Savory Culinary

Savory Culinary A collection of savory dishes, cooking recipes, and restaurant reviews. Let's create a delicious life together. Founder of Savory Culinary.

Professional Chef with over 20 years of experience in culinary life. Passionate about Italian cuisine, Continental cuisine, Oriental cuisine and Polynesian Cuisine.

03/08/2026

မြန်မာ့ဓလေ့ စရိုက်နှင့် လုပ်ငန်းခွင်တွင်း ကိုယ့်ဖြစ်တည်မှုပျောက်ဆုံးခြင်း ပြသနာ

သူက အရမ်းသည်းခံတက်တယ်။ သည်းခံခြင်း တရား။ အနေအေးတယ် ဘာပြသနာမှမရှိဘူးဆိုတဲ့ အစရှိတဲ့စကားသံတွေက မြန်မာ့လူ့‌ဘောင်အသိုင်းဝိုင်းမှာ ချီးကျူးတာလား ၊ ဓလေ့စရိုက်လား ၊ အုပ်ချုပ်လို့ ကောင်းအောင် ဖိနှိပ်လို့ကောင်းအောင် တမြင်ပြုမူခဲ့သလားဆိုတာ တွေးစရာဖြစ်လာခဲ့တယ်။

သည်းခံခြင်း

အရွယ်ငယ်ငယ်ကတည်းက သည်းခံခြင်းဆိုတာကို နောက်ဆုတ်ခြင်းလို့ တလွဲအမြင်မှားခဲ့ကြတယ်။ ဘာကို ပဲဖြစ်ဖြစ် သည်းခံလိုက်ပါ။ နိုင့်ထက်ပြုကျင့်တဲ့ အသိုင်းဝိုင်းတခုကိုတွေ့တဲ့အခါမှာတောင်မှ သည်းခံလိုက်ပါလို့ ပြောတက်ကြတယ်။ သည်းခံလိုက်ပါဆိုတဲ့စကားကို ကြားလာတာနဲ့အမျှ သည်းခံခြင်း ဆိုတာကို ဆက်မလုပ် တော့ခြင်း ၊ လက်လျှော့ခြင်း ၊ နောက်ဆုတ်ခြင်းအဖြစ် နားလည်မှုလွဲသွားကြတယ်။

သည်းခံခြင်းသည် နောက်ဆုတ်ခြင်းမဟုတ်

အဆိုးနဲ့ကြုံလာတဲ့အခါ သည်းခံပါလို့ ဆိုကြတယ်။ တကယ့်အနှစ်သာရက ကိုယ်သွားမယ့် ပန်းတိုင်းကို ရောက်အောင်သွားရမှာပါပဲ။ သည်းခံလိုက်ပါဆိုတာက ကြုံလာတဲ့အဆိုးကို စိတ်လိုက်မာန်ပါ တုန့်ပြန်မိတဲ့ အခါ လမ်းကြောင်းလွဲသွားနိုင်တာကြောင့် သည်းခံပါလို့ ဆိုခဲ့ကြတယ်။ သည်းခံပါရဲ့နောက်မှဦက သည်းခံပြီး ကျော်ဖြတ်ပါလို့ဆိုလိုတာပါ။ ရပ်လိုက်ပါလို ဆိုလိုတာ မဟုတ်ပါဘူး။ ပန်းတိုင်းကို မ‌ရောက်စေတဲ့ အဆိုးနဲ့ ကြုံလာတဲ့အခါ ကြုံလာတဲ့အဆိုးကို သည်းခံပြီး ရည်ရွယ်ရာပန်းတိုင်းကို ရောက်အောင် သွားကို သွားရမှာပါ။

နိုင်ငံရပ်ခြားမှာ သတိထားမိခြင်း

ငယ်စဥ်က မိဘတွေက သားနှစ်ယောက်ကို တာဝန်တူတူပေးတယ်။ အကြီးနဲ့ အငယ်ဆိုပါတော့။ အကြီး ဖြစ်တဲ့သူက ပေးလာတဲ့တာဝန်ကို ကျေပွန်အောင်လုပ်တယ်။ တာဝန်ပြီးဆုံးသည်အထိပေါ့။ အငယ် ဖြစ်သူက လုပ်ချင်တဲ့ဆန္ဒရှိသ‌လောက်ကိုသလုပ်ပြီး သူ့တာဝန်ကို အကြီးဖြစ်တဲ့သူကို တာဝန်ယူစေ တယ်။
မိဘဖြစ်တွေက အငယ်ဖြစ်တဲ့သူကို သူကအရမ်းလည်တာပဲဆိုပြီး ရယ်ရယ်မောမောနဲ့ အငယ်ဖြစ်တဲ့ သူကို ချီးကျူးတယ်။ အငယ်ဖြစ်တဲ့သူကလည်း မိသအပြုမူကြောင့် သူ့လုပ်ရပ်ဟာ မှန်တယ်ဆိုတဲ့အမြင်ကိုသာ မြင်သွားစေတယ်။ အကြီးတယောက်ရဲ့အမြင်မှာတော့ ကြုံရပါများလာတဲ့အခါ ဒါဟာလူလည်ကျတာလို့ မြင်လာတယ်။ နောက်ပိုင်းကျတော့ အကြီးဖြစ်ကပါ သူ့လုပ်ရမယ့်တာဝန်ကို ပြီးအောင်မလုပ်ပဲ ထားခဲ့တော့ တယ်။ အဲ့ဒီနောက်တော့ မိဘဖြစ်တဲ့သူတွေက အကြီးကိုတော့ တာဝန်မကျေဘူးလို့ဆိုပြန်တယ်။ အကြီးဖြစ် တဲ့သူကိုတော့ သူကအရမ်းလည်တာပဲလို့ ချီးကျူးမှုပြုခြင်းမခံရပါဘူး။ ဒါဟာဘာ့ကြောင့်လဲ။

လုပ်ငန်းခွင်သဘောတရားထပ်တူညီမျှမှု

လုပ်ငန်းခွင်မှာလည်း မိသားစုတခုထဲက ဖြစ်တည်လာတဲ့ ပြသနာကို မီးမောင်းထိုးပြသလိုပါပဲ ဝန်ထမ်းနှစ် ယောက်ရှိမယ်။ တယောက်က လုပ်ငန်းခွင်ထဲမှာ သူ့တာဝန်ချိန်ပဲလုပ်ချင်တယ်။ သူလုပ်ရမယ့် တာဝန်တွေကို အခြားသူလုပ်အောင်ဆောင်ရွက်တက်တယ်။
ဥသြငှက်တွေလို သူ့ဥကို သူများအသိုက်မှာ ဝင်ဥတယ်လို့ဆိုရမှာပေါ့။ ဒါကို လုပ်ငန်းခွင်ရဲ့ခေါင်း ဆောင်ဖြစ်တဲ့သူက Smart ကျတယ်လို့ သတ်မှတ်တယ်။ တဖက်စောင်းနင်းဖြစ်လာတဲ့ အဖွဲ့အစည်းအဖြစ် မသိမသာပုံပေါ်လာတယ်။ အချို့လူကြီးကကျတော့လည်း အငယ်မလုပ်ပဲ လစ်လျူရှုထားတဲ့အလုပ်တွေကို ဘာမှမပြောလိုပဲ သူကကြီးဝင်လုပ်သွားတယ်။ သူ့ရဲ့ စီမံခန့်ခွဲရမယ့် အလုပ်တွေထက် မပြီးပျက်တဲ့အလုပ် တွေကို ဝင်ရောက်လုပ်ကိုင်နေရင်း အလုပ်ပျင်းတဲ့ ဝန်ထမ်းရဲ့ စိတ်ဖြစ်မှာဖြစ်နေတဲ့ မလုပ်လည်းရတယ်ဆိုတဲ့ မသိစိတ်ကို အသိအမှတ်ပြုရာရောက်သွားတယ်။ တာဝန်ယူမှုရှိရှိလုပ်ကိုင်နေတဲ့သူတွေမှာတော့ သူ့ရဲ့ တာဝန် ရော အခြားသူရဲ့တာဝန်တွေပါ ပုံကျလာတဲ့အခါ အခြားတဖက်မှာ တာဝန်ယူမှုနဲသလောက် အခြားတဖက် မှာတော့ တာဝန်ယူရတာတွေ များလာခဲ့တယ်။
မြန်မာလူမျိုးတွေက ဘာနဲ့တူနဲ့ဆိုတော့ မြန်မာလူမျိုးတို့ရဲ့ ဓလေ့စရိုက်အတိုင်းပါပဲ သည်းခံခြင်းကို ပါရာစီတမောလို့ ခေါင်းကိုက်လည်းသောက် နှာစေးလည်းသောက် ဖျားလည်းသောက် ညောင်းညာကိုက်ခဲလဲ သောက်ဆိုသလို နားလည်မှုတွေ လွဲခဲ့ကြတယ်။

အထက်လူကြီးရဲ့ လေးစားမှုလျော့ကျခြင်း

အဲ့လိုပဲ ဝန်ထမ်းနှစ်ယောက် ဥပမာလိုပါပဲ။ အလုပ်ချိန် ပိုလုပ်ရရင် Complaint တက်တဲ့ ဝန်ထမ်းမျိုးက လုပ်ငန်းခွင်အရေးကြုံလာတဲ့အခါမှာလည်း အထက်လူကြီးရဲ့ ဦးစားပေးစဥ်းစားခြင်းကို ခံရတယ်။ သူ့ကိုတော့ ခေါ်လို့မရဘူး Complain များတယ်။ အခြားတယောက်ကတော့ အလုပ်ချိန် ဘယ် လောက်များများ အလုပ် ဘယ်လောက်များများ လုပ်တယ်။ ဘာစကားမှမပြောဘူး။ အဆိုးဆုံးက ဝဋ်ကြွေးလို့ ခံယူလိုက်တာပဲ။ အလုပ်လိုအပ်လာတိုင်း ဘာမှမပြောတဲ့ဝန်ထမ်းကိုပဲ ဦးစားပေးစဥ်းစားတယ်။ လိုအပ်တိုင်းလဲ အဲ့ဒီဝန်ထမ်း ပါပဲ။ အချိန်ကြာလာတော့ လေးစားမှုကိုမရှိတော့တာမျိုး ဘယ်လိုခိုင်းခိုင်း ရပါတယ်လို့ မြင်လာတော့တယ်။

