30/10/2021
PizzaSu ရဲ့လက်ရာတွေ ဘာလို့ကောင်း မေတ္တာနဲ့စေတနာပါလို့ ကောင်း 🥰🥰
"မေတ္တာာဖြင့်ချက်ပြုတ်ခြင်း"
တနေ့တော့ ဇနီးမောင်နှံ နှစ်ဦး ထမင်း လက်ဆုံစားနေရင်း ခင်ပွန်းသည်ဖြစ်သူက "မိန်းမရေ.. ပြောလို့ပြောတာ မဟုတ်ဘူး။ ယောက္ခမကြီး ချက်တဲ့ ဟင်းတွေက အရသာအရမ်းရှိတယ်။ အခြားသူတွေ ချက်တာနဲ့ မတူဘူး၊ ထူးခြားတယ်။ ဘယ်လိုချက်ထားလည်း မသိဘူး။ မြှောက်ပြောတာ မဟုတ်ဘူးနော်" လို့ပြောလာပါတယ်။ ဇနီးသည် ဖြစ်သူကလည်း "ဒီအကြောင်း မေမေ့ကို ပြောပြရင် မေမေလည်းဝမ်းသာရတာပေါ့" လို့ ဆိုပါတယ်။
နောက်တနေ့မှာတော့ သမီးဖြစ်သူက "မေမေရေ.. မေမေ့သမက်က မေမေချက်တဲ့ ဟင်းတွေ စားလို့ကောင်းတယ်တဲ့.. ဘယ်လိုချက်ထားလဲ မိသိဘူး၊ ထူးခြားလိုက်တာ" လို့ မိခင်ဖြစ်သူကိုပြောတော့ မိခင်ဖြစ်သူက " မေမေက