Lady Hteik Htar

Lady Hteik Htar Daw Tin Tin Yi

20/07/2026

ဆန္ဒနဲ့ လက်တွေ့ဟူသည်

အခန်း ၇

" ဟေ့ရောင် ငထွန်း။ ထ ထ။ "

အိပ်ကောင်းနေစဉ် ခန္ဓာကိုယ်ကို ကိုင်လှုပ် နိုးလိုက်သောကြောင့် ထွန်းမြတ်ကျော် လန့်နိုးလာသည်။ မျက်လုံးကို ဖွင့်ကြည့်သည်။ မိမိဘေးတွင် ထိုင်နေသည့် ပိုင်ချမ်းငြိမ်းကို တွေ့ရသည်။ ထွန်းမြတ်‌ကျော်နှင့် ပိုင်ချမ်းငြိမ်းသည် ကြီးညွန့်အိမ်တွင် တအိပ်ယာထဲ အတူအိပ်ကြသည်။

" ဘာလဲ ငပိုင်ရာ။ အိပ်ကောင်းတုန်းကွ။ မိုးလင်းပြီလား။ "

" မိုးတော့ မလင်းသေးဘူးကွ။ ဒါပေမယ့် ထတော့ကွာ။ "

" ဟင် ဘယ်လိုကြီးတုန်း။ ငါ အိပ်ချင်တုန်းကွာ။ မထသေးဘူး။ မင်းဘာသာ ထချင် ထနေ။ "

ပြောပြီး မျက်လုံးကို ပြန်မှိတ်လိုက်သည်။

" ထတော့ကွာ။ ငါ အိပ်မရလို့ပါ။ "

" ငပိုင်ရာ။ ကြီးညွန့်တို့ကို ဝိုင်းကူရမယ့် လယ်တော အလုပ်ကလည်း မိုးလင်းမှ စားပြီးသောက်ပြီးမှ သွားလည်း ရတယ်တဲ့။ ခုက စောသေးတယ် မဟုတ်လား။ ပြန်အိပ်ပါကွာ။ "

" အေး။ စောတာပေါ့။ ခုမှ ၁၂နာရီ ရှိသေး။ "

" ဘာ။ ဆယ့် နှစ်နာရီ ဟုတ်လား။ "

ထွန်း‌မြတ်ကျော်သည် ပြောရင်း အိပ်ယာမှ ထထိုင်မိသည်။

" ခုမှ သန်းခေါင်ရှိသေး။ မင်းက ဘာလို့ ငါ့ကို နိုးရတာလဲ။ "

စိတ်လည်း တိုမိသည်။ မိမိက အိ‌ပ်ကောင်းနေတာ။

" ငါ ခွေးအူသံတွေ ကြောက်လို့။ "

မျက်နှာငယ်လေးနဲ့ ပြောသောပိုင်ချမ်းငြိမ်းကို ထွန်းမြတ်ကျော်သည် ဒေါသထွက်ချင်ပေမယ့် မထွက်ရက်။ အိပ်ယာမှ ထထိုင်ကာ

" ခွေးအူတာ ဘာဖြစ်လဲကွာ။ မင်းကို သရဲခြောက်လို့လား "

" ဟင် သရဲ ရှိတာလား။ "

" ဟာကွာ။ ငါပြောမှ ပိုဆိုးရော။ သရဲက မရှိလောက်ပါဘူး။ ကြီးညွန့်တို့လို မိန်းမသားတွေတောင် အေးအေးဆေးဆေး အိပ်နေကြတာကွ။ သရဲခြောက်ရင် ငါ့ကို ပြောထားမှာပေါ့။ သူတို့လည်း ကြောက်မှာပေါ့။ မနေ့ကတောင် မင်း ဒီမှာ အိပ်ပြီးပြီလေ။ သရဲခြောက်လို့လား။ "

" မနေ့က ခရီးပန်းလာလို့ အိပ်ပျော်သွားတာ။ တချိုးတည်းပဲ။ ခွေးအူသံလည်း မကြားမိဘူး။ မနက်မှ နိုးတာ။ ခုက ခွေးက ခဏခဏ အူနေတာကွာ။ မင်း မကြားဘူးလား။"

ထွန်းမြတ်ကျော်သည် ပတ်ဝန်းကျင်က အသံများကို နားထောင်လိုက်သည်။ခွေးက အူနေတာမဟုတ် ဟောင်နေခြင်း ဖြစ်သည်။

" ဟေ့ရောင်။ ခွေးအူနေတာမဟုတ်ဘူး။ ဟောင်နေတာကွ။ ထကြည့်ရအောင်။ သူခိုးကပ်တာလား မသိဘူး။ "

ပြောပြောဆိုဆို ထွန်းမြတ်ကျေည်က ထကာ ဓါတ်မီးရှာသည်။ ဓါတ်မီးထွန်းပြီး အခန်းမှ အောက်သို့ဆင်းရန် လှေကားပေါ် တက်သည်။

" သတိနဲ့ ဆင်းဦး။ ငါတို့အိမ် ကပ်တာလား မသိဘူး ။ "

" မင်းရော လိုက်ခဲ့။ လာ။ "

နှစ်ယောက်သား ခြေဖွ၍ အိမ်အောက်ထပ်သို့ ဆင်းခဲ့ကြသည်။
အိမ်အောက်ထပ်တွင် ချည်ထားသော နွားများ ရှိသည်။ စပါးပုပ်များ ရှိသည်။ တောင်ယာပစ္စည်းများ ရှိသည်။ နှစ်ယောက်သား ဟိုသည် ကြည့်သည်။ ကြီးညွန့်တို့အိမ်ထဲတွင် ဘာသံသယဖြစ်စရာမှ မတွေ့ရပေ။

" ခွေးက ဟောင်တုန်း။ သူခိုးကပ်တယ်ဆိုရင် ကြီးညွန့်တို့အိမ်တော့ မဟုတ်နိုင်ဘူး။ လမ်းဘက် ထွက်ကြည့်ရအောင်။ လာ လာ။ "

ထွန်းမြတ်ကျော်သည် အကြောက်တရားနည်းသူပီပီ ဓါတ်မီးကို မှိတ်ကာ မပီဝိုးတဝါးလရောင်ကို အားပြု၍ ဝန်းထရံနားကပ်သည်။ လမ်းဘက်ကို အရိပ်အခြေ ကြည့်သည်။

" ငပိုင် အိမ်သော့သွားယူကွာ။ အပြင်ထွက်ကြည့်ရအောင်။ ခွေးက ဟောင်လွန်းအားကြီးတယ်။ "

