21/07/2026
ဒီနည်းအတိုင်းသာလုပ်ကြည့်လိုက်ပါ… အချိန်ကြာကြာထားလဲမာမသွားဘဲ ဆိုဒါနံ့ကင်းတဲ့ “ခေါက်ဆွဲ”သားလေး ရကိုရတယ်!
နို့စိမ်းခေါက်ဆွဲပဲချက်ချက်၊ ခေါက်ဆွဲသုပ်ပဲသုပ်သုပ်၊ ဟင်းပွဲရဲ့ အဓိက "အသက်" ကတော့ လတ်လတ်ဆတ်ဆတ် နယ်ထားတဲ့ အိမ်လုပ် ကြက်ဥဂျုံခေါက်ဆွဲပါပဲ။
အပြင်ကဝယ်စားတဲ့ ခေါက်ဆွဲတွေမှာ ပါလေ့ရှိတဲ့ ဆော်ဒါနံ့ဆိုးတွေ၊ တာရှည်ခံဆေးနဲ့ မှိုထိန်းဆေးတွေအတွက် စိတ်ပူနေရပါသလား?
မိသားစုထဲက ကလေးငယ်တွေနဲ့ လူကြီးမိဘတွေအတွက် ပိုမိုလတ်ဆတ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အိမ်လုပ် ကြက်ဥခေါက်ဆွဲလတ်လတ်ဆတ်ဆတ်လေးကို အိမ်မှာပဲ လွယ်လွယ်ကူကူ ကိုယ်တိုင်ပြုလုပ်နိုင်မယ့် နည်းလမ်းလေးကို မျှဝေပေးလိုက်ပါတယ်။ နူးညံ့ပြီး အရသာရှိတဲ့ ခေါက်ဆွဲသားကို လက်နဲ့ရော စက်နဲ့ပါ ပြုလုပ်နိုင်ပါတယ်။
🥣 ပါဝင်ပစ္စည်းများ (အချိုးအစား)
ဘက်စုံသုံးဂျုံမှုန့် (Multipurpose Flour) - ၂၀၀ ဂရမ် (ဆန်ချိန်ခွက် ၂ ခွက်နှင့် ၁ စိတ်စာ)
ကြက်ဥ - ၂ လုံး
ဆား - အနည်းငယ်
ဆော်ဒါ (Baking Soda) - လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ (မထည့်လည်း ရပါသည်)
ဟင်းသီးဟင်းရွက်ဆီ - အနည်းငယ်
ရေ - လက်ဖက်ရည်ဇွန်း ၃ ဇွန်းခွဲခန့် (လိုအပ်သလို ဖြည်းဖြည်းချင်းထည့်ရန်)
👩🍳 ပြုလုပ်နည်း အဆင့်ဆင့်
၁။ ဂျုံနယ်ခြင်း
၁။ ဇလုံတစ်ခုထဲတွင် ဂျုံမှုန့်၊ ဆား၊ ဆော်ဒါတို့ကို ထည့်ပြီး နှံ့စပ်အောင် မွှေပေးပါ။
၂။ ထို့နောက် ကြက်ဥ ၂ လုံး ဖောက်ထည့်ကာ ဂျုံနှင့် ကြက်ဥ သမသွားအောင် သေချာ မွှေပေးပါ။
၃။ ဂျုံအခဲလေးများ ဖြစ်လာပါက ဆီ အနည်းငယ်ထည့်၍ လက်ဖြင့် ဆက်နယ်ပါ။
၄။ ရေကို တစ်ခါထည့်လျှင် လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာနှုန်းဖြင့် ဖြည်းဖြည်းချင်း ထည့်ပေးပြီး ဂျုံအနှစ် စီးလာသည်အထိ သေချာနယ်ပေးပါ။ (ရေ စုစုပေါင်း လက်ဖက်ရည်ဇွန်း ၃ ဇွန်းခွဲခန့် သုံးနိုင်ပါသည်။)