ရာထူးတိုးအတွက် စဥ်းစားတဲ့အခါ

ကျောင်းနေစဥ်အခါက အထက်တန်းစာကျေညက်ပြီးအောင်မှာ တက္ကသိုလ်တက်ရောက်ခွင့်ရမယ် ဆိုတဲ့ ‌ကျောင်းပညာအခြေပြုစဥ်းစာပုံနဲ့ လုပ်ငန်းခွင်မှာလူတော်တော်များများက လွယ်လွယ်စဥ်းစားလိုက်ကြ တယ်။ မြန်မာလူမျိုးအတော်များများက အောက်ခြေသိမ်းအလုပ်တွေ အကုန်လုပ်တယ်။ တာဝန်ကျေအောင် လုပ်တယ်။ အပြောမခံရအောင်လုပ်တယ်။ အလုပ်ချိန်ပြီးသွားချိန်ထိ လုပ်ရမယ့်တာဝန်တွေ မပြီးပျက်သေးတဲ့ အခါ အချိန်ပိုဆင်းပြီးလည်း ပြီးဆုံးအောင်လုပ်ပါတယ်။ တခြားသူတွေကတော့ လုပ်ရမယ့်တာဝန်ကို သူများ လုပ်အောင် ခိုင်းတတ်တယ်။ သူတို့လုပ်ရမယ့်အလုပ်လည်း ခပ်တည်တည်နဲ့ မင်းဒါတွေလုပ်ရမယ် ဆိုတာမျိုး ခိုင်းတတ်ကြတယ်။ သူတို့လုပ်ရမယ့်အလုပ်ကို အခြားသူကိုလုပ်ကိုင်စေပြီး သူ့လုပ်ငန်းတာဝန်ကို ပြီးဆုံး စေတယ်။ အထက်မှာဖော်ပြခဲ့တဲ့ မိသားစုအကြောင်းလေးလိုပါပဲ အထက်လူကြီးကလည်း အဲ့ဒီလို လုပ်ငန်း တာဝန်ကို ပြီးဆုံးစေတဲ့သူကိုပဲ Smart ကျတယ်ဆိုပြီး မြင်ပါတယ်။ ရာထူးတိုးဖို့ စဥ်းစားတဲ့အခါမှာတော့ လုပ်ငန်းချိန်လည်း ပိုလုပ်ရရင် Complaint တက်တယ်။ သူလုပ်ရမယ့်အလုပ်တွေကိုလည်း သူများတွေကို လှည့်ဖြားပြီး လူကြီး‌ရှေ့မှာခိုင်းတယ်။ အဲ့ဒီလို မြင်ရဖန်များလာတဲ့အခါ လူကြီးဖြစ်တဲ့သူရဲ့အမြင်မှာ သူက အလုပ်ကိုပြီးမြောက်အောင် လုပ်နိုင်တယ်လို့ မြင်လာတယ်။ ဓလေ့ စရိုက် ထုံးစံတွေနဲ့ ကြီးပြင်းလာတဲ့ မြန်မာလူမျိုးတွေအဖို့ကတော့ သည်းခံပြီးလုပ်‌‌‌ပေးရင်း ကိုယ့်လုပ်ရမယ့်တာဝန်လား သူများလုပ်ရမယ့် တာဝန် လားဆိုတာ ကွဲကွဲပြားပြားမသိတော့ပဲ ပြီးဆုံးအောင် ကြိုးစားပန်းစားလုပ်နေတော့တယ်။
လူကြီးတယောက်ရဲ့ အမြင်မှာတော့ သူကအရမ်းအလုပ်လုပ်တယ် သူမရှိရင် အဲ့ဒီနေရာက မဖြစ်ဘူး အခြားသူလည်း သူလိုမလုပ်နိုင်ဘူးဆိုပြီး ရာထူးတိုးပေးဖို့စဥ်းစားတဲ့နေရာမှာ ပျက်ကွက်မှုတွေဖြစ်လာတယ်။ အဲ့ဒီအခြေနေမှာ ဘာကိုစဥ်းစားမိလဲဆိုရင်တော့ အိမ်တအိမ်မှာ နွားတွေရှိမယ်ဆိုရင် အပင်ပန်းခံနိုင်ပြီး သန်မာတဲ့နွားက ထွန်ယက်ရတယ်။ သူ့အလုပ်ကို ကျွမ်းကျင်ပိုင်နိုင်အောင်လုပ်နိုင်တော့လည်း မြန်မာစကား ပုံမှာ သဘောကောင်းတဲ့နွားက များများအခိုင်းခံရတယ်ဆိုတာမျိုးပေါ့။ နွားတကောင် ဘယ်လောက်ကျွမ်းကျင် သည်ဖြစ်စေ ဖြစ်တည်မှုမှာ သရင်ငှား (စာရင်းငှား ထွန်ယက်သူ) ရာထူးတော့ မရနိုင်ဘူး။ အခြေနေကို အဲ့လိုမြင်လာတယ်။ အခြားသူတွေကို ကိုယ့်တာဝန်တွေပါ လုပ်အောင် ခိုင်းနိုင်သူတွေကိုတော့ ရာထူးတိုးပေးဖို့ မျက်စိကျနေလေ့ရှိတယ်။ သရင်းငှား (စာရင်းငှား ထွန်ယက်သူ) လစာတိုးတယ်ပေါ့။ တကယ်က တခြားသူကို လှည့်ဖြားပြီးခိုင်းနေသူကိုတော့ လုပ်ကိုင်နိုင်စွမ်းမရှိသူ ၊ ပျင်းတဲ့သူလို့ မမြင်နိုင်တော့ဘူး။ ဘာလို့ဆို လုပ်ငန်းက ပြီးမြောက်နေလို့ပါပဲ။

နောက်ဆုံး သုံးသပ်ချက်

မိဘနေရာက အမြင်ကိုလည်း မသုံးသပ်လိုပါဘူး။ မန်နေဂျာတယောက်နေရာ ခေါင်းဆောင်တ ယောက် အမြင်ကိုလည်း မသုံးသပ်လိုပါဘူး။ သို့ပေမယ့် ပေးအပ်လာတဲ့တာဝန်တွေနဲ့ လုပ်ဖော်ကိုင်ဖက်ဆီကပါ တာဝန်တွေပါ ယူနေရတာမျိုး အရာရာကို သည်းခံခြင်းလို့ လွဲမှားစွာနားလည်နေသူတယောက် နေရာကသူတွေ အတွက်တော့ သုံးသပ်ပြီး ရှေ့ဆက်ပါမယ်။

လူသားတို့ စိတ်

စိတ်ပညာအရမှာ လူတွေက ထပ်ခါတလဲလဲကြုံလာရတဲ့အခါ ပုံမှန်ဖြစ်နေရမယ့်အရာလို့ သတ်မှတ် တတ်ကြတယ်။ ပထမတခါ ကူညီပေးတယ် ၊ နောက်တခါ ကူညီပေးတယ် ကူညီပါများလာတဲ့အခါမှာတော့ တဖက်က အကူညီမတောင်းတော့ဘူး သူလုပ်လိမ့်မယ်ဆိုပြီး ဖြစ်တော့တယ်။ အဲ့ဒီအချိန် မကူညီတော့တဲ့အခါ သူလုပ်ရမယ့်အလုပ်ကို မလုပ်ဘူးဆိုပြီး တချိန်လုံးအကူညီတောင်းနေတဲ့သူက အရင်ငိုပါလိမ့်မယ်။ အခြားသူတ ယောက်လုပ်ရမယ့်အလုပ်တွေကို လိုက်လုပ်ပေးနေတာကလည်း တဖက်လူရဲ့ ကိုယ်စွမ်းကိုယ်စတက်မလာ အောင်ပြုမူဆောင်ရွက်နေသူအဖြစ် အပြစ်ရှိတဲ့သူတယောက်သာဖြစ်သွားတက်တာကို သတိထားမိဖို့ ပျက် ကွက်တက်ကြတယ်။
ရက်ရောခြင်းဆိုတာက ပုံသေစွဲကိုင်ခြင်းနဲ့ အသိဉာဏ်မဲ့ပေးကမ်းခြင်းရဲ့ အလယ်မှာသာဖြစ်တည် ပါတယ်။ သင့်တင့်တဲ့ အတိုင်းအတာ ၊ မှန်ကန်တဲ့ ပုဂ္ဂိုလ် ၊ မှန်ကန်တဲ့ အချိန်တို့နဲ့ မကိုက်ညီတဲ့ အကူအညီက လမ်းမှန်ဖြစ်စေတာမဟုတ်ဘဲ ဒုက္ခကိုသာ ဖိတ်ခေါ်ရာဖြစ်ပါတယ်။

အကူညီပေးခြင်း ၊ စေတနာထားခြင်း ၊ သည်းခံခြင်း ၊ ပေးဆပ်ခြင်းဆိုတာတွေရဲ့ တိကျသေချာတဲ့ အဓိပ္ပါယ်ကို နားလည်အောင်လုပ်ထားသင့်တယ်။

စေတနာကို နယ်နမိတ်သတ်ခြင်း

နယ်နိမိတ်သတ်မှတ်ချက်မရှိတဲ့ စေတနာထားမှုက ရေရှည်မှာ စိတ်ရုပ်ပင်ပန်းနွမ်းနယ်မှု (Burnout) နှင့် အချိန်ကာလ ကြာလာတာနဲ့အမျှ မကျေနပ်မှု(Resentment) တို့ကိုသာ မွေးဖွားပေးတက်တယ်။ လူ့စိတ်က အလေ့အကျင့်ပေါ်မှာ မျှော်လင့်ချက် (Baseline) ကို ပြောင်းလဲသတ်မှတ်တတ်တယ်။ ဘာမှမပြောဘဲ လုပ်ပေးတဲ့သူဆီက "အမြဲတမ်း အချိန်ပိုလုပ်ပေးတာကို ပုံမှန် (Standard Behaviour)" လို့ အထက်လူကြီးရဲ့ ဦးနှောက်က မှတ်ယူလိုက်တယ်။ ဒါကြောင့် နောက်ပိုင်းမှာ သူ အချိန်ပိုလုပ်ပေးတာဟာ "ကျေးဇူးတင်စရာ" မဟုတ်တော့ဘဲ "မပါမဖြစ် တာဝန်" တစ်ခုလို ဖြစ်သွားပြီး၊ လေးစားမှု (Respect) သာမက ကျေးဇူးသိတတ်မှု (Gratitude) ပါ လျော့နည်းသွားခြင်း ခံကြရတော့တယ်။

အထက်လူကြီး အမြင်

မန်နေဂျာသို့မဟုတ် ခေါင်းဆောင်တစ်ယောက်ရဲ့ ဦးနှောက်က အလုပ်ပြီးမြောက်ဖို့ထက် "ခေါင်းခဲရ မယ့် ကိစ္စကိုရှောင်ရှားဖို့ (Conflict Avoidance)" ကို ပိုပြီး ဦးစားပေးတတ်တယ်။ Complain တက်တဲ့သူကို ခိုင်းရမှာ စိတ်ရှုပ်စရာကောင်းတာကြောင့် ဘာမှမပြောတဲ့သူကိုယ်တိုင် ခင်းပေးထားတဲ့ အလွယ်လမ်းကိုပဲ တောက်လျှောက် ရွေးချယ်မိသွားတာ ဖြစ်ပါတယ်။ တကယ်တော့ အသိမှတ်မပြုခံရခြင်း လေးစားမှုမခံခြင်း အစရှိတဲ့ အရာတွေအားလုံးက ခံရသူကိုယ်တိုင် ရွေးချယ်ပေးထားတဲ့ ရလဒ်တခုသာဖြစ်နေတက်တယ်။
ကုန်ပစ္စည်းတစ်ခုလိုပါပဲ အချိန်မရွေးလွယ်လွယ်နဲ့ရနိုင်နေတဲ့ အရာတစ်ခုဟာ တန်ဖိုးနည်းသလို ထင်ရတတ်ပြီး၊ ငြင်းဆန်မှုတွေ ၊ စည်းမျဉ်းတွေနဲ့ "ရရှိဖို့ ခက်ခဲတဲ့အရာ (Complain တက်သူ၏ အချိန်)" က ပိုပြီးတန်ဖိုး ကြီးသလို အထက်လူကြီးက ထင်မှတ်သွားတာမျိုးကြုံကြရတာပါ။