ထွန်းမြတ်ကျော်သည် ရွာလမ်း အရှေ့အနောက်ကို ကြည့်သည်။ ကြီးညွန့်တို့ အိမ် သုံးလေးအိမ်ခြာက အိမ်ကို ရွာခွေးများက တဝုတ်ဝုတ် ထိုးဟောင်နေသည်။

" အေး အိမ်သော့က အိမ်အောက်က တိုင်မှာ ကြီးညွန့်ချိတ်ထားတာ ငါသတိရပြီ။ ငါ သွားယူလိုက်မယ်။ ခဏစောင့်။ "

ပိုင်ချမ်းငြိမ်းက သော့သွားယူ ပေးသည်။ သော့ယူကာ ပြန်လာပြီး သရဲကြောက်သောသူက သော့ကိုဖွင့်သည်။ သော့ဖွင့်ပြီး ပိုင်ချမ်းငြိမ်းက

" ငါတို့ သွားကြည့်ရအောင်။ ဒီလောက် ဟောင်နေမှတော့ သူခိုးပဲနေမှာ။ "

ထွန်းမြတ်ကျော်ကလည်း

" သူခိုးဖြစ်ဖြစ် သရဲဖြစ်ဖြစ် သွားကြည့်ရအောင်။ "

တခါးကို အသာဖွင့်က အပြင်ထွက်မလို့ လုပ်စဉ်

" ဟဲ့ ငထွန်းတို့ ငပိုင်တို့လား။ ဘာလုပ်ကြမလို့လဲ။ "

နောက်မှ ကြီးညွန့်အသံကြောင့် ထွန်းမြတ်ကျော်နှင့် ပိုင်ချမ်းငြိမ်းက လှည့်ကြည့်ပြီး ထွန်းမြတ်ကျော်က

" ကြီးညွန့်တို့လည်း နိုးလာတာလား။ ကျွန်တော်တို့က ခွေးဟောင်လွန်းလို့ ထကြည့်တာပါ။ "

" ဟုတ်တယ်။ ခွေးက တအားဟောင်လွန်းတယ်။ ခါတိုင်း အဲ့လို ဟောင်သံမကြားရပါဘူး။ ငါတူတို့ သွားကြည့်လိုက်ဦး။ ကြီးညွန့်တို့ကတော့ အိမ်မှာ နေခဲ့မယ်။ နေပါဦး မှန်းစမ်း။ အဲ့ဒါ ယွန်းတို့ အိမ်ဘက်ပဲ "

" ဗျာ အဲ့ဒါ ယွန်းတို့အိမ်ဘက်လား။ ဟေ့ရောင် မြန်မြန်ဖွင့်။ မြန်မြန်သွားရအောင်။ "

ပိုင်ချမ်းငြိမ်းသည် ယွန်းတို့အိမ်ဘက်ဆိုသည့် အသံကြောင့် ပျာယာခတ်နေပြီ။

" သရဲဆို ဘယ်နှယ့်လုပ်မလဲ။ မင်း သွားရဲလို့လား။"

ပျာယာခတ်နေသည့် သူငယ်ချင်းကို မြင်ပြင်းကတ်မိသည်။

" ယွန်းတို့အိမ်ဆိုရင် သရဲမကလို့ ဘီလူးဆိုရင်လည်း သွားမှာပဲကွ။ လာ လာ ငါ အရင် သွားပြီ။ "

ပိုင်ချမ်းငြိမ်းသည် တံခါးကို ဖွင့်ကာ ယွန်းတို့အိမ်ဘက် သွားသည်။ ထွန်းမြတ်ကျော်က ဓါတ်မီးကို မဖွင့်ဘဲ နောက်မှ လိုက်သည်။ ရွာလမ်းကလေးသည် မပီ ဝိုးတဝါး လရောင်အောက်တွင် မှောင်မည်းမနေဘဲ မလင်းတလင်း ဝိုးတဝါး ရှိနေသည်။

ခွေးများ ထိုးဟောင်နေသည့် အိမ်ထဲမှ လူတယောက်သည် အထုပ်တထုပ်ကို ဆွဲကာ အပြင်သို့ ပြေးထွက်လာသည်။

" ဝုန်း "

" အင့် "

အိမ်ထဲမှ ပြေးထွက်လာသော ထိုသူသည် လမ်းပေါ်မှ ထိုအိမ်ဘက်သို့ လာနေသော ပိုင်ချမ်းငြိမ်းအား ဝင်တိုက်သည်။ နှစ်ယောက်သား ဝင်တိုက်‌ပြီး ယိုင်သွားကြသည်။ ထိုစဉ် ထွန်းမြတ်ကျော်သည် ဘာမှ မတွေးတော့လဲ ထိုသူအား တွန်းလှဲလိုက်ပြီး အပေါ်က ဖိထားလိုက်သည်။ ပါးစပ်မှလည်း " သူခိုး ဗျို့။ သူခိုး။" ဟု ခပ်ကျယ်ကျယ် အော်ဟစ်လိုက်သည်။
ပိုင်ချမ်းငြိမ်းကလည်း ဝိုင်း ဖိပေးထားသည်။
ရွာထဲရှိ အိမ်များထဲမှ မီးများ လင်းလာသည်။ တံခါးဖွင့်ကာ ထွန်းမြတ်ကျော်နှင့် ပိုင်ချမ်းငြိမ်းတို့အနား လာကြသည်။ အခိုးခံရသည်ဟု ထင်ရသော အိမ်ထဲမှ ယွန်းသက်လျာနှင့် သူ့မိခင်တို့ ထွက်လာကြသည်။ ယွန်းသက်လျာက ဝန်းတံခါးသော့ကို ဖွင့်ကာ သူ့မ၏ မိခင်အား တွဲ၍ အပြင်သို့ ထွက်လာပြီး

" မေမေ သတိထားနော်။ ဖြည်းဖြည်း။ "

" အေးပါကွယ်။ ဒါနဲ့ သူခိုးက မိပြီလားကွယ့်။ "

သူမတို့သည် ဖမ်းမိထားသော သူအနား လျှောက်လာကြသည်။
ပိုင်ချမ်းငြိမ်းက

"ဒီမှာ သူခိုးကို ဖမ်းမိထားပါတယ် ခင်ဗျာ။ ကျွန်တော်တို့က ဒီရွာက မဟုတ်တော့ သူခိုးက ဘယ်သူဘယ်ဝါလဲ ဆိုတာ မသိပါဘူး။ အန်တီတို့ ဦးတို့ကပဲ ဘယ်သူလဲ ကြည့်ပေးပါ ခင်ဗျာ။ "

