီးမင်းကြီး ဘာလုပ်တာလဲ "
" ငထူးရာ တလန့်တကြား။ ညဘက်ကြီး ဘာထ လုပ်တာလဲ။ "
ယွန်းသက်လျာ၏ မိခင်က မောင်ထူးဆန်းဆိုသည့် အသံကြောင့် ရှေ့တိုးကာ
" သားလား ။ သားထူးဆန်းလား "
ဆိုပြီး အဖမ်းခံရသူအနား ကပ်ကြည့်သည်။
ယွန်းသက်လျာကလည်း
" ငထူးလား။ နင် ညဘက်ကြီး ဘာထလုပ်တာလဲ ။ "
မောင်ထူးဆန်းဆိုသည့်သူကလည်း အဖမ်းခံထားရသည်ကို ရုန်းကာ လဲနေရာမှ ထသည်။ ရွာသူရွာသားများ၏ အသိဖြစ်သောကြောင့် ကျွန်တော်နှင့် ငပိုင်က ထိုသူအား လွှတ်ပေးလိုက်သည်။ မောင်ထူးဆန်းက
" မေမေ။ သားက ဖေဖေ ဒီမှာ ရှိလားလို့ ကြည့်တာပါ။ အိမ်ထဲ လှည့်ပတ် ကြည့်ပြီးပြီ။ ဖေဖေ မရှိလို့ ဖေ့ဖေ့အဝတ်တွေ ယူပြီး ဖေ့ဖေ့နောက် လိုက်မလို့ပါ။ "
မောင်ထူးဆန်းက သူယူလာသည့် အထုပ်ကို ပြသည်။
" သားရယ်။ သားဖေဖေက မြို့မှာကိစ္စရှိလို့ သွားရတာလေ။ သားက ဘာလို့ လိုက်ချင်ရတာလဲ။ နောက်ပြီး သားဖေဖေက သားကို အရှေ့အိမ်မှာ ထားတာ မဟုတ်လား "
" ဟုတ်တယ်။ သား အရှေ့အိမ်မှာ မပျော်လို့ ဒီအိမ်လာတာပါ။ ဒီအိမ်မှာ ဖေဖေလည်း မရှိဘူး။ "
" အေးပါ သားရယ်။ လာ လာ အိမ်ထဲ သွားရအောင်။ ဒီမှာ ညအိပ်လိုက်။ မနက်မှ သားဖေဖေဆီ မေမေ လိုက်ပို့ပေးမယ်။ "
" တကယ်နော်။ သားကို မလိမ်ရဘူးနော်။ "
" တကယ်ပေါ့သားရယ်။ လာလာ။ မေမေ ချော့သိပ်ပေးမယ်။ ယွန်းရေ။ မေမေ သားကို အိမ်ထဲ ခေါ်သွားမယ်။ သမီးက အိမ်တံခါးသော့ခတ် အပေါက်ပိတ်လိုက်ပါကွယ်။ "
ယွန်းသက်လျာ၏ မိခင်သည် မောင်ထူးဆန်းအား အိမ်ထဲခေါ်သွားသည်။ ရွာသူ ရွာသားများက သူတို့အိမ် သူတို့ အသီးသီးပြန်သွားကြသည်။ မပြန်နိုင်သည်က ကျွန်တော်နှင့် ပိုင်ချမ်းငြိမ်း ဖြစ်သည်။ ယွန်းသက်လျာက ကျွန်တော်တို့ ဘာတွေးသည်ကို နားလည်သည့်အလား တံခါးသော့မခတ်သေးဘဲ
" အကိုတို့က မနေ့တနေ့ကမှ မြို့က လာတဲ့သူတွေ ဆိုတော့ အဲ့သည် ထူးဆန်းဆိုတဲ့ ကလေးကို မသိကြသေးဘူး။ သူ့ကို သိရင်တော့ အကိုတို့ နားလည်သွားကြမှာပါ။ "
ပိုင်ချမ်းငြိမ်းက
" သူခိုးမှတ်လို့ ဖမ်းပေးတာပါ။ အကိုတို့ ဘာသိမှာလဲ။ "
" ဟုတ်။ ခု ဝန်းတံခါး သော့ခတ်တော့မယ်။ အကိုတို့လည်း အိမ်ပြန်ကြတော့လေ။ "
ကျွန်တော်နှင့် ပိုင်ချမ်းငြိမ်းသည် နားမလည်ခြင်းများစွာဖြင့် အိမ်သို့ ပြန်လာသည်။ အိမ်တံခါးကိုဖွင့် အိမ်ထဲသို့ ဝင်လိုက်သည်နှင့် ကြီးညွန့်က တန်းလျားပေါ်တွင် ထိုင်ကာ မအိပ်သေးဘဲ စောင့်နေသည်ကို တွေ့ရသည်။
" ကြီးညွှန် မအိပ်သေးဘူးလား။ "
ကျွန်တော်နှင့် ပိုင်ချမ်းငြိမ်းက ဘေးက ခုံတန်းလျားတွင် ဝင်ထိုင်ကြသည်။
" မအိပ်သေးပါဘူးကွယ်။ ဒါနဲ့ သူခိုးမဟုတ်ဘူး။ ထူးဆန်းလေးဆို ဟုတ်လား။ "
ပိုင်ချမ်းငြိမ်းက
" ဟုတ်တယ်ဗျ။ ထူးဆန်းဆိုတာ ဘယ်သူလဲ။ ယွန်းတို့နဲ့ ဘာတော်တာလဲ။ "
ကြီးညွန့်က သက်ပြင်းကို ချကာ