ပြတ်သားခြင်းနဲ့ ရိုင်းစိုင်းခြင်းကို ရှင်းရှင်းလင်းလင်းသိပါစေ

ငြင်းရင် မကောင်းဘူးဆိုဘူးဆိုတဲ့ မြန်မာလူမျိုးတို့ရဲ့ ဓလေ့စရိုက်နဲ့ အထက်လူကြီး စိတ်ဆိုးသွားမှာ ကြောက်တဲ့စိတ်ဟာ နှစ်ရှည်လများမှားယွင်းနေတဲ့ အယူအဆတခုပါ။ Assertiveness ဆိုတဲ့ ပြတ်သားစွာ ပြောဆိုခြင်းဆိုတာ တိုက်ခိုက်ခြင်း မဟုတ်ပါဘူး။ မိမိရဲ့ လုပ်ဆောင်နိုင်စွမ်း၊ နယ်နိမိတ်နှင့် တန်ဖိုးကို လေးစားမှုရှိရှိဖြင့် ပြတ်ပြတ်သားသား တဖက်လူသိအောင်အသိပေးခြင်းမျိုးသာ ဖြစ်ပါတယ်။

ကိုယ့်တန်ဖိုးကိုယ် တည်ဆောက်ပါ

ကိုယ်တိုင်ငြိမ်ပြီး အချိန်ပိုလုပ်ပေးနေတာတဲ့ လုပ်ရပ်တွေကို ရပ်လိုက်ပါ။ ခေါင်းဆောင်ဖြစ်သူရဲ့ သတိ မထား မိတော့တဲ့ လွယ်လွယ်နဲ့ရတာပဲလို့ မြင်နေတဲ့အမြင်ကို ပြောင်းလဲပေးလိုက်ပါ။ အချိန်ပိုဆင်းခဲ့ပြီးနောက် ပြီးစီး ခဲ့တဲ့ လုပ်ငန်းဆိုင်ရာအချက်လက်တွေကို ခေါင်းဆောင်ဖြစ်တဲ့သူသိအောင် (သိလည်း မသိချင်ယောင် ဆောင် နေသူကို) ကိုယ်တိုင်ကလည်း သူသိတာကို မသိချင်ယောင်ဆောင်ပြီး သိအောင်ပြပါ သိအောင် ပြောပါ။ ကိုယ် တိုင်လုပ်ဆောင်ခဲ့တဲ့အချိန်ပိုတွေမှာ ပြီးစီးခဲ့တဲ့ အလုပ်တွေ အခြားသူမလုပ်ခဲ့တဲ့အတွက် ကိုယ့်အတွက် အပို တာဝန်ဖြစ်နေတာတွေကိုလည်း Report အဖြစ် ခေါင်းဆောင်ဖြစ်သူဆီစနစ်တကျတင်ပြပါ။

အမြဲတမ်း Yes နေတာကို ရှောင်ပါ။

အလုပ်ချိန်ကျော်တိုင်း အမြဲ "Yes" လို့ ပြောနေတာကို ရပ်တန့်ပါ။ ငြင်းဆိုခြင်းက မကောင်းသော အပြုအမူ မဟုတ်ပါဘူး ကိုယ့်ရဲ့ပင်မတာဝန်နဲ့ အရည်အသွေးကို ထိန်းသိမ်းတတ်ခြင်းသာဖြစ်ပါတယ်။ အရေးပေါ် အချိန်ပိုဆင်းခိုင်းတာမျိုးနဲ့ ကြုံလာရတဲ့အခါ "အရောင်းအဝယ်ဆန်သော တုံ့ပြန်မှု (Trade-off Matrix)" လုပ်သင့်တဲ့ ခေါင်းဆောင်မျိုးဆို "ဒီနေ့အတွက်လိုအပ်ချက်အရ အချိန်ပိုဆင်းပေးပါမယ်။ ဒါပေမဲ့ ဒါကို ဒီနေ့ အပြီးလုပ်လိုက်ရင် မနက်ဖြန်ပြန်ဝင်ရမယ့် အလုပ်ချိန်နဲ့ လုပ်ဆောင်ရမယ့်အဓိကအလုပ်တွေမှာ ကိုယ့်အတွက် အာရုံစူးစိုက်ဖို့ ခက်စေတဲ့အကြောင်းနဲ့ အလုပ်အစောပြန်ဝင်ရမယ်ဆိုခဲ့ရင်လည်း အလုပ်ဝင်ချိန် နောက်ကျ နိုင်တဲ့အကြောင်းပြောပြပြီး ဘယ်တစ်ခုကို ဦးစားပေးစေချင်ပါသလဲဆိုတာမျိုးကို မေးခွန်းထုတ်လို့ရပါတယ်။
ဒီကနေ့လုပ်ရပ်က နောက်ရက်အတွက်လည်း သက်ရောက်မှုရှိတာကို မသိတဲ့သူတွေကိုသိအောင် ပြောပြခြင်းကလည်း ကိုယ့်ကိုတန်ဖိုးထားစေတာမျိုးဖြစ်ပေါ်စေတယ်။ အဲ့ဒီလိုမေးလိုက်က ကိုယ်လုပ်ပေး နေတာက "အခမဲ့ မဟုတ်ဘဲ တန်ဖိုးတစ်ခု စွန့်လွှတ်ပေးနေရတာ ဖြစ်ကြောင်း" ခေါင်းဆောင်ဖြစ်သူ မန်နေဂျာဖြစ်သူ သိကို သိပါစေ။

မြန်မာစကားပုံက ဓားခုတ်ရာ လက်ဝင်မလျှိုနဲ့ဆိုတာမျိုး

အဖွဲ့အစည်းရဲ့ပြဿနာ ဒါမှမဟုတ် အခြားသူတွေရဲ့ အရည်ချင်းမဲ့ မစွမ်းဆောင်တာတွေကို ကိုယ်ပိုင် ပြဿနာအဖြစ် မခံယူပါနဲ့။ "ဒါကို ငါမလုပ်ပေးရင် ပျက်စီးသွားလိမ့်မည်" ဆိုတဲ့ စိတ်ဓာတ်ကို စွန့်လွှတ်ပါ။ အဖွဲ့အစည်း ပျက်စီးစရာရှိပါက ခေါင်းဆောင်ဖြစ်သူမြင်အောင် အပြစ်ကို အမှန်အတိုင်းပေါ်လွင်ပါစေ။ ကိုယ်တိုင်က အမြဲဖုံးဖုံးဖိဖိ ဝင်လုပ်ပေးနေသရွေ့ မကောင်းတဲ့ အလေ့အကျင့်ကို ပြောင်းလဲနိုင်မှာ မဟုတ်ပါဘူး။

တန်ဖိုးဆိုတာ

လုပ်ငန်းခွင်မှာ "တန်ဖိုးထားခံရခြင်း" ဆိုတာ အခြားသူတွေ ပေးသနားတာကို စောင့်ဆိုင်းနေရတာမျိုး မဟုတ်ဘဲ "မိမိကိုယ်တိုင် သတ်မှတ်ယူရသည့်အရာ (Self-Dignity)" ပါ။

ပေးဆပ်သောသူဆိုတာ မှန်ကန်တဲ့ပေးဆပ်မှုမှသာ

အရာရာကို ငြီးငြူမနေဘဲ အလိုက်သိပေးဆပ်ခြင်းက မွန်မြတ်တယ်ဆိုသော်လည်း၊ ကိုယ်သတ် မှတ်ထားတဲ့ နယ်နိမိတ် (Boundaries) နှင့် ကိုယ်ပိုင်တန်ဖိုး (Self-Worth) ထိခိုက်လာတဲ့အခါ ကိုယ့် စေတနာကို စနစ်ကျတဲ့ ပရော်ဖက်ရှင်နယ် တုံ့ပြန်မှုအဖြစ် ပြောင်းကို ပြောင်းမှရမှာပါ။
“သင့်ရဲ့ အချိန်နဲ့ စေတနာကို တန်ဖိုးမထားဘဲ အလကားရနေတယ်လို့ ထင်သွားအောင် သင့်ဘက်က ခွင့်မပြုပါနဲ့။ တန်ဖိုးဆိုတာ အကျိုးကြောင်းဆီလျော်စွာ ငြင်းဆန်တတ်သည့်အခါမှသာ စတင်ပေါ်လွင်လာတာ ပါ"
တရားခြင်း ၊ မတရားခြင်းတွေအားလုံးက ကိုယ့်ခွင့်ပြုချက်နဲ့ ဖြစ်တည် လာတာမျိုးဆိုတာကိုတော့ နားလည်ဖို့လိုပါတယ်။ ပေးဆပ်ခြင်းက မှန်ကန်ပါစေ သင့်တန်ဖိုးလည်း တက်ပါစေ။

သည်းခံမှုကို နားလည်မှု မလွဲစေဖို့

တချိန်လုံး နားလည်မှုလွဲနေတဲ့ သည်းခံခြင်းဆိုတာက ကိုယ့်ဖြစ်တည်မှု ၊ ဂုဏ်သိက္ခာနဲ့ အခွင့်အရေး တွေကိုဖျက်ဆီးဖို့ ခွင့်ပြုခြင်းမဖြစ်ရပါဘူး။ ကိုယ့်ရည်မှန်းချက် ပန်းတိုင်ဆီသွားတဲ့အခါ ကြုံတွေ့ရတဲ့ အခက် အခဲတွေကို သည်းခံလျှောက်လှမ်းခြင်းသာ ဖြစ်သင့်ပါတယ်။
တာဝန်မဲ့သူတွေ ၊ ပျင်းရိသူတွေ ၊ တာဝန်မသိသူတွေရဲ့နေရာမှာ အစားဝင်ခံပေးနေတာတွေကတော့ သည်း ခံခြင်း မဟုတ်ဘဲ "တာဝန်မဲ့မှုကို အားပေးနေခြင်း(Enabling)"နဲ့ ကိုယ့်ကိုယ်ကို ဖျက်ဆီးခြင်းသာဖြစ်ပါတယ်လို့ သုံးသပ်ရင် နိဂုံးချုပ်လိုက်ပါတယ်။

Savory Culinary



Send a message to learn more

6. Preserving (Salt/Sugar Preservation)ဆား သို့မဟုတ် သကြား သိပ်သည်းဆ မြင့်မြင့်သုံးပြီး အဏုဇီဝပိုးမပွားအောင် ထိန်းသိမ်းခ...
13/07/2026

6. Preserving (Salt/Sugar Preservation)

ဆား သို့မဟုတ် သကြား သိပ်သည်းဆ မြင့်မြင့်သုံးပြီး အဏုဇီဝပိုးမပွားအောင် ထိန်းသိမ်းခြင်းကို ဆိုလိုတာပါ။