ရွာသူ ရွာသားများက အနားကပ်ကြည့်ကြသည်။ သူတို့မျက်နှာတွင် အံ့ဩဟန်ဖြင့် တယောက်တပေါက်

" ဟာ မောင်ထူးဆန်းပါလား။ "
" ငထူးကြီးပါလား။ ဒီကောင် ညကြီးမင်းကြီး ဘာလုပ်တာလဲ "
" ငထူးရာ တလန့်တကြား။ ညဘက်ကြီး ဘာထ လုပ်တာလဲ။ "

ယွန်းသက်လျာ၏ မိခင်က မောင်ထူးဆန်းဆိုသည့် အသံကြောင့် ရှေ့တိုးကာ

" သားလား ။ သားထူးဆန်းလား "

ဆိုပြီး အဖမ်းခံရသူအနား ကပ်ကြည့်သည်။

ယွန်းသက်လျာကလည်း

" ငထူးလား။ နင် ညဘက်ကြီး ဘာထလုပ်တာလဲ ။ "

မောင်ထူးဆန်းဆိုသည့်သူကလည်း အဖမ်းခံထားရသည်ကို ရုန်းကာ လဲနေရာမှ ထသည်။ ရွာသူရွာသားများ၏ အသိဖြစ်သောကြောင့် ကျွန်တော်နှင့် ငပိုင်က ထိုသူအား လွှတ်ပေးလိုက်သည်။ မောင်ထူးဆန်းက

" မေမေ။ သားက ဖေဖေ ဒီမှာ ရှိလားလို့ ကြည့်တာပါ။ အိမ်ထဲ လှည့်ပတ် ကြည့်ပြီးပြီ။ ဖေဖေ မရှိလို့ ဖေ့ဖေ့အဝတ်တွေ ယူပြီး ဖေ့ဖေ့နောက် လိုက်မလို့ပါ။ "

မောင်ထူးဆန်းက သူယူလာသည့် အထုပ်ကို ပြသည်။

" သားရယ်။ သားဖေဖေက မြို့မှာကိစ္စရှိလို့ သွားရတာလေ။ သားက ဘာလို့ လိုက်ချင်ရတာလဲ။ နောက်ပြီး သားဖေဖေက သားကို အရှေ့အိမ်မှာ ထားတာ မဟုတ်လား "

" ဟုတ်တယ်။ သား အရှေ့အိမ်မှာ မပျော်လို့ ဒီအိမ်လာတာပါ။ ဒီအိမ်မှာ ဖေဖေလည်း မရှိဘူး။ "

" အေးပါ သားရယ်။ လာ လာ အိမ်ထဲ သွားရအောင်။ ဒီမှာ ညအိပ်လိုက်။ မနက်မှ သားဖေဖေဆီ မေမေ လိုက်ပို့ပေးမယ်။ "

" တကယ်နော်။ သားကို မလိမ်ရဘူးနော်။ "

" တကယ်ပေါ့သားရယ်။ လာလာ။ မေမေ ချော့သိပ်ပေးမယ်။ ယွန်းရေ။ မေမေ သားကို အိမ်ထဲ ခေါ်သွားမယ်။ သမီးက အိမ်တံခါးသော့ခတ် အပေါက်ပိတ်လိုက်ပါကွယ်။ "

‌ယွန်းသက်လျာ၏ မိခင်သည် မောင်ထူးဆန်းအား အိမ်ထဲခေါ်သွားသည်။ ရွာသူ ရွာသားများက သူတို့အိမ် သူတို့ အသီးသီးပြန်သွားကြသည်။ မပြန်နိုင်သည်က ကျွန်တော်နှင့် ပိုင်ချမ်းငြိမ်း ဖြစ်သည်။ ယွန်းသက်လျာက ကျွန်တော်တို့ ဘာတွေးသည်ကို နားလည်သည့်အလား တံခါးသော့မခတ်သေးဘဲ

" အကိုတို့က မနေ့တနေ့ကမှ မြို့က လာတဲ့သူတွေ ဆိုတော့ အဲ့သည် ထူးဆန်းဆိုတဲ့ ကလေးကို မသိကြသေးဘူး။ သူ့ကို သိရင်တော့ အကိုတို့ နားလည်သွားကြမှာပါ။ "

ပိုင်ချမ်းငြိမ်းက

" သူခိုးမှတ်လို့ ဖမ်းပေးတာပါ။ အကိုတို့ ဘာသိမှာလဲ။ "

" ဟုတ်။ ခု ဝန်းတံခါး သော့ခတ်တော့မယ်။ အကိုတို့လည်း အိမ်ပြန်ကြတော့လေ။ "

ကျွန်တော်နှင့် ပိုင်ချမ်းငြိမ်းသည် နားမလည်ခြင်းများစွာဖြင့် အိမ်သို့ ပြန်လာသည်။ အိမ်တံခါးကိုဖွင့် အိမ်ထဲသို့ ဝင်‌လိုက်သည်နှင့် ကြီးညွန့်က တန်းလျားပေါ်တွင် ထိုင်ကာ မအိပ်သေးဘဲ စောင့်နေသည်ကို တွေ့ရသည်။

" ကြီးညွှန် မအိပ်သေးဘူးလား။ "

ကျွန်တော်နှင့် ပိုင်ချမ်းငြိမ်းက ဘေးက ခုံတန်းလျားတွင် ဝင်ထိုင်ကြသည်။

" မအိပ်သေးပါဘူးကွယ်။ ဒါနဲ့ သူခိုးမဟုတ်ဘူး။ ထူးဆန်းလေးဆို ဟုတ်လား။ "

ပိုင်ချမ်းငြိမ်းက

" ဟုတ်တယ်ဗျ။ ထူးဆန်းဆိုတာ ဘယ်သူလဲ။ ယွန်းတို့နဲ့ ဘာတော်တာလဲ။ "

ကြီးညွန့်က သက်ပြင်းကို ချကာ

" ယွန်းတို့အဖေက သူကြီးလေ။ သူကြီးတောင် ရိုးရိုးသူကြီး မဟုတ်ဘူးကွဲ့။ ငါတို့ ရွာသူရွာသားတွေအပေါ် ကောင်းတာတွေ အများကြီး လုပ်ပေးတဲ့ သူကြီးပါ ။ ရှေးစကားလို ပြောရရင် လက်ရုံးရည်ရော နှလုံးရည်ကော ပြည့်စုံတဲ့ သူကြီးပေါ့ကွယ်။ "