" ယွန်းတို့အဖေက သူကြီးလေ။ သူကြီးတောင် ရိုးရိုးသူကြီး မဟုတ်ဘူးကွဲ့။ ငါတို့ ရွာသူရွာသားတွေအပေါ် ကောင်းတာတွေ အများကြီး လုပ်ပေးတဲ့ သူကြီးပါ ။ ရှေးစကားလို ပြောရရင် လက်ရုံးရည်ရော နှလုံးရည်ကော ပြည့်စုံတဲ့ သူကြီးပေါ့ကွယ်။ "
ကြီးညွှန့်က ပြောရာမှ ခဏ ရပ်လိုက်သည်။ ပိုင်ချမ်းငြိမ်းက
" အဲ့ဒါနဲ့ ထူးဆန်းက ဘာဆိုင်တာလဲ ဗျာ။ မောင်နှမလို့ ပြောရအောင်က အဲ့သည်ထူးဆန်းနဲ့ ယွန်းနဲ့ ရုပ်လည်း မဆင်ပါဘူး "
" ယွန်းလေး မွေးပြီး ငါးနှစ်လောက် ရှိတော့ ရွာက အရူးမ တယောက်က ကလေးမွေးပြီး သေသွားတယ်ကွယ့်။ အရူးမက ရူးသာ ရူးတာ လူလည်ပါကွယ်။ အရူးမက မသေခင် သူ့ကလေးကို သူကြီးလက် အပ်သွားတာလေ။ သူ့သားလေးကို မွေးစားပါဆိုပြီး အပ်သွားတယ်။ သူကြီးက သနားတတ်တော့ အရူးမရဲ့ကလေးကို မွေးစားထားတယ်။အရူးမက သူ့ကလေးကို ထူးဆန်းရမယ်ဆိုပြီး ထူးဆန်းလို့ နာမည်ပေးသွားတယ်။ "
" တခုတော့ မရိုမသေ မေးဦးမယ်။ ကြီးညွန့်တို့သူကြီးက အရူးမနဲ့ လွတ်ရဲ့လားဗျာ။ "
ပိုင်ချမ်းငြိမ်းအမေးကြောင့် ဘေးက ထိုင်နေသည့် ကျွန်တော်ပင် မျက်လုံးကြည်လာသည်။
" ဟဲ့ ။ မပြောကောင်း မဆိုကောင်းတွေ။ အရူးမနာမည်က မဖြူဥတဲ့။ ယောက်ျားရှိတယ်ဟဲ့။ သူ့ယောက်ျားက ငါတို့ရွာကပဲ။ သူ့ယောက်ျားက ငွေကြေးအဆင်ပြေတယ်။ လယ်တွေ ချောင်းတွေ ရှိတယ်။ မဖြူဥနဲ့ သူ့ယောကျာ်းရပြီး မဖြူဥ ကိုယ်ဝန်ကြီးနဲ့ မမွေးခင် လယ်တောထဲကို သွားတာ ပိုးထိလို့ သူ့ယောက်ျား ဆုံးတာပါကွယ်။ သူ့ယောက်ျားနဲ့ သူကြီးကလည်း လူခင်တွေလေ။ "
" ဟုတ် ဆက်ပြောပါဦးဗျ။ *
" သူ့ယောက်ျားဆုံးတော့ ဖြူဥက ကိုယ်ဝန်ကြီးနဲ့ ယဉ်ယဉ်လေး ရူးသွားတာ။ ကလေးမမွေးခင်ကတည်းက သူ့ကလေးကို ထူးဆန်းလို့ နာမည်ပေးထားတာ။ ဖြူဥ ကလေးမွေးချင်လို့ ဗိုက်နာတော့ ရွာက သူတွေ ဝိုင်းလုပ်ပေးကြတယ်။ လက်သည်ခေါ်ကြ ရေနွေးအိုး တည်ကြနဲ့။ လက်သည်က ကြိုးစားပေမယ့် ဖြူဥက သူ့ယောက်ျားနောက် လိုက်သွားတာပါပဲကွယ်။ ဖြူဥ မသေခင် သူ့ကလေးကို သူကြီးသား ဖြစ်စေချင်တာတဲ့။ သူကြီးကမှ သူ့သားကို ကောင်းကောင်းထားမှာတဲ့။ သူ့သားကို သူကြီးမွေးစားပါဆိုပြီး ပေးသွားတာပါကွယ်။"
" ဪ ကျွန်တော် မသိလို့ပါ ခင်ဗျာ။ အဲ့သည်လိုဆိုတော့ မောင်ထူးဆန်းလေးက သနားစရာလေးပါလား "
ပိုင်ချမ်းငြိမ်းက စိတ်မကောင်းဟန်ဖြင့် စုတ်သပ်သည်။
" ဟုတ်တယ်။ သူကြီးက မောင်ထူးဆန်းကို သူတို့အိမ် မခေါ်ထားဘူး။ ဖြူဥတို့ အိမ်မှာပဲ ထားသည်။ သူက သမီးမိန်းခလေး ရှိလို့ ထင်ပါရဲ့။ ဖြူဥတို့အိမ်မှာ ကလေးထိန်းတွေ ငှားထားပေးတယ် ။ သူကြီးက ဖြူဥတို့အိမ် နေလိုက် သူ့အိမ် ပြန်နေလိုက် နေပေးရှာတယ်။ ကဲ မနက် ထရဦးမှာ။ ငါ့တူတို့ အိမ်ပေါ် တက်ကြတော့။ အိပ်လိုက်ကြဦး။ "
" ဟုတ် ကြီးညွန့်။ လာ ငပိုင်။ ငါ အိပ်ချင်လှပြီ။ "
ကျွန်တော်သည် ထိုင်နေရာက ထကာ အိမ်ပေါ်သို့ ငပိုင်အား ဆွဲခေါ်ခဲ့သည် ။