Preserving အပိုင်းမှာ အခြေခံအဆင့်တွေကဖော်ပြလိုက်ပါတယ်။

ပထမအဆင့်
ရေဓာတ်လျော့ချခြင်း။ ရေဓာတ်လျော့ချဖို့အတွက် အသုံးများတဲ့ Technique တွေကတော့
- ဆားအသုံးပြုပြီး လျော့ချခြင်း။
- မီးခိုးငွေ့အသုံးပြုပြီး လျော့ချခြင်း (Smoke)။
- တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ပြီးဖြစ်စေ အပူအသုံးချ လျော့ချခြင်း ၊ အခြောက်ခံခြင်း (လေပူ ၊ မီးခိုးငွေ့အပူ ၊ မီးအပူ ၊ သဘာဝအပူ) ဆိုတဲ့ Technique တွေပဲဖြစ်ပါတယ်။

ဒုတိယအဆင့်
အစိုဓာတ်နေရာမှာ အစားထိုးခြင်း။ အသုံးပြုထားတဲ့ ဆား၊ သကြား၊ အချဥ်ရည် ၊ အရက် စသည်တို့က အစားထိုးဝင်ရောက်သွားလို့ ပိုးမွှားပေါက်ပွားခြင်းကိုတားဆီးပေးတဲ့ အဆင့်ဖြစ်ပါတယ်။

တတိယအဆင့်
အချဥ်ဖောက်ပြီး အက်ဆစ်ဓာတ်အဖြစ်ပြောင်းခြင်း။ ဂေါ်ဖီထုပ်ချဉ် (Sauerkraut) လိုမျိုး အချဉ်ဖောက်တဲ့ လုပ်ငန်းစဉ်တွေမှာဆိုရင် ဆားကပုပ်သိုးမှုကိုတားဆီးပေးပြီး အချို့အကျိုးပြု ဘက်တီးရီးယားတွေကို ဆက်လက်ရှင်သန်စေပါတယ်။ အကျိုးပြု ဘက်တီးရီးယားတွေက ဟင်းသီးဟင်းရွက်ထဲမှာပါတဲ့ သကြားဓာတ်ကို အက်ဆစ်အဖြစ် ပြောင်းလဲပေးပြီး ပျက်စီးစေတဲ့ ပိုးမွှားတွေ မဝင်နိုင်အောင် ကာကွယ်ပေးတာ ဖြစ်ပါတယ်။ ဒါဟာ Preservation ရဲ့ အဆင့်ဆင့်ပြုလုပ်ပုံ ပြေင်းလဲသွားပုံကိုဖော်ပြတာဖြစ်ပါတယ်။

7. Umami Seasoning
အူမာမိ အရသာသွင်းခြင်း
ဆားတင်မကဘဲ ဟင်းပွဲကိုလေးနက်စေပြီး လျှာထဲစွဲကျန်စေမယ့် Glutamate ကြွယ်ဝတဲ့ သဘာဝ Seasonings တွေကို အသုံးပြုတဲ့ နည်းစနစ်တခုပါ။ Fermented fish (ငါးငပိ ၊ ငပိရည်)၊ Fish Sauce (ငံပြာရည်)၊ Miso (ပဲပုပ်အနှစ်)၊ Parmesan Cheese၊ Soy Sauce နဲ့ Dried Mushroom မှုန့်တွေက ဆားရဲ့အငန်ဓာတ်အပြင် Umami depth ကိုပါ တစ်ခါတည်း ပေးနိုင်တာကြောင့် နောက်ပိုင်းနည်းစနစ်တွေမှာ ထည့်သွင်းအသုံးပြုနေကြပြီဖြစ်ပါတယ်။ အပိုင်း ၃ ရဲ့ Technique အပိုင်း ဒီမှာတင်အဆုံးသတ်ပါပြီ။

တင်ဆက်ပြီး ဖြစ်တဲ့ Seasoning အပိုင်းကိုလေ့လာပြီးတဲ့အခါ ရသွားမယ့်အသိပညာတွေကတော့ ကိုယ်တိုင် ဖန်တီးမှုပြုလုပ်တဲ့အခါ အသားတွေကို ဘယ်လို Seasoning ပြုလုပ်မှာလဲဆိုတဲ့အပိုင်းကို ထည့်သွင်းစဥ်းစား တတ်သွားမှာပါ။ အဲ့ဒီလို စဥ်စားမိစေဖို့အတွက် Seasoning အပိုင်းကို သေချာလေ့လာပြီး တဆင့်ခြင်းဆီကို နားလည်သွားမှ လွယ်ကူစေမှာပါ။

နောက်ဆုံးအချုပ်အနေနဲ့ပြောရရင်
Seasoning လုပ်တဲ့အခါမှာ အဓိက အချက်သုံးချက်ကို အမြဲထည့်သွင်းစဥ်းစားဖို့လိုအပ်ပါတယ်။
၁။ Foundation Layer ကိုယ်ဘာသုံးထားလဲ။
၂။ The Aromatics & Enhancers Layer မှာ ဘာသုံးထားလဲ။
၃။ Technique-Based Seasoning Layer မှာ ဘယ် Layer ကို အသုံးပြုမှာလဲ။
စတဲ့အချက်သုံးချက်ကိုသာ စဥ်းစားမိထားရင် ကိုယ့်ကိုကိုယ် ယုံကြည်မှုတည်ဆောက်နိုင်မှာဖြစ်ပါတယ်။ ကိုယ်အခြေခံဘယ်လောက်ပိုင်ထားလဲ ဘယ်လောက်လေ့လာထားလဲဆိုတာ သင့်ပတ်ဝန်းကျင်က သင့်ကို အကဲဖြတ်သွားမှာပါ။

Pillar 4 ရဲ့ Salt & Seasoning အပိုင်းကတော့ ဒီမှာတင်ပဲ အဆုံးသတ်သွားပါပြီ။
Salt & Seasoning အပိုင်းကို သေချာလေ့လာဖြစ်ခဲ့တယ်ဆိုရင် ထင်မြင်ယူဆချက်ရေးပေးခဲ့လို့ရပါတယ်။ Salt အပိုင်းနဲ့ Seasoning အပိုင်းလေ့လာမှုမှာ စိတ်ခံစားချက်ဖြစ်စေတာမျိုး (ပျင်းရိ ငြီးငွေ့ဖွယ်ကောင်း ၊ မလိုတာတွေအရမ်းများ ၊ မသိသေးတာတွေ သိလိုက်ရ စသည်ဖြင့်) ရှိခဲ့ရင် မှတ်ချက်ပေးခဲ့လို့ရပါတယ်။

လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ ကူးယူဖော်ပြခွင့် မပြုပါ။



5. Curingဆားဖြင့် အစိုဓာတ်ထုတ်ပြီး အရသာ သိပ်သည်းကျစ်လျစ်စေခြင်းအသား/ငါးထဲက ရေဓာတ်ကို ဆားနဲ့ဆွဲထုတ်ပြီး ရေရှည်ခံအောင်နှင့...
10/07/2026

5. Curing

ဆားဖြင့် အစိုဓာတ်ထုတ်ပြီး အရသာ သိပ်သည်းကျစ်လျစ်စေခြင်း

အသား/ငါးထဲက ရေဓာတ်ကို ဆားနဲ့ဆွဲထုတ်ပြီး ရေရှည်ခံအောင်နှင့် အရသာသိပ်သည်းအောင် လုပ်တဲ့ Techniques ဖြစ်ပါတယ်။(ဥပမာ- Salmon gravlax, Pancetta)။ Curing Technique က Professional Kitchen အပိုင်းမှာ သက်တမ်းအရင့်ဆုံးနဲ့ အနက်နဲဆုံး Charcuterie (အသားမွမ်းမံသိမ်းဆည်းခြင်း အနုပညာ) နည်းပညာဖြစ်ပါတယ်။ ဆားအကြောင်း မျှဝေတဲ့အခါမှာ နိုင်ငံအလိုက် ဆားတွေ့ရှိခဲ့ချိန်က အသုံးပြုခဲ့ပုံမှာ လေ့လာနိုင်ပါတယ်။

Dry Brining နဲ့ Wet Brining တို့က အသားထဲကို ရေဓာတ်တိုးဝင်စေပြီး ချက်ပြုတ်တဲ့အခါ အရည်ရွှမ်းဖို့ ဦးတည်တယ်ဆိုရင် Curing ကတော့ ဆန့်ကျင်ဘက်ပါ။ အသား/ငါးထဲမှာ ရှိသမျှ ရေဓာတ်ကို အတတ်နိုင်ဆုံး "ဆွဲထုတ်ပစ်ပြီး" အရသာဒြပ်ပေါင်းတွေကို အလယ်ဗဟိုမှာ စုစည်းသိပ်သည်းသွားစေဖို့နဲ့ ရေရှည်သိမ်းဆည်းဖို့ ဦးတည်တဲ့ အဆင့်မြင့်နည်းစနစ် ဖြစ်ပါတယ်။

Curing ကို အဆင့်အလိုက် ခွဲခြားပြောရရင် Extreme Osmosis, Dehydration & Structural Tightening, Microbial Inhibition ဆိုပြီး အဆင့်ဆင့် ဖြစ်စဥ်တွေပြောင်းလဲသွားပါတယ်။

Extreme Osmosis
အစိုဓာတ်ကိုဆွဲထုတ်ခြင်း

အသား သို့မဟုတ် ငါးတစ်ခုလုံးကို ဆားတွေနဲ့ မြှုပ်နေအောင် ဖုံးအုပ်ခြင်း (သို့မဟုတ်) ဆားအမြောက်အမြား နယ်လိုက်တဲ့အခါ အပြင်ဘက်က ဆားရဲ့ ပြင်းအားက အဆမတန်မြင့်မားသွားပါတယ်။ ဒီအခါ ပြင်းထန်တဲ့ Osmosis (အော့စ်မိုးစစ်) ဖြစ်စဉ်ကြောင့် အသားရဲ့ ဆဲလ်အတွင်းပိုင်းထဲက ရေဓာတ်တွေဟာ အပြင်ဘက်ကို အဆက်မပြတ် စိမ့်ထွက်လာပြီး ဆားတွေကို သကြားလုံး အရည်ပျော်သလို ပျော်ကျလာစေပါတယ်။

Dehydration & Structural Tightening
အသားသား ကျစ်လျစ်သွားခြင်း

အသားထဲက ရေဓာတ်တွေ အပြင်ကိုထွက်သွားတဲ့အတွက် အသားရဲ့ ပမာဏကကျုံ့သွားပြီး အသားမျှင်တွေက တစ်ခုနဲ့တစ်ခု သိပ်သည်းသွားပါတယ်။ အဲ့ဒီအခါ အသားထဲမှာကျန်ခဲ့တဲ့ သဘာဝအဆီ (Fat) နဲ့ ပရိုတင်းဒြပ်ပေါင်းတွေရဲ့ အရသာဟာ ပွစိစိမဖြစ်တော့ဘဲ အလွန်ပြင်းထန် လေးနက်တဲ့ Umami Depth (အရသာ သိပ်သည်းမှု) ကို ရရှိစေတာဖြစ်ပါတယ်။