ကြီးညွှန့်က ပြောရာမှ ခဏ ရပ်လိုက်သည်။ ပိုင်ချမ်းငြိမ်းက

" အဲ့‌ဒါနဲ့ ထူးဆန်းက ဘာဆိုင်တာလဲ ဗျာ။ မောင်နှမလို့ ပြောရအောင်က အဲ့သည်ထူးဆန်းနဲ့ ယွန်းနဲ့ ရုပ်လည်း မဆင်ပါဘူး "

" ယွန်းလေး မွေးပြီး ငါးနှစ်လောက် ရှိတော့ ရွာက အရူးမ တယောက်က ကလေးမွေးပြီး သေသွားတယ်ကွယ့်။ အရူးမက ရူးသာ ရူးတာ လူလည်ပါကွယ်။ အရူးမက မသေခင် သူ့ကလေးကို သူကြီးလက် အပ်သွားတာလေ။ သူ့သားလေးကို မွေးစားပါဆိုပြီး အပ်သွားတယ်။ သူကြီးက သနားတတ်တော့ အရူးမရဲ့ကလေးကို မွေးစားထားတယ်။အရူးမက သူ့ကလေးကို ထူးဆန်းရမယ်ဆိုပြီး ထူးဆန်းလို့ နာမည်ပေးသွားတယ်။ "

" တခုတော့ မရိုမသေ မေးဦးမယ်။ ကြီးညွန့်တို့သူကြီးက အရူးမနဲ့ လွတ်ရဲ့လားဗျာ။ "

ပိုင်ချမ်းငြိမ်းအမေးကြောင့် ဘေးက ထိုင်နေသည့် ကျွန်တော်ပင် မျက်လုံးကြည်လာသည်။

" ဟဲ့ ။ မပြောကောင်း မဆိုကောင်းတွေ။ အရူးမနာမည်က မဖြူဥတဲ့။ ယောက်ျားရှိတယ်ဟဲ့။ သူ့ယောက်ျားက ငါတို့ရွာကပဲ။ သူ့ယောက်ျားက ငွေကြေးအဆင်ပြေတယ်။ လယ်တွေ ချောင်းတွေ ရှိတယ်။ မဖြူဥနဲ့ သူ့ယောကျာ်းရပြီး မဖြူဥ ကိုယ်ဝန်ကြီးနဲ့ မမွေးခင် လယ်တောထဲကို သွားတာ ပိုးထိလို့ သူ့ယောက်ျား ဆုံးတာပါကွယ်။ သူ့ယောက်ျားနဲ့ သူကြီးကလည်း လူခင်တွေလေ။ "

" ဟုတ် ဆက်ပြောပါဦးဗျ။ *

" သူ့ယောက်ျားဆုံးတော့ ဖြူဥက ကိုယ်ဝန်ကြီးနဲ့ ယဉ်ယဉ်လေး ရူးသွားတာ။ ကလေးမမွေးခင်ကတည်းက သူ့ကလေးကို ထူးဆန်းလို့ နာမည်ပေးထားတာ။ ဖြူ‌ဥ ကလေးမွေးချင်လို့ ဗိုက်နာတော့ ရွာက သူတွေ ဝိုင်းလုပ်ပေးကြတယ်။ လက်သည်ခေါ်ကြ ရေနွေးအိုး တည်ကြနဲ့။ လက်သည်က ကြိုးစားပေမယ့် ဖြူဥက သူ့ယော‌က်ျားနောက် လိုက်သွားတာပါပဲကွယ်။ ဖြူ‌ဥ မသေခင် သူ့ကလေးကို သူကြီးသား ဖြစ်စေချင်တာတဲ့။ သူကြီးကမှ သူ့သားကို ကောင်းကောင်းထားမှာတဲ့။ သူ့သားကို သူကြီးမွေးစားပါဆိုပြီး ပေးသွားတာပါကွယ်။"

" ဪ ကျွန်တော် မသိလို့ပါ ခင်ဗျာ။ အဲ့သည်လိုဆိုတော့ မောင်ထူးဆန်းလေးက သနားစရာလေးပါလား "

ပိုင်ချမ်းငြိမ်းက စိတ်မကောင်းဟန်ဖြင့် စုတ်သပ်သည်။

" ဟုတ်တယ်။ သူကြီးက မောင်ထူးဆန်းကို သူတို့အိမ် ‌မခေါ်ထားဘူး။ ဖြူဥတို့ အိမ်မှာပဲ ထားသည်။ သူက သမီးမိန်းခလေး ရှိလို့ ထင်ပါရဲ့။ ဖြူဥတို့အိမ်မှာ ကလေးထိန်းတွေ ငှားထားပေးတယ် ။ သူကြီးက ဖြူဥတို့အိမ် နေလိုက် သူ့အိမ် ပြန်နေလိုက် နေပေးရှာတယ်။ ကဲ မနက် ထရဦးမှာ။ ငါ့တူတို့ အိမ်ပေါ် တက်ကြတော့။ အိပ်လိုက်ကြဦး။ "

" ဟုတ် ကြီးညွန့်။ လာ ငပိုင်။ ငါ အိပ်ချင်လှပြီ။ "
ကျွန်‌တော်သည် ထိုင်နေရာက ထကာ အိမ်ပေါ်သို့ ငပိုင်အား ဆွဲခေါ်ခဲ့သည် ။

22/03/2026

ဆန္ဒနဲ့ လက်တွေ့ဟူသည်

အပိုင်း ၆

ရွာဦးကျောင်းသည် သစ်ပင်ကြီးများကြောင့် အရိပ်ကောင်းသည်။ တိတ်ဆိတ်အေးချမ်းသည်။ ယခုလို ဥပုသ်နေ့တွင် မနက် ရှစ်နာရီ‌ကျော်အချိန်ကတည်းက သီလပေးသည့် ကျောင်းပေါက်ဝတွင် ချိုချဉ်ဝေသူ၊ လက်ဖက်သုပ်၊ ဂျင်းသုပ် ဝေသူများ ရှိသည်။ ယွန်းသက်လျာက ဥပုသ်သည်များအား ကြောင်လျှာပွင့်သုပ် ပန်းကန်ကို ကိုင်လျက် သီလယူလာသည့် လူများကို သီလပေးသည့် ‌ကျောင်းဆောင်အပေါက်ဝမှ တယောက်ချင်း ပန်းကန်ထိုး၍ ကြောင်လျှာပွင့်သုပ် ကျွေးနေသည်။

" ယွန်းရေ။ ဘာအသုပ်တွေလဲ။ "