၅။ ဂျုံမျက်နှာပြင် ချောမွေ့သွားသည်အထိ ၅ မိနစ်ခန့် ဖိနယ်ပေးပြီးပါက ဇလုံထဲတွင် ဆီအနည်းငယ်သုတ်၍ ဂျုံလုံးကို ၄၅ မိနစ်ခန့် အဖုံးဖုံးပြီး အနားပေး (နှပ်ထား) ပါ။
၂။ ခေါက်ဆွဲပြုလုပ်ခြင်း
နှပ်ထားသော ဂျုံလုံးကို ၄ ပိုင်း ပိုင်းလိုက်ပါ။ ထို့နောက် မိမိအဆင်ပြေရာ နည်းလမ်းဖြင့် ပြုလုပ်နိုင်ပါသည် -
🖐️ (က) လက်ဖြင့် ပြုလုပ်သည့်နည်း
ဂျုံပြားမကပ်စေရန် အခင်းပေါ်တွင် ဂျုံမှုန့် အနည်းငယ် ဖြူးပါ။
ဂျုံ ၁ ပိုင်းကိုယူ၍ ဂျုံလှိမ့်တံဖြင့် ရနိုင်သမျှ ပါးပါးလေးဖြစ်အောင် လှိမ့်ပေးပါ။
ပါးသွားသော ဂျုံပြားကို ယက်တောင်ခေါက်သကဲ့သို့ ခေါက်ပါ။ (တစ်လွှာနှင့်တစ်လွှာ မကပ်စေရန် လှလွှာတိုင်းတွင် ဂျုံမှုန့်များများ ဖြူးပေးပါ)။
ခေါက်ထားသော ဂျုံပြားကို ဓားဖြင့် ကိုယ်လိုချင်သော ခေါက်ဆွဲအမျှင် အရွယ်အစားအတိုင်း လှီးဖြတ်ပါ။
လှီးပြီးသား အမျှင်များကို မပြတ်စေရန် သတိထား၍ တစ်မြှောင်းချင်းစီ စိတ်ရှည်ရှည် ဆွဲဖြန့်ပေးပါ။
🍝 (ခ) လက်လှည့်စက်ဖြင့် ပြုလုပ်သည့်နည်း
စိတ်မရှည်သူများ သို့မဟုတ် အချိန်တိုအတွင်း လုပ်ချင်သူများ လက်လှည့်ခေါက်ဆွဲစက်ကို အသုံးပြုနိုင်ပါသည်။
ဂျုံပြားကို စက်ထဲထည့်၍ ၂ ကြိမ်မှ ၃ ကြိမ်ခန့် ပြန်ထည့်ပြီး ပါးအောင် ပိပေးပါ။
ထို့နောက် ခေါက်ဆွဲအမျှင်ထုတ်သည့် အပိုင်းထဲထည့်၍ အပြား သို့မဟုတ် အလုံး ဖြတ်စက်ဖြင့် လှည့်ထုတ်ယူပါ။
၃။ ထုပ်ပိုးသိမ်းဆည်းခြင်း
ရရှိလာသော ခေါက်ဆွဲမျှင်များကို ဂျုံမှုန့်လေးများ ထပ်မံဖြူးပေးပြီး ပြန်သုံးရလွယ်ကူစေရန် ခေါက်ဆွဲတစ်ပွဲစာ အထုံးလေးများ ထုံးထားပေးပါ။
သိမ်းဆည်းမည့် ဘူး သို့မဟုတ် ပန်းကန်ထဲတွင် ဂျုံမှုန့်ခင်း၍ ခေါက်ဆွဲထုံးများကို ထည့်သွင်း သိမ်းဆည်းထားနိုင်ပါပြီ။
✨ မိသားစုဝင်များအားလုံး ပျော်ပျော်ပါးပါး တူတူလိုက်လုပ်ရင်း အားလပ်ရက်မှာ အိမ်လုပ် ကြက်ဥခေါက်ဆွဲ လတ်လတ်ဆတ်ဆတ်လေးကို စိတ်ချလက်ချ ချက်ပြုတ်စားသုံးနိုင်ကြပါစေ။