Microbial Inhibition
ဘက်တီးရီးယားများ မပေါက်ပွားနိုင်ခြင်း

အစားအစာတွေပုပ်သိုးရခြင်းက အဏုဇီဝပိုးမွှား (Bacteria) တွေကြောင့် ဖြစ်ပါတယ်။ ဘက်တီးရီးယားတွေ ရှင်သန်ဖို့ အသားထဲမှာ Active Water လို့ခေါ်တဲ့ ရေဓာတ်ရှိနေဖို့လိုပါတယ်။ Curing နည်းစနစ်က အဲ့ဒီရေဓာတ်ကိုအနိမ့်ဆုံးအထိ ဆွဲချပစ်လိုက်တဲ့အတွက် ဘက်တီးရီးယားတွေလုံးဝ မရှင်သန်နိုင်တော့ဘဲ ရေခဲသေတ္တာမရှိတဲ့ ခေတ်ကတည်းက အသားတွေကိုလပေါင်းများစွာ ကြာရှည်ခံအောင် သိမ်းဆည်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

Curing မှာ နည်းစနစ် (၂) မျိုး

Professional လောကမှာ Curing ကို အဓိက နည်းစနစ် ၂ မျိုး အနေနဲ့ အသုံးချပါတယ်။ Dry Curing နဲ့ Wet Curing (Combination) ဆိုပြီး နည်းစနစ်နှစ်မျိုးဖြစ်ပါတယ်။

1. Dry Curing
အရည်မဲ့ အသုံးချနည်းစနစ်

အသားတုံးကြီးတွေကို ဆား၊ သကြား၊ Pink Curing Salt (Sodium Nitrite) နဲ့ ဟင်းခတ်မွှေးကြိုင်တွေကို အချိုးကျရောပြီး အသားမျက်နှာပြင်တစ်ခုလုံးကို အထူကြီးဖုံးအုပ်နှပ်ထားတာဖြစ်ပါတယ်။ ရက်ပိုင်း သို့မဟုတ် သာမန်ထက် ကြာလာတဲ့အခါ ရေတွေထွက်သွားပြီးအသားကို ဆေးကြောပြီးမှ အပူချိန်နဲ့စိုထိုင်းဆ ထိန်းညှိထားတဲ့ အခန်းထဲမှာ ရက်ပေါင်း ၊ လပေါင်းများစွာ အခြောက်ခံ (Air-dry/Age) ထားရပါတယ်။

Pancetta
အီတလီစတိုင် ဝက်သုံးထပ်သား Cured အသား
ဝက်သုံးထပ်သားကို ဆား၊ ငရုတ်ကောင်းစေ့၊ လေးညှင်းပွင့်တို့နဲ့ Dry Cure လုပ်၊ ပြီးမှ လိပ်ပြီး ကြိုးချည်ကာ ရက်သတ္တပတ်များစွာ အခြောက်ခံထားတဲ့ အသားပါ။

Guanciale (ဂွမ်ချာလီ)
ဝက်ပါးဇောင်သား (Pork Jowl) ကို ဆား၊ ငရုတ်ကောင်း၊ ဟင်းခတ်မွှေးကြိုင်တွေနဲ့ သေချာ Curing လုပ်ထားပြီး အဆီဓာတ် အလွန်ကြွယ်ဝတဲ့ အသားဖြစ်ပါတယ်။ (Authentic Carbonara ခေါက်ဆွဲရဲ့ မရှိမဖြစ် ဖြစ်ပါတယ်။)

Prosciutto / Jamón Ibérico
ဝက်ပေါင်ခြံသား တစ်ခုလုံးကို ဆားပုံကြီးထဲမြှုပ်ပြီး လပေါင်းများစွာကနေ နှစ်နဲ့ချီပြီး Dry Cure လုပ်ထားတဲ့ ကမ္ဘာ့ဈေးအကြီးဆုံး အသားလွှာများ ဖြစ်ပါတယ်။

Wet Curing / Combination
အရည်ဖြင့် အသုံးချ နည်းစနစ်

ဆားရည်အနှစ် (သို့မဟုတ်) ဆားနဲ့သကြား အချိုးကျရောထားတဲ့ အနှစ်တွေထဲမှာ အသား/ငါးကို ရက်ပိုင်းမျှ ခေတ္တနှစ်စိမ်ပြီး ရေဓာတ်အချို့ထုတ်၊ အရသာ သိပ်သည်းစေတဲ့ နည်းစနစ် ဖြစ်ပါတယ်။
ရေရှည်အခြောက်ခံဖို့ထက် အရသာနဲ့ Texture သိပ်သည်းဖို့ကိုပဲ ဦးတည်ပါတယ်။

Salmon Gravlax
နော်ဒစ်စတိုင် ဆယ်လ်မွန်ငါး
ဆယ်လ်မွန်ငါးအသားလွှာကို ဆား၊ သကြား၊ ငရုတ်ကောင်းဖြူနဲ့ Dill (ဇီယာရွက်) အများကြီးအုပ်ပြီး အပေါ်ကနေ လေးတဲ့အရာဖိကာ ရေခဲသေတ္တာထဲမှာ ၃၆ နာရီကနေ ၄၈ နာရီအထိ Curing လုပ်ရပါတယ်။ ဆယ်လ်မွန်ထဲက ရေတွေထွက်သွားပြီး ငါးသားက ကတ္တီပါသားလို စေးပိုင်ကျစ်လျစ်ပြီး အိစိမ့်သွားတဲ့အတွက် မီးသုံးစရာမလိုဘဲ ပါးပါးလှီးပြီး တိုက်ရိုက် သုံးဆောင်ရတဲ့ Fine Dining Appetizer အလန်းစား ဖြစ်ပါတယ်။

"ရိုးရိုး Brining ဆိုတာ အသားထဲကို ရေဓာတ်စိမ့်ဝင်စေပြီး 'အရည်ရွှမ်းခြင်း (Juiciness)' ကို ဖန်တီးတာဖြစ်ပြီး၊ Curing ကတော့ အသားထဲက ရေဓာတ်ကို အပြင်ထုတ်ပြီး 'အရသာ သိပ်သည်းကျစ်လျစ်ခြင်း (Concentrated Umami)' ကို ဖန်တီးတဲ့ အဆင့်မြင့် အချက်အပြုတ် အနုပညာ ဖြစ်ပါတယ်။"

လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ ကူးယူဖော်ပြခွင့် မပြုပါ။



4. Velvet Brine Long-term/Slow Cookingအသားတုံးကြီးတွေကို Baking soda နှင့် ဆားရည် (Wet brine) ထဲမှာ နာရီပေါင်းများစွာ စိ...
08/07/2026

4. Velvet Brine
Long-term/Slow Cooking

အသားတုံးကြီးတွေကို Baking soda နှင့် ဆားရည် (Wet brine) ထဲမှာ နာရီပေါင်းများစွာ စိမ်ပြီးမှ အချိန်အကြာကြီး Slow cook/Braise လုပ်တဲ့စနစ်ကို ဆိုလိုတာပါ။ အတွင်းပိုင်း အသားမျှင်တွေ အပူကြောင့် ကျုံ့မဝင်အောင် ဓာတုဗေဒနည်းအရ ပြောင်းလဲခြင်းနည်းလမ်းကို ဆိုလိုတာပါ။ ဆားအသုံးပြုတဲ့ Wet Brine နဲ့ မလွဲသွားစေဖို့တော့ သတိချပ်ဖို့လိုပါတယ်။

အသုံးများတဲ့ Velvet Brine Standard Formula ကတော့ အသားအလေးချိန်အပေါ်မူတည်ပြီး
• အသား (Meat): 100 %
• ရေ (Water): 50 % (အသားအလေးချိန်ရဲ့ တစ်ဝက်)
• ဆား (Salt): 1.5 % မှ 2 % (အသားထဲအထိ အငန်ဓာတ် စိမ့်ဝင်ဖို့ အကောင်းဆုံးအချိုး)
• Baking Soda (Bicarbonate): 0.5 % မှ 0.75 %

(အသားမျှင်တွေကို နူးညံ့စေပြီး pH တက်စေဖို့ တိကျရမယ့် ပမာဏပါ၊ 1 % ကျော်သွားရင် ဆပ်ပြာနံ့လို ခါးသက်သက် အရသာ ထွက်တတ်ပါတယ်)

• သကြား (Sugar - Optional): 1 % (အရသာ Balance ဖြစ်ပြီး Maillard Reaction အတွက်)

Formula ပုံစံချရပြရင်

Meat (အသား) 100 %
Water (ရေ)50 %
Salt (ဆား) 1.5 % မှ 2 %
Baking Soda (မုန့်ဖုတ် ဆော်ဒါ) 0.5 % မှ 0.75 %

အသားကို Brine solution အရည်ထဲမှာ အနည်းဆုံး ၄ နာရီကနေ တစ်ညသိပ်အထိ နှပ်ထားရပါမယ်။ ပြီးရင် Slow Cook (Braise သို့မဟုတ် Smoked) လုပ်တဲ့အခါ အသားထဲက ပရိုတင်းတွေ ကျုံ့မဝင်တော့ဘဲ အရည်ရွှမ်းပြီး နူးအိနေတာကို တွေ့ရပါလိမ့်မယ်။

လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ ကူးယူဖော်ပြခွင့် မပြုပါ။



07/07/2026

စာဖတ်ရတာ အချိန်မပေးနိုင်သူတွေအတွက်





3. Velvet Brine Short-term/Fast Cookingအာရှစတိုင် Velvet Brine ကို ဆိုလိုတာပါ။ ရှာဖွေတွေ့ရှိမှုမှာ စတင်အသုံးပြုတာက တရုတ်...
06/07/2026

3. Velvet Brine
Short-term/Fast Cooking

အာရှစတိုင် Velvet Brine ကို ဆိုလိုတာပါ။ ရှာဖွေတွေ့ရှိမှုမှာ စတင်အသုံးပြုတာက တရုတ်ပြည်က ဆင်းသက်လာတယ်လို့ ဖော်ပြကြပါတယ်။ အသားကို ပါးပါးလှီး၊ ကော်မှုန့်၊ ကြက်ဥအကာ၊ ဆား၊ Baking soda အနည်းငယ်နဲ့ နယ်ပြီး ဆီပူ/ရေနွေးပူ ဖြတ်ပြီး Quick Stir-fry လုပ်တဲ့စနစ်ပါ။ အပြင်ကနေ အစိုဓာတ်ကို Barrier နဲ့ ပိတ်ဆို့ခြင်းနည်းလမ်းကိုဆိုလိုတာပါ။

ကိုယ်တွေ့ အတွေ့အကြုံ။ ဟိုတယ်တလုံးမှာ Executive Level တွေက နေ့လယ်စာအတွက် ဘာစီစဥ်ပေးနိုင်မလဲဆိုပြီး မေးလာပါတယ်။ မစားတဲ့အသားဘာရှိလဲမေးတော့ ဘာမှမရှိဘူး အကုန်စားတယ်ဆိုတာနဲ့ ဝက်သားနဲ့ ပန်းငရုတ်ပွကြော်စားမလားလို့ မေးတဲ့အခါ သူတို့အရင်ကစားနေတာတွေက မာတဲ့အကြောင်းပြောပါတယ်။ တခြားဟာ ဘာရှိသေးလဲမေးပါတယ်။