" ဟာ မမဝေ။ ကြောင်လျှာပွင့်သုပ်ပါ။ စားပါဦး မမ။ "

သီလယူလာသည့် မမဝေသည် ယွန်းထိုးပေးသည့် ပန်းကန်ထဲမှ ကြောင်လျှာပွင့်သုပ်ကို ဇွန်းဖြင့် ယူစားသည်။

" ယွန်းလက်ရာက ကောင်းတယ်။ အပတ်တိုင်း ဝေတာလား။ အရင်အပတ်တွေကလည်း တွေ့တယ်။ "

" ဟုတ်။ အဆင်ပြေတဲ့အပတ် ဝေတာပါ မမ။ "

" အေး အေး။ စားကောင်းတယ်။ ဒါနဲ့ အိမ်ဘက်လာဦးနော်။ မနေ့က ငါ့မောင်နှစ်ယောက် မြို့က လာတယ်ကြားတယ်။ ငါနဲ့ မတွေ့ရသေးဘူး။ ဒါပေမယ့် ယွန်းနဲ့ ခင်စေချင်လို့ပါ။ "

" မမဝေရဲ့မောင် တွေဆိုတော့ ယောက်ျားလေးတွေမဟုတ်လား။ ယွန်းက ယောက်ျားလေးတွေနဲ့ အပေါင်းအသင်း လုပ်ရမှာလား မမဝေရဲ့။ ဒါမှမဟုတ် အခြောက်တွေလားဟင်။ "

ယွန်းစကားကြောင့် မမဝေက ပြုံး၍

" အခြောက်တွေ မဟုတ်ပါဘူးကွယ်။ မမဝေက ယွန်းကို သဘောကျတယ်လေ။ ‌ကိုယ်သဘောကျတဲ့သူနဲ့ ကိုယ့်မောင်တွေကို ခင်စေချင် သိစေချင်တာပါ။ တမျိုးမထင်ပါနဲ့ကွယ်။ ဟော ပြောရင်းဆိုရင်း ကျောင်းပေါ်တက်လာကြပြီ။ လာ လာ ထွန်းထွန်းရေ။ ကြီးညွန့်က ဘာလို့ နောက်ကျနေတာလဲ။ "

ကျောင်းပေါ်တက်လာသော ကြီးညွန့်တို့ အဖွဲ့က ယွန်းတို့အနားတွင် ရပ်သည်။ ကြီးညွန့်က ယွန်းကမ်းပေးသည့် ကြောင်လျှာပွင့်သုပ်ကို ဇွန်းဖြင့် ယူစားသည်။

" ယွန်းလက်ရာ မဟုတ်လား။ စားကောင်းတယ်ကွယ်။ ငထွန်း စားဦးမလား။ "

ကြီးညွန့်က ထွန်းမြတ်ကျော်ဘက်သို့ ပန်းကန်ကို ထိုးပေးသည်။ ပိုင်ချမ်းငြိမ်းက ထွန်းမြတ်ကျော်နောက်မှ ရှေ့သို့ အတင်းဝင်ကာ

" ဒီကောင်က မကြိုက်ဘူးရယ်။ ကျွန်တော့ကိုပေး။ ကျွန်တော် မြည်းကြည့်မယ်။ "

ထွန်းမြတ်ကျော်သည် ယခုမှ ယွန်းသက်လျာဆိုသည့် အမျိုးသမီးလေးအား သေချာကြည့်မိသည်။ လှသည်ဆိုတာထက် ယဉ်သည်။ ခန္ဓာကိုယ်အချိုးအစားက ရင်သေးရင်ချီပြီး ပြေပြစ်သည်။ အသားက ခပ်လတ်လတ် ဖြစ်သည်။ အရပ်က ငါးပေ ငါးလက်မလောက် ရှိမည် ထင်သည်။ မြန်မာဆန်သော ပါတိတ် ရင်ဖုံးအင်္ကျီနှင့် ထမီကို ဝတ်ဆင်ထားသည်။ သူမ၏မျက်‌တောင်ကော့ကော့ မျက်လုံးရွှန်းရွှန်းလေးများဖြင့် ထွန်းမြတ်ကျော်အား လှမ်းကြည့်လိုက်ရာ ထွန်းမြတ်ကျော်ကလည်း သူမအား ကြည့်နေသည်နှင့် အကြည့်ချင်းဆုံကြသည်။

ထွန်းမြတ်ကျော်က အကြည့်ကို အရင် လွဲလိုက်သလို သူမကလည်း အကြည့်ကို အသုပ်ပန်းကန်ဆီသို့ လွဲလိုက်သည်။ ထွန်းမြတ်ကျော်သည် သူမကို သေချာကြည့်ပြီးမှ ငပိုင် ဒါကြောင့် ရူးတာကိုးဟု မှတ်ချက်ချမိသည်။ ငပိုင်က သူမကို ငါကြိုက်မှာ စိတ်ပူနေရှာတာ။ ငါ ဒီထက် လှတာတွေ မြင်ဖူးတွေ့ဖူးတယ်။ ကြိုက်စရာအကြောင်း မရှိပါဘူးဟု မိမိဘာသာ တွေးလိုက်သည်။

" စားကောင်းတယ်နော် ညီမလေး။ ညီမလေး ကိုယ်တိုင်သုပ်တာလား။ "

ငပိုင်က ကြောင်လျှာပွင့်သုပ် ကောင်းကြောင်း ချီးမွမ်းသည်။

" ဟုတ်။ ကျွန်မကိုယ်တိုင် သုပ်တာပါ။ ကျွန်မက အချက်အသုပ် ဝါသနာပါတယ်။ ‌အကိုတို့ စားကောင်းရင် ဝမ်းသာရပါတယ်။ "

လူတင် ချစ်စရာကောင်းရုံမက အသံကပါ ချိုသည်။ ထွန်းမြတ်‌ ကျော်တို့ထက် ငယ်ပုံပေါက်ပေမယ့် စကားပြောတာ‌လေးက လူကြီးဆန်သည်။ ငပိုင်ကြိုက်တဲ့ကောင်မလေးအား ထွန်းမြတ်ကျော်သည် အမှတ်များစွာ ပေးနေမိသည်။

" အကိုတို့က တခြားက လာတာမို့ ဒီမှာ မိတ်ဆွေမရှိသေးဘူး။ ညီမလေးတို့အိမ် လာလည်မယ်နော်။ ခေါ်မှာလား။ "

" ဟုတ်။ လာလည်လို့ ရပါတယ်။ ကျွန်မလည်း မိတ်ဆွေတယောက်တိုးတာပေါ့။ "

ဘေးမှ မမဝေက မနေနိုင် မထိုင်နိုင်

" ယွန်း။ မိတ်ဆွေက တယောက်မဟုတ်ဘူး။ နှစ်ယောက်တိုးတာပါ။ ဒါက မမမောင်လေး ထွန်းမြတ်ကျော်တဲ့။ ဒါက ပိုင်ငြိမ်းချမ်းတဲ့။ သူတို့က သူငယ်ချင်းတွေ။ ဒါက ယွန်းသက်လျာတဲ့။ မောင်နှမတွေလို နေကြ။ "

ထွန်းမြတ်ကျော်က

" ဟုတ်ကဲ့ မမဝေ။ ဒါနဲ့ နောက်က လူတွေ လာနေကြတယ်။ ကျွန်တော်တို့ အထဲ ဝင်ရအောင်။ "

အထဲဝင်ခါနီး ပိုင်ချမ်းငြိမ်းက ညီမလေး အကို အိမ်လာလည်မယ်နော်ဟု နုတ်ဆက်သေးသည်။ ယွန်းကလည်း ဟုတ်ဟု ပြုံးပြုံးလေးဖြင့် ခေါင်းညိမ့်ပြသည်။

အထဲတွင် သင့်တင့်ရာ၌ နေရာယူကြသည်။ ကျွန်တော်တို့က အမျိုးသားများဖြစ်၍ ရှေ့တွင် နေရသည်။ ကြီးညွန့်နှင့် မမဝေက ကျွန်‌တော်တို့နှင့် ဝေးသော နောက်တွင် နေရာ ရသည်။

ပိုင်ချမ်းငြိမ်းက ထိုင်ရာမှ ဘုရားဘက် မလှည့်ဘဲ နောက်ဘက်လှည့်ကာ ယွန်းဘက် လှည့်လှည့်ပြုံးပြနေသည်။ မြင်ပြင်းကတ်လာသော ထွန်းမြတ်ကျော်က

" ဟေ့ကောင်။ မင်းဟာက အိန္ဒြေကို မရဘူးကွာ။ ဘုရားလေး ဘာလေး ကန်တော့ရဲ့လား။ "

" ဘုရားက ဘယ်အချိန် ကန်တော့ ကန်တော့ ရတယ် မောင်ရေ။ ဒါလေးက ဘယ်သူမှ မရမီ ကိုယ်အရင်ရဖို့ ကြိုးစားရမယ့် သူလေးကွ။ ရုပ်လည်း လှသလို အချက်အပြုတ်လည်း ကောင်းမယ့်ပုံကွ။ ငါတော့ အလိမ္မာ အိမ်အပါလေး ဖြစ်ချင်လှပြီ။ "

" ခုမှ တွေ့တာနော် ဟေ့ရောင်။ မင်းဟာ မလွန်ဘူးလား။ "

" မနေ့က တွေ့တာပါကွာ။ ငါက တွေ့ကတည်းက စွဲလမ်းနေရတာပါ "

ထွန်းမြတ်ကျော်သည် လိုက်မမှီတော့ဘူးဟုတွေးသည်။ ထို့နောက် မိန်းမကြီးတယောက်က အလှူပစ္စည်းများကို မိမိတို့ရှေ့က စားပွဲပေါ်ရှိ ခင်းကျင်းထားသော ပန်းကန်များ ဇလုံများထဲ ထည့်နေသည်ကို ထ၍ ကူညီပေးသည်။

" မင်းက ဧည့်သည်လားကွဲ့။ မမြင်ဖူးပါဘူး။ "

" ဟုတ်ကဲ့ခင်ဗျ။ ကျွန်တော်က ကြီးညွန့်တူပါ။ ကြီးညွန့်ကို သိတယ်မဟုတ်လား။ "

" သိတာပေါ့ကွယ်။ မမညွန်တူမို့ ထင်ပါရဲ့။ စကားပြောတာလည်း ယဉ်ကျေးလိုက်တာ။ '

" ဟုတ်ကဲ့ ခင်ဗျ။ ကျေးဇူးပါ ခင်ဗျ။ "

" အေး အေး။ လူငယ်လေးတွေ ယဉ်ကျေးတာ မြင်ရင် သဘောကျတယ်ကွယ်။ တချို့ လူငယ်တွေက စကားပြောတာကအစ ဒေါင့်မချိုးဘူး။ "

ထွန်းမြတ်ကျော်သည် ပြုံး၍ နေမိသည်။

ထိုစဥ် ဘေးက မိန်းမကြီးတယောက်က

" သားလေး။ ဒီပန်းကို ဘုရားပန်းအိုးထဲ ထိုးပေးပါလားကွယ်။အဖွားကို ကူညီပါကွယ် "

" ဟုတ်ကဲ့ ခင်ဗျ။"

ထွန်းမြတ်ကျော်က အဖွား၏လက်ထဲက သပြေပန်းကို ယူသည်။ ဘုရားရုပ်ထုရှေ့က ပန်းအိုးထဲသို့ ထိုးထည့်သည်။ ဘုရားရုပ်ထုကို စံပယ်ပန်း ကံ့ကော်ပန်းကုန်းများဖြင့် လှူဒါန်းပူဇော်ထားသဖြင့် ပန်းရနံ့များက မွှေးကြိုင်နေသည်။

" ဆရာတော် ကြွလာပါပြီ ခင်ဗျား။ အားလုံး လက်အုပ်ချီထားကြပါ ခင်ဗျာ။ "

ဘုရားလူကြီးက မိုက်ဖြင့် အော်သည်။ အားလုံး စကားပြောနေရာမှ အသံတိတ်ကြသည်။ ဆရာတော် ကြွလာသည်ကို လက်အုပ်ချီ စောင့်ကြိုကြသည်။ ဆရာတော်က တည်ငြိမ်သော ခြေလှမ်းများဖြင့် ဘုရားကို ဦးချသည်။ ပလ္လင်ပေါ် တက်ထိုင်သည်။ ဘုရားလူကြီးက ဩကာသကန်တော့ချိုးဖြင့် ကန်တော့ကြဖို့ မိုက်ဖြင့် ပြောသည်။ ထွန်းမြတ်ကျော်သည် ဩကာသ ရလို့ တော်သေးသည်။ ကျောင်းပေါ်ရှိ လူများက ဩကာသ ဩာကာသ ဟု တပြိုင်နက်တည်း ကန်တော့ကြသည်။

21/03/2026

ဆန္ဒနဲ့ လက်တွေ့ဟူသည်

အပိုင်း ၅

" နောင် ဝေ ဝေ "

ခရီးပန်းလာပြီး အိပ်ပျော်‌နေသော ထွန်းမြတ်ကျော်သည် အိမ်ဦးခန်းမှ ကြေးစည်သံကြောင့် လန့်နိုးလာသည်။

" ထ ထ ပိုင်ချမ်းငြိမ်းရေ။ ‌ကြီးကြီးညွန့်တောင် ဘုရားကန်တော့နေပြီ "

ပိုင်ချမ်းငြိမ်းက မျက်လုံးကို ပြူးပြဲ ဖွင့်ကာ

" ဝါး အိပ်ချင်သေးတယ်ကွာ "

" ဟာ မအိပ်တော့နဲ့ကွ။ ထတော့။ ဒါ ရွာလာတဲ့ ပထမဆုံး ရက်ကွ။ ပထမရက်မှာ အမှတ်ကောင်းရမှ ဖြစ်မှာ။ "

ထွန်းမြတ်ကျော်က ပိုင်ချမ်းငြိမ်းရဲ့ ခြုံထားသောစောင်ကို ဆွဲခွာလိုက်သည်။

" နေပါဦးကွာ။ အိပ်မက်ကောင်းနေလို့ပါ။ "

" ဘာတွေ မက်နေလို့လဲ။ "

" သစ်ကိုင်းဆွဲသွားတဲ့ ကောင်မလေးပေါ့ကွာ။ "

" အံမယ်။ အိပ်ချင်မူးတူးနဲ့တောင် မျက်နှာက ပြုံးပြုံးကြီးဖြစ်လို့ပါလား။ မရဘူး။ ထကွာ။ ထ။ ထ။ "

အတင်းနိုးနေသော သူငယ်ချင်းကြောင့် ပိုင်ငြိမ်းချမ်းက အိပ်ယာမှ ထကာ

" ဒါနဲ့ ငါ တခု တောင်းဆိုချင်တယ် ငထွန်းရယ်။ "

" ဘာတုန်း ပြော။ "

" ငါလေ အဲ့ကောင်မလေးကို သဘောကျတာပါကွာ။ "

" အဲ့ဒါနဲ့ ဘာတောင်းဆို မလို့လဲ။ လိုက်တောင်းပေးရမှာလား။ "

" ဟ။ လိုက်တောင်းပေးရင် ကောင်းတာပေါ့ကွာ။ ဒါပေမယ့် ခု မတောင်းပေးပါနဲ့ဦး။ ငါ့ဘာသာ ကြိုးစားကြည့်ဦးမှာပါ။ "

" အလုပ် လုပ်ဖို့ လာတာကိုကွာ။ အေးပါ။ ထားပါတော့။ ဒါနဲ့ မင်းက ဘာကို တောင်းဆိုချင်တာလဲ။ "

ပိုင်ငြိမ်းချမ်းက မျက်နှာထားတည်တည်ဖြင့်

" မင်းက ရုပ်ချော ဥစ္စာပေါလေ။ ကောင်မလေးလည်း မရှားပါဘူး။ "

" ဟေ့ရောင်။ ငါ့မှာ ရည်းစားက ခုထိ မူးလို့ ရှူစရာတောင် မရှိဘူး။ ငါ ရုပ်ချောတာတော့ ထားပါ။ အဲ့ဒါနဲ့ ဘာဆိုင်။ "

" ခုကောင်မလေးကို ငါ အရင်ကြိုးစားကြည့်မယ်လို့ ပြောချင်တာပါကွာ။ မင်းက နောက်ဆုတ်ပေးပါ။ "

" ဘယ်လို။ ဘယ်နှယ့်။ မင်းတောင်းဆိုတာက ဘာကြီးလဲကွာ။ ဒါ‌ပေမယ့် စိတ်ချပါ။ ငါ ခုကောင်မလေးကို မကြိုက်ပါဘူး။ ငါ ကျောင်းတက်လို့ ခုဆို ဘွဲ့ရပြီးပြီ။ ကောင်မလေးတွေ ချောပေ့လှပေ့တွေနဲ့လည်း ဆုံခဲ့ဖူးတယ်။ ငါ မကြိုက်ပေါင်ကွာ။ ရည်းစားလည်း မထားဖူးပါဘူး။ ခု ကောင်မလေးလည်း မကြိုက်ပါဘူး။ မင်းဘာသာ ကြိုးစား။ ငါက အလုပ်လုပ်ဖို့ လာတာပါကွ။ "

ထွန်းမြတ်ကျော်သည် ပြောပြီး အိပ်ယာမှထသည်။ ‌အိမ်အောက်ထပ်သို့ ဆင်းရန် လှေကားကို ကိုင်စဉ် ပိုင်ချမ်းငြိမ်းမှာ နောက်က လိုက်လာတာ

" အဲ့ဒါဆို ကတိနော် သူငယ်ချင်း "

" အေးပါ ကတိ ကတိ။ "

ထွန်းမြတ်ကျော်သည် လှေကားမှ ဆင်းရင်း အရေးမပါသော အရာများကို ပိုင်ချမ်းငြိမ်း ပြောသည်ဟု ထင်ခဲ့သော်လည်း
နောင်တချိန်တွင် နောင်တရစရာများ ဖြစ်လာမည်ဟု မသိခဲ့ပေ။

" ဟော။ ကိုထွန်းနဲ့ ကိုချမ်း နိုးလာကြပြီလား။ လာလာ မျက်နှာသစ်ပြီးရင် အရန်သင့်စားဖို့ မနက်စာ ထမင်းကြော်လုပ်ထားတယ်နော်။ ရေတွင်းသွား မျက်နှာသစ်ကြ။ "

ကြီးကြီးညွန့်က ပြောပြီး ထမင်းကြော်များ ခူးခပ်နေသည်။ ထွန်းမြတ်ကျော်က ကြီးကြီးညွန့်ကို သေချာကြည့်လိုက်တော့ သနပ်ခါးအဖွေးသားနဲ့ ဒါးကြီးပါတိတ်ဝမ်းဆက်ခရမ်း‌ရောင်ကို ဝတ်ထားတာ တွေ့ရသည်။

" ကြီးညွန့်က မနက်အစောကြီး သနပ်ခါးတွေနဲ့ဗျ။ အဝတ်အစားအသစ်တွေနဲ့။ ဘာပွဲရှိလို့လဲဗျ။ "

" ဒီနေ့က ဥပုသ်နေ့လေ။ ရွာဦးကျောင်းသွားမလို့ပေါ့။ "

" ဒီနေ့က ဥပုသ်နေ့လားဗျ။ ကျွန်တော်တို့က ဥပုသ်နေ့တွေ မသိဘူး ကြီးညွန့်ရေ။ ဥပုသ်ကျောင်း လိုက်ခဲ့မယ်ဗျ။ ခေါ်မှာလားဗျ။ "

" အမလေး။ ခေါ်မလို့ စောင့်နေတာပါရှင်။ အိပ်ယာထက နောက်ကျသေး။ ခုထိ မျက်နှာက မသစ်ရသေးဘူး။ သွားသွား နှစ်ယောက်လုံး မြန်မြန်သစ်ခဲ့ကြ။ ရေတွင်းမှာ အကုန် ရှိတယ်။ သွားတိုက်တံအသစ်နှစ်ချောင်းရယ်။ ဆပ်ပြာ အမွှေးခဲအသစ်နှစ်ခဲရောပဲ။ ငါ့တူတို့အတွက် အဆင်သင့်လုပ်ထားတာပါ "

ရုတ်တရတ် ပိုင်ချမ်းငြိမ်းက ကျွန်တော့နားကပ်ကာ လေသံတိုးတိုးဖြင့်

" ဟိုကောင်မလေးလည်း ဥပုသ်ကျောင်း လာမှာထင်တယ်။ ငါ ရေမိုးချိုးလိုက်မယ်ကွာ။ မကြာစေရပါဘူး။ မြန်မြန်ချိုးမှာပါ။ "

ပိုင်ချမ်းငြိမ်းသည် အိမ်ပေါ်ပြန်တက်သည်။ ဆင်းလာတော့ ရေလဲဖို့ ပုဆိုးနဲ့ မျက်နှာသုတ်ပုဝါ ယူလာသည်။ ကျွန်တော်က ဘာမှ မပြောဘဲ မျက်နှာသစ်သွားတိုက်ကာ ထမင်းကြော်စားဖို့ စားပွဲဆီသို့ သွားကာ ထိုင်သည်။ ရေက မနေ့ညနေက ချိုးထားသည်။ ဥပုသ်ကျောင်းသွားဖို့ဆိုရင် ခုမနက် ထပ်ချိုးဖို့ သင့်သော်လည်း ဟိုကောင်က ပျာယာခတ်နေသောကြောင့် ကိုယ်က ငြိမ်ပေးလိုက်သည်။
ထမင်းကြော်ကို ဖြည်းညင်းစွာစားရင်း ပိုင်ချမ်းငြိမ်း၏ မယားတရူးပုံကို စတင်မြင်ပြင်းကတ်လာသည်။ ကြီးညွန့်က

" အကြော်တွေ ထည့်စားလေ။ ဒါ အရှေ့ပိုင်းက ဒေါ်ခြစ်ဆီက ဝယ်လာတာပါ။ သူ့အကြော်က ကောင်းတယ်။ ကြွပ်နေတာပဲ။ ဖြည်းဖြည်းစားနော် "

" ဟုတ်။ "

ကျွန်တော်ထမင်းကြော်စားပြီးသည့်အချိန်တွင် ပိုင်ချမ်းငြိမ်းကရေချိုးပြီးပြီ။ အပြာရောင်တီရှပ်၊ ဦးဂျမ်းပုဆိုးအပြာရောင်နှင့်အမည်း‌ရောင်အကွက်အစိပ်ကို ဝတ်ဆင်ထားသည်။ ကျွန်တော့နား လာထိုင်သည်။

" ငချမ်း။ လာလာ ထမင်းကြော်ထည့်စား။ "

ကြီးညွန့်က ကိုယ်တိုင်ခူးခပ်ပေးသည်။ သူငယ်ချင်းထမင်းကြော်စားတာ ဘေးက ထိုင်စောင့်ပေးရင်း ကိုယ့်သူငယ်ချင်း မြူးနေသည်ကို တွေ့ရသည်။ စားပြီးသည်နှင့် ပန်းကန်ဆေးသည်။ ကြီးညွန့်က မဆေးနဲ့ဟူ၍ မတားပေ။ ကိုယ်စားတာ ကိုယ်ဆေးရမယ်တဲ့။

စားသောက်ပြီး သွားဖို့ပြင်တော့ ကြီးညွန့်က ငထွန်းက ရေမချိုးတာတော့ ထားပါ။ အဝတ်အစားလေး လဲဦး ဟု သတိပေးသည်။ ကျွန်တော်သည် မတောက်ပြောင်သော သင့်တင့်သော ယောပုဆိုးနဲ့ စတစ်အဖြူရောင် အင်္ကျီကို လဲ၍ အိမ်အောက်ထပ်သို့ ဆင်းမှ ကြီးညွန့်က

" ငါ့တူက လူချောပဲဟေ့။ တို့ရွာက ကောင်မလေးတွေကြား နာမည်ကြီးဦးမှာပဲ။ "

" ဒီကောင်က ကျောင်းမှာလည်း နာမည်ကြီးပဲဗျ။ ကြီးညွန့်တူက ဘယ်သူ့မှ စိတ်မဝင်စားဘူး။ သူ့စာသူ လုပ်တာ။ "

" အဲ့ဒါမို့ ခုဆို ဘွဲ့ရပြီလေ။ ကြီးညွန့်က တူလေးတော်ကြောင်း ကြွားရတာ အမောသားပါတော်။ ကဲ လာကြ လာကြ။ အိမ်က ဖိုးလုံး စောင့်လိမ့်မယ်။ "

မနေ့က ကျွန်တော်တို့ကို အိမ်အပေါ်ထပ် လိုက်ပို့သော ကောင်လေးက အိမ်စောင့်ကျန်ခဲ့သည်။ ကြီးညွန့်ရဲ့ ဆွေမျိုးတော်စပ်သူတဦးဖြစ်သည်။

" ဪ ကျွန်တော် ကားသော့တက်ယူလိုက်ဦးမယ်။ ကားနဲ့ သွားမှာ မဟုတ်လားဗျ။ "

" ကားနဲ့ သွားရမှာပေါ့ဟဲ့။ ကားရောက်တုန်း ကားစီးရမှာပေါ့။ မြန်မြန်သွားယူလိုက် ။ "

Address

Aung Zaya Qr
Ye-U
�����

Telephone

+959976301843

Website

Alerts

Be the first to know and let us send you an email when Lady Hteik Htar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Lady Hteik Htar:

Shortcuts

Share

Category