သူတို့အရင်ကစားတယ်ဆိုတာက ကိုယ်တာဝန်မယူရသေးခင်ကအချိန်ကို ပြောတာပါ။
အဲ့ဒါနဲ့ပဲ ဝက်သားနဲ့ ပန်းငရုတ်ပွကြော်ကိုပဲ စားကြည့်ဖို့ပြောလိုက်ပါတယ်။ စားပြီးတဲ့အခါမှ မှတ်ချက်ပေးဖို့ တောင်းဆိုလိုက်တယ်။ သူတို့ဆီက Okay ဆိုတော့ ကြော်ပေးလိုက်တယ်။ စားနေရင်းသူတို့ပြောတာက ဝက်သားရောဟုတ်လို့လားတဲ့ ကြက်သားကိုမဟုတ်လားတဲ့။ ဝက်သားပါဆိုတော့ အရင်က စားတာအရမ်းမာတယ်ဆိုတဲ့ မှတ်ချက်ပဲ ပေးပါတယ်။ အဲ့ဒါနဲ့ရှင်းပြလိုက်ပါတယ်။ Recipe တူနေပါစေအုံးတော့ Technique မတူရင် ဟင်းပွဲအရသာ ကွဲပြားပါတယ်လို့ ရှင်းပြတော့ လက်ခံသွားတယ်။ အဲ့ဒီနေ့က သုံးလိုက်တဲ့ Technique က Velvet Brine Technique ကို သုံးလိုက်တာပါ။ အသားကို ပါးပါးလှီးတာဖြစ်ဖြစ် အချောင်းလှီးတာဖြစ်ဖြစ် ကော်မှုန့်၊ ကြက်ဥအကာ၊ ဆား၊ ဆီ၊ Baking soda အနည်းငယ်နဲ့ နယ်ပြီး ဆီပူ/ရေနွေးပူ ဖြတ်ပြီး Quick Stir-fry လုပ်တဲ့စနစ်ပါ။ တကယ်တော့ အဲ့ဒီနေ့က Baking Soda မသုံးလိုက်ပါ။ အပူ ချိန်းချုပ်ခြင်းနည်းကို သုံးခဲ့လိုက်တာပါ။ အပူချိန်အရမ်းများရင် Protein တွေ ကျစ်လစ်သွားစေတာကြောင့် အပူချိန်ကို ဂရုစိုက်ပြီးထိန်းချုပ်ခဲ့ပါတယ်။ ပြောချင်တာက Chef တွေအနေနဲ့ Technique အပိုင်းကို အမြဲလေ့လာနေသင့်တယ်ဆိုတဲ့အကြောင်းပါပဲ။

Technique အပိုင်းမှာ သုံးပိုင်းရှိပါတယ်။

စာတွေ့ကပြောတဲ့ Technique ၊
Skill ကြောင့် နားလည်သွားတဲ့ Technique ၊
Experience ကြောင့် ရလိုက်တဲ့ Techniques ဆိုတာပါပဲ။ Chef တွေ ဘာ့ကြောင့် အသက်အရွယ်ရလာလေလေ ပိုတန်ဖိုးကြီးသလဲဆိုတာက ဖြတ်သန်းလာတဲ့အတွေ့ကြုံတွေထဲက သင်ခန်းစာယူခဲ့ရတာတွေ အမျိုးမျိုး စမ်းသပ်ပြီးမှ ရခဲ့တဲ့ Technique တွေကြောင့်ပါပဲ။

(မှတ်ချက်။ အမြဲလေ့လာနေတဲ့ အသက်မွေးဝမ်း‌‌ကျောင်းကို ချစ်တဲ့သူတွေကိုသာ ဆိုလိုတာပါ။)

မလေ့လာဘဲ အသက်ကြီးသွားရင်တော့ ဘာမှထူးခြားတိုးတက်လာတာမျိုး ရှိနေမှာမဟုတ်ပါဘူး။

လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ ကူးယူဖော်ပြခွင့် မပြုပါ။



2. Wet Briningဆားရည် (Brine solution) ထဲမှာ စိမ်ပြီး အစိုဓာတ်နဲ့ အရသာကို မျှတစေခြင်း။ Dry Brining က အသားရဲ့ အပြင်မျက်နှာ...
03/07/2026

2. Wet Brining
ဆားရည် (Brine solution) ထဲမှာ စိမ်ပြီး အစိုဓာတ်နဲ့ အရသာကို မျှတစေခြင်း။ Dry Brining က အသားရဲ့ အပြင်မျက်နှာပြင်ကို ခြောက်သွေ့ကြွရွစေဖို့ ဦးတည်ပြီး Wet Brining ကတော့ အသားရဲ့ အတွင်းပိုင်း ဆဲလ်တွေအထိ ရေဓာတ် (အစိုဓာတ် အပြည့်ဆုံးနှင့် အနူးညံ့ဆုံး) ဖြစ်အောင် လုပ်ဆောင်တဲ့ နည်းစနစ် ဖြစ်ပါတယ်။

Osmosis / Equilibrium
ရေဓာတ် စတင်စီးဝင်ခြင်း
ဆားရည်ရဲ့ သိပ်သည်းဆက အသားထဲက အရည်တွေရဲ့ သိပ်သည်းဆထက် မြင့်နေပါတယ်။ ဒါပေမဲ့ ဆားရည်ထဲမှာ ရေအမြောက်အမြား ပါဝင်နေတဲ့အတွက် သဘာဝတရားရဲ့ မျှခြေညှိခြင်း (Equilibrium) စည်းမျဉ်းအရ ဆားဓာတ်နဲ့အတူ ရေမော်လီကျူးတွေဟာ အသားရဲ့ ဆဲလ်နံရံတွေကို ဖြတ်သန်းပြီး အသားအတွင်းပိုင်းထဲအထိ တိုးဝင်စိမ့်ပျံ့ (Diffusion) သွားပါတယ်။

Denaturation
အသားမျှင်များ ပွင့်ပြီး ရေဆွဲထိန်းခြင်း
အသားထဲကို ရောက်သွားတဲ့ ဆားအိုင်းယွန်း (Salt ions) တွေက အသားရဲ့ တင်းကျပ်နေတဲ့ ပရိုတင်းမျှင် (Muscle proteins - Myosin) တွေကို ဓာတ်ပြုပြီး ပြေလျော့ပွင့်ထွက်သွားအောင် (Denature ဖြစ်အောင်) လုပ်လိုက်ပါတယ်။ ပရိုတင်းမျှင်တွေ ပွင့်သွားတဲ့အတွက် အသားထဲမှာ ရေဓာတ်တွေ ခိုအောင်းနိုင်မယ့် Spongy matrix တွေ အများကြီး ဖြစ်ပေါ်လာပြီး ရေဓာတ်ကို ပိုမို အဆမတန် စုပ်ယူ သိုလှောင်လိုက်ပါတယ်။

Maximum Moisture Retention
အစိုဓာတ် ထိန်းချုပ်လိုက်ခြင်း
ဒီနည်းစနစ်ကြောင့် Wet Brined လုပ်ထားတဲ့ အသားဟာ သူ့ရဲ့ မူရင်းအလေးချိန်ထက် 10% မှ 15% အထိ ရေဓာတ်ပိုမို စုပ်ယူထားနိုင်စွမ်း ရှိသွားပါတယ်။ ချက်ပြုတ်တဲ့အခါ အပူကြောင့် ရေဓာတ်အချို့ ဆုံးရှုံးသွားရင်တောင် ကြိုတင်စုပ်ယူထားတဲ့ ရေဓာတ်တွေ ရှိနေတဲ့အတွက် အသားက ပုံမှန်ထက် ပိုမို အရည်ရွှမ်းပြီး ကျုံ့မသွားဘဲ ဖောင်းအိနေတာ ဖြစ်ပါတယ်။
Wet Brining က သဘာဝအတိုင်းအဆီနည်းပြီး ချက်လိုက်ရင် ခြောက်ကပ် (Lean & Dry) သွားတတ်တဲ့ အဖြူရောင်အသား (White Meat) တွေနဲ့ ပင်လယ်စာတွေအတွက် တကယ့်ကိုစနစ်ကျနဲ့ နည်းစနစ် ဖြစ်ပါတယ်။

Southern Fried Chicken
အမေရိကန် တောင်ပိုင်းစတိုင် ကြက်ကြော်
ကြက်သားအတုံးတွေကို မကြော်ခင် ဆား၊ သကြား၊ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ Buttermilk သို့မဟုတ် ရေနွေးနဲ့ စပ်ထားတဲ့ ဆားရည်ဖျော်ရည်ထဲမှာ ၄ နာရီမှ ၁၂ နာရီအထိ စိမ်ထားရပါတယ်။
ကြက်သားကို မုန့်နှစ်လူးပြီး ဆီပူထဲ အချိန်အကြာကြီး ထည့်ကြော်ရတဲ့အတွက် ပုံမှန်ဆိုရင် ကြက်သားအတွင်းပိုင်းက ခြောက်သွားတတ်ပါတယ်။ ဒါပေမဲ့ Wet Brining ကြောင့် ကြက်သားကို ကိုက်လိုက်တာနဲ့ အပြင်ခွံကကြွပ်ရွပြီး အသားအတွင်းက အရည်ထွက်လာတဲ့အထိ Super Juicy ဖြစ်နေစေပါတယ်။

Brined Pork Chops with Apples
Pork Chop တွေက အဆီနည်းလို့ ဆိုင်တွေမှာစားရင် ပေါ့ဖတ်ဖတ်ကြီး ဖြစ်နေတတ်ပါတယ်။ ဒါကို Apple cider ၊ ဆား၊ ကရဝေးရွက်၊ လေးညှင်းပွင့်တို့ ရောထားတဲ့ Brine ထဲမှာ ၄ နာရီခန့် စိမ်ပြီးမှ Grill သို့မဟုတ် Pan-sear လုပ်ပါတယ်။ ဝက်သားထဲကို ပန်းသီးရဲ့ချိုမွှေးတဲ့ရနံ့နဲ့ ဆားရည်ကအတွင်းပိုင်း ဆဲလ်တွေအထိ ရောက်သွားတဲ့အတွက် ချက်ပြီးတဲ့အခါ ဝက်သားက ဓားနဲ့လှီးရုံနဲ့တင်နူးအိသွားပြီး လျှာပေါ်မှာစိမ့်တဲ့ အရသာကို ပေးစွမ်းပါတယ်။

Brined Jumbo Prawns / Scallops
ပုစွန်နဲ့ Scallops တွေက မိနစ်ပိုင်းလေး လက်လွန်တာနဲ့ ရော်ဘာတုံးလို မာကျစ်သွားတတ်ပါတယ်။ မချက်ခင် ရေခဲရေ၊ ဆား၊ ရှပန်ဝိုင်အဖြူအနည်းငယ်တို့နဲ့ စပ်ထားတဲ့ ဆားရည်အေးအေးထဲမှာ မိနစ် ၂၀ မျှသာ ခေတ္တ Wet Brining လုပ်ထားမယ်ဆို အပူဒဏ်ကြောင့် ပုစွန်သား ကျုံ့မသွားတော့ဘဲ ကျွတ်ကျွတ်အိအိ (Plump & Snap texture) ဖြစ်နေပြီး ပင်လယ်စာရဲ့ သဘာဝ အချိုဓာတ်ကို အမြင့်ဆုံးအဆင့်အထိ ဆွဲထုတ်ပေးပါတယ်။

Wet Brining အပိုင်းကို မျှဝေမှုအပိုင်း ဒီမှာတင်ပြီးဆုံးပါပြီ။ လေ့လာမှုတိုင်း အကျိုးရှိမယ်လို့ မျှော်လင့်မိပါတယ်။

လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ ကူးယူဖော်ပြခွင့် မပြုပါ။



အပိုင်း (၃)Technique-Based Seasoningနည်းစနစ်ဖြင့် အရသာသွင်းခြင်းဆားနဲ့ သိပ္ပံနည်းကျ ဖြစ်စဉ်တွေကို အသုံးချပြီး အသားတွေထဲအ...
01/07/2026

အပိုင်း (၃)
Technique-Based Seasoning
နည်းစနစ်ဖြင့် အရသာသွင်းခြင်း

ဆားနဲ့ သိပ္ပံနည်းကျ ဖြစ်စဉ်တွေကို အသုံးချပြီး အသားတွေထဲအထိ အရသာရောက်အောင် ကြိုတင်ပြင်ဆင်တဲ့ အဆင့်မြင့် နည်းပညာတွေ ဖြစ်ပါတယ်။

Technique Base Seasoning တွေကို အောက်ပါအတိုင်း ခွဲခြားတင်ဆက်သွားမှာ ဖြစ်ပါတယ်။
1. Dry Brining
2. Wet Brining
3. Velvet Brine (Short-term/Fast Cooking)
4. Velvet Brine (Long-term/Slow Cooking)
5. Curing
6. Preserving (Salt/Sugar Preservation)
7. Umami Seasoning

Dry Brining အပိုင်းကို စတင်လိုက်ကြရအောင်။

1. Dry Brining
အသားကို ဆားကြိုခတ်ပြီး သဘာဝအရည်တွေကို ပြန်စိမ့်ဝင်စေခြင်း Technique

Steak များတွင် အသုံးပြုခြင်း
Steak ကင်မယ့် အမဲသားတုံး (Ribeye, Striploin သို့မဟုတ် T-Bone) ကို မကင်မီ ၁၂ နာရီမှ ၂၄ နာရီအလို ကတည်းက Kosher Salt ဖြူးပြီး ရေခဲသေတ္တာထဲက Wired Rack (ဇကာ) ပေါ်မှာ ခြောက်သွေ့စေတဲ့ စနစ်တခုဖြစ်ပါတယ်။ အဖုံးမဖုံးပဲလေဟာပြင်မှာထားလိုက်တာက ရေခဲသေတ္တာထဲကလေထုကြောင့် အသားရဲ့ အပြင်ဘက်မျက်နှာပြင်ခြောက်သွားပြီး ဆားရည်တွေအတွင်းထဲစိမ့်ဝင်သွားစေပါတယ်။ ဒယ်အိုးပူပူပေါ် တင်လိုက်တဲ့အခါ မျက်နှာပြင်မှာ ရေဓာတ်မရှိတော့လို့ ဆီပူနဲ့ တိုက်ရိုက်ထိတွေ့ပြီး Maillard Reaction ကို စက္ကန့်ပိုင်းအတွင်း ဖြစ်ပေါ်စေကာ မဟော်ဂနီရောင် ကြွရွတဲ့ အပေါ်ယံလွှာ (Deep-Brown Crust) ကို ရရှိစေပြီး၊ လှီးလိုက်တဲ့အခါ အတွင်းက အသားရည်တွေ အပြင်ကို လျှံမထွက်ဘဲ ပန်းရောင်သန်းပြီး အိစိမ့်နေတာကို တွေ့ရမှာပါ။

အရေခွံကြွပ် ကြက် ၊ ဘဲ ၊ ကြက်ဆင်များတင် အသုံးပြုခြင်း
Fine Dining Menu တွေမှာ ကြက် ၊ ဘဲ ၊ ကြက်ဆင် (Turkey) တစ်ကောင်လုံးကို Roast မလုပ်ခင် ၎င်းရဲ့ အသားအလေးချိန်အလိုက် ဆားကို တိတိကျကျ တွက်ချက်ပြီး အရေခွံပေါ်ရော၊ အတွင်းပိုင်းထဲပါ သေချာ ဖြူး/နယ်ရပါတယ်။ ပြီးရင် ရေခဲသေတ္တာထဲမှာ ၂၄ နာရီကနေ ၄၈ နာရီအထိ အဝတ် ၊ Plastic Flim မအုပ်ဘဲ Air-dry ထားရပါတယ်။ ပုံမှန်ဆိုရင် ကြက်ရင်ပုံသား (Chicken Breast) က ဖုတ်လိုက်ရင် ခြောက်ကပ်ပြီး ဖတ်ဖတ်ကြီး ဖြစ်သွားတတ်ပါတယ်။ ဒါပေမဲ့ Dry Brining စနစ်က ဆားကို အသားမျှင်တွေထဲအထိ ရောက်အောင် စိမ့်ဝင်သွားလို့ Oven ထဲမှာ အချိန်ကြာကြာ ဖုတ်ရင်တောင် ရင်ပုံသားကအစ အရည်ရွှမ်း (Juicy) နေပြီး၊ အပြင်ဘက်က အရေခွံကိုတော့ ကြွပ်ရွနေစေပါတယ်။

ဝက်သုံးထပ်သား မီးကင် / ဝက်နံရိုးကင်
ဝက်သုံးထပ်သား (Pork Belly) သို့မဟုတ် ဝက်နံရိုးတွေရဲ့ အသားပိုင်းကို ဆားခတ်၊ အပေါ်ယံအရေခွံကို ဓားဦးချွန်နဲ့ အပေါက်သေးသေးလေးတွေ အများကြီးဖောက်ပြီး ဆားအကြမ်းတွေ ဖြူးကာ ၁ ရက် သိပ်ထားကြပါတယ်။

(မှတ်ချက်။ မတူတဲ့ နည်းပညာတရပ်ဖြစ်ပါတယ်။ Technique အားလုံး Chef တွေ အကြိုက်အလိုက် အပြောင်းလဲ အမျိုးမျိုးရှိကြပါတယ်။ အခြေခံ Technique တခုအရ ထည့်သွင်းစဥ်းစားနိုင်ဖို့အတွက် ဖော်ပြခြင်းဖြစ်ပါတယ်။)

ဝက်သားက သဘာဝအတိုင်း အဆီနဲ့ ရေဓာတ် ပေါများလို့ ချက်ရင် ဖျော့တော့တော့ ဖြစ်တတ်ပါတယ်။ ဆားက အရေခွံထဲက ရေဓာတ်ကို အကုန်ဆွဲထုတ်ပစ်လိုက်တဲ့အတွက် ချက်ပြုတ်လိုက်တဲ့အခါ ဝက်ရေခွံက ဖောင်းကြွပြီး ကြွပ်ရွမှုကိုရရှိစေပြီး၊ အသားပိုင်းကတော့ ဝက်ဆီဓာတ်နဲ့ ဆားရည်တို့ ပေါင်းစပ်ပြီး အိဆင်းနေတာ ဖြစ်ပါတယ်။

ဘဲရင်ပုံသား ကင်
ဘဲရင်ပုံသားရဲ့ အဆီလွှာမျက်နှာပြင်ကို စိန်ကွက်ပုံစံဓားရာလေးတွေ ပေးပြီး ဆားခတ်ကာ ၈ နာရီမှ ၁၂ နာရီခန့် Dry Brining လုပ်ရပါတယ်။ ဘဲသားက အနီရောင်အသား (Red meat) အမျိုးအစားဖြစ်ပြီး ညှီနံ့ အနည်းငယ် ပါတတ်ပါတယ်။ Dry Brining လုပ်လိုက်ခြင်းဖြင့် ဘဲအဆီလွှာအောက်က ရေဓာတ်ပိုတွေကို ဖယ်ရှားပေးလို့ ဒယ်အိုးထဲ ကင်တဲ့အခါ ဘဲဆီ (Duck fat) တွေက အရည်ပျော်ထွက်လွယ်ကာ အပြင်ခွံကို ပိုမို ကြွပ်ရွစေပြီး၊ အသားထဲက Gamey flavor (ညှီစို့စို့အနံ့) ကို Mask လုပ်ပေးကာ ဘဲသားကို နူးညံ့လှပတဲ့ Medium-rare အနေအထား ကွက်တိ ရရှိစေပါတယ်။
Dry Brining အပိုင်းတင်ဆက်မှု ဒီမှာတင် အဆုံးသတ်လိုက်ပါတယ်။ လက်တွေ့အသုံးချ နယ်ပယ်မှာ Dry Brining Techniques အပိုင်းလေ့လာမှုက အထောက်အကူပြုနိုင်မယ်လို့ ယုံကြည်ပါတယ်။

လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ ကူးယူဖော်ပြခွင့် မပြုပါ။



အပိုင်း (၂)The Aromatics & Enhancersရနံ့ပေါင်းစပ်ခြင်းနှင့် အရသာမြှင့်တင်ပေးခြင်း1. Accent Spices (တင်ဆက်ပြီး)2. Flavor ...
29/06/2026

အပိုင်း (၂)
The Aromatics & Enhancers
ရနံ့ပေါင်းစပ်ခြင်းနှင့် အရသာမြှင့်တင်ပေးခြင်း

1. Accent Spices (တင်ဆက်ပြီး)
2. Flavor Spices (တင်ဆက်ပြီး)

Infuse Spice အကြောင်း ဆက်လက်‌ဖော်ပြနေတာဖြစ်ပါတယ်။

3. Infused Spices
a. The Sweet Wood & Bark Family ‌(ဖော်ပြထားပြီး ဖြစ်ပါတယ်)

b. The Savory & Herbal Leaves
ဟင်းလျာကို သင်းပျံ့စေသော သစ်ရွက်ခြောက်များ

ဒီနေ့မှာတော့ The Savory & Herbal Leaves အပိုင်းထဲက Herbs အကြောင်းတွေကို ဆက်လက်ဖော်ပြနေတာ ဖြစ်ပါတယ်။

Herbs
1. Dried Herbs
2. Fresh Herbs
3. Herb Oils
4. The 1:3 Rule

Dried Herb အပိုင်းကနေ စတင်ဖော်ပြလိုက်ပါတယ်။
1. Dried Herbs
အခြောက်ခံ ဟင်းခတ်ပင်များ — "The Infusion Base"
Herbs တွေကို အခြောက်ခံ (Dehydrate) လိုက်တဲ့အခါ အရွက်ထဲက ရေဓာတ်တွေ ကုန်ခမ်းသွားပြီး ၎င်းတို့ထဲမှာရှိတဲ့ သဘာဝအမွှေးဆီ (Essential Oils) တွေက သိပ်သည်းဆ အလွန်မြင့်မားသွားပါတယ်။ ဒါပေမဲ့ အဲ့ဒီအမွှေးဆီတွေက ခြောက်သွေ့နေတဲ့ ဆဲလ်နံရံတွေထဲမှာ ပိတ်မိနေတဲ့အတွက် အပူဒဏ်နဲ့ ရေဓာတ် (Liquid) နဲ့ ထိတွေ့ပြီး "ပြန်လည်ပွင့်လာဖို့ (Rehydrate ဖြစ်ဖို့)" အချိန်ယူရပါတယ်။

Hard / Woody Herbs
Rosemary (ရိုစမာရီ)၊ Thyme (တိုင်းမ်)၊ Oregano (အော်ရီဂါနို)၊ Marjoram။ တို့က ပင်စည်မာပြီး အရွက်က အဆီဓာတ်များတဲ့ အပင်မာမျိုးနွယ်တွေ ဖြစ်လို့ အခြောက်ခံဖို့ အကောင်းဆုံးဖြစ်ပါတယ်။
ဟင်းချက်ခြင်းရဲ့ "အစောပိုင်း သို့မဟုတ် အလယ်အဆင့်" (Early to Middle Seasoning) ကတည်းက ထည့်သွင်းအသုံးပြုကြတာများပါတယ်။ Stew တွေ၊ Long-simmered Sauces (ဥပမာ - ခရမ်းချဉ်သီးဆော့စ်) သို့မဟုတ် အသားနှပ် (Marination) ထဲမှာ ထည့်သုံးကြပါတယ်။ ချက်ပြုတ်ချိန် နာရီဝက်ကနေ နာရီပိုင်းအထိ အချိန်ပေးခြင်းဖြင့် ၎င်းတို့ထဲက မြေကြီးနံ့၊ သစ်တောနံ့ (Woody & Piney Notes) တွေကို အရည်ထဲ စိမ့်ထွက်စေပါတယ်။
ခြောက်နေတဲ့ အရွက်တွေကို အိုးထဲ ဒီအတိုင်း မပစ်ထည့်ပါနဲ့။ လက်ဖဝါးထဲထည့်ပြီး "ဖိခြေပြီးမှ (Crush/Rub)" ထည့်ပါ။ လက်ဖဝါးက အပူနဲ့ပွတ်တိုက်မှုက ပိတ်မိနေတဲ့အမွှေးဆီတွေကို နိုးထပွင့်ထွက်လာစေ တာကြောင့် ဖြစ်ပါတယ်။

2. Fresh Herbs
လတ်ဆတ်သော ဟင်းခတ်ပင်များ — "The Brightening Finish"
Fresh Herbs တွေမှာ ရေဓာတ် 80 % ကျော် ပါဝင်ပြီး ၎င်းတို့ရဲ့ ရနံ့မော်လီကျူးတွေ (မုန်လာဥနံ့၊ Citrus နံ့၊ ပန်းရနံ့ဆန်ဆန် ဒြပ်ပေါင်းတွေ) က အလွန် Volatile ဖြစ်ပြီး နုနယ်လွန်းပါတယ်။ အပူဒဏ်ပြင်းပြင်းနဲ့ ထိတွေ့လိုက်တာနဲ့ စက္ကန့်ပိုင်းအတွင်း အနံ့တွေ အငွေ့ပျံပျောက်ကွယ်သွားပြီး၊ အရွက်ထဲက Chlorophyll (ကလိုရိုဖီးလ်) တွေ ပျက်စီးကာ လှပတဲ့ အစိမ်းရောင်ကနေ ညိုမည်းညစ်နွမ်းသွားတတ်ပါတယ်။

အမျိုးစားအချို့ကို ဖော်ပြရရင် Cilantro, Basil, Thai Basil၊ Mint၊ Dill, Parsley တို့လို အမျိုးစားတွေ ဖြစ်ပါတယ်။
ဟင်းချက်လို့ လုံးဝပြီးခါနီး မီးပိတ်ခါနီး (သို့မဟုတ်) ပန်းကန်ထဲ ထည့်ပြင်ဆင်မယ့် "Finishing Stage" ကျမှသာ အသုံးပြုကြတာများပြီး Chef တို့ရဲ့ ရွေးချယ်မှုအပေါ်မူတည်ပြီးလည်း ပြောင်းလဲအသုံးချကြပါတယ်။

ဟင်းပွဲရဲ့ နောက်ဆုံးပိတ်မှာ ဖြူးပေးခြင်းဖြင့် လျှာပေါ်နဲ့ နှာခေါင်းထဲကို "လတ်ဆတ်ဆတ် ရနံ့ဗုံး (Aromatic Punch)" အဖြစ် ရိုက်ခတ်စေပြီး၊ ဟင်းရဲ့ အဆီအအီတွေကို ဖြတ်တောက်ပစ်ကာ အရသာကို ချက်ချင်း လင်းလက်ပြတ်သား (Brighten ဖြစ်) သွားစေပါတယ်။

သတိချပ်သင့်တာက ဓားတုံးတုံးနဲ့ မလှီးပါနဲ့။ ဓားမထက်ရင် အရွက်ထဲက ရနံ့တွေက စဉ်းတီတုံးပေါ်မှာတင် ကြိတ်ခြေပျက်စီးသွားပြီး အရွက်တွေမည်းသွားတတ်ပါတယ်။ လတ်ဆတ်ပြီး ချွန်ထက်တဲ့ဓားနဲ့ "တစ်ချက်တည်း ပြတ်အောင် (Clean Cut)" လှီးဖြတ်မှသာ ရနံ့ကပန်းကန်ထဲ ကွက်တိ ရောက်မှာ ဖြစ်ပါတယ်။ လက်နဲ့ဖဲ့ပြီး ရနံ့အပြည့်ဝလိုတာကြောင့် အသုံးချတာမျိုးလဲ ရှိတက်ပါတယ်။

3. Herb Oils
ဟင်းခတ်အမွှေးဆီများ — "The Visual & Liquid Perfume"
ကမ္ဘာ့အဆင့်မီ Professional Fine Dining Kitchen တွေရဲ့ နည်းပညာဖြစ်ပါတယ်။ Fresh Herbs တွေရဲ့ ရနံ့နဲ့ လှပတဲ့ Bright Green (အစိမ်းတောက်တောက်) ကာလာကို ဆီ (Neutral Oil) ထဲကို ကူးပြောင်းပြီး ပြောင်းလဲမှု နှေးကွေးအောင်လုပ် (Preserve) လိုက်တဲ့ ဖြစ်စဉ် ဖြစ်ပါတယ်။ ဆီက အနံ့နဲ့ အရောင်ကို ရေရှည် ထိန်းသိမ်းပေးတဲ့ Carrier အဖြစ် အလုပ်လုပ်ပါတယ်။
Fresh herbs (ဥပမာ- Basil သို့မဟုတ် Chives) ကို ရေနွေးပူပူထဲမှာ ၅ စက္ကန့်ကနေ ၁၀ စက္ကန့်ခန့် ရေနွေးဖျော (Blanch လုပ်) ပြီး၊ ချက်ချင်း ရေခဲရေထဲပြောင်းထည့် (Shock လုပ်) ရပါတယ်။ ဒီအဆင့်က အရွက်ရဲ့ အစိမ်းရောင်ကို ထိန်းချုပ်လိုက်တာပါ။ ပြီးရင် ရေပြောင်အောင်ညှစ်၊ အနံ့မရှိတဲ့ ဆီ (Grapeseed သို့မဟုတ် Canola) နဲ့ Blender ထဲထည့်ပြီး အရှိန်ပြင်းပြင်းနဲ့ ကြိတ်၊ နောက်ဆုံးပိတ်မှာ ကော်ဖီစစ်စက္ကူ (Coffee filter) သို့မဟုတ် ပိတ်ပါးစနဲ့ ဖြည်းဖြည်းချင်း စစ်ထုတ်လိုက်ရင် နုပျိုလတ်ဆတ်တဲ့ အစိမ်းရောင် Herb Oil ကို ရပါတယ်။
ချက်ပြုတ်တဲ့ အဆင့်မှာ လုံးဝ (လုံးဝ) မသုံးပါဘူး။ ဟင်းပွဲကို Plating ပြင်ဆင်ပြီးတဲ့အခါ Soups တွေရဲ့ အပေါ်ယံ၊ ငါး သို့မဟုတ် အသားကင်တွေရဲ့ ဘေးပတ်ပတ်လည်မှာ "အစက်ကလေးတွေချပြီး (Drizzle လုပ်ပြီး)" အလှဆင်တာ ဖြစ်ပါတယ်။

စားသုံးသူ ပန်းကန်ကို ရှေ့ချလိုက်တာနဲ့ မျက်စိပသာဒဖြစ်စေမယ့် အစိမ်းရောင်ဆွဲဆောင်မှုနဲ့အတူ၊ ဟင်းကို ဇွန်းနဲ့ခပ်စားလိုက်တိုင်း နှာခေါင်းထဲကို သဘာဝအတိုင်း မွမ်းမံထားတဲ့ ရနံ့ရေမွှေး (Liquid Perfume) လိုမျိုး စွဲမက်ဖွယ် ရိုက်ခတ်စေပါတယ်။

Kitchen ထဲက "The 1:3 Substitution Rule" (အစားထိုးခြင်း ဆိုင်ရာ စည်းမျဉ်း) လေးတစ်ခု ထပ်ဖြည့်ပေးချင်ပါတယ်။

4. The 1:3 Rule
ပမာဏ ပြောင်းလဲခြင်း နိယာမ
ဟင်းချက်နည်း စာအုပ်တွေဖတ်တဲ့အခါ Fresh Herb သုံးရမယ့်နေရာမှာ မိမိဆီမှာ Dried Herb ပဲရှိရင်၊ ဒါမှမဟုတ် Dried နေရာမှာ Fresh သုံးရင် ဘယ်လောက်အချိုးအစား သုံးရမလဲဆိုတာ စာဖတ်သူတွေ အမြဲ ဝေခွဲမရ ဖြစ်တတ်ကြပါတယ်။

Dried Herbs တွေက အနံ့ 3 ဆ ပိုမို သိပ်သည်းကျစ်လျစ်တာကြောင့် စည်းမျဉ်းအရ "Dried Herb ၁ ဆ ဟာ Fresh Herb ၃ ဆ နဲ့ ညီမျှပါတယ်" (1 Tablespoon of Fresh Herbs = 1 Teaspoon of Dried Herbs)။

Herb အပိုင်း မျှဝေခြင်း ဒီမှာတင်ပြီးဆုံးပါပြီ။ နောက်ရက်တွေမှာ အပိုင်း (၃) ရဲ့ Technique-Based Seasoning အပိုင်း ကို ဆက်လက်မျှဝေပါ့မယ်။

လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ ကူးယူဖော်ပြခွင့် မပြုပါ။



Address

Abu Dhabi
000000

Website

Alerts

Be the first to know and let us send you an email when Savory Culinary posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Savory Culinary:

Shortcuts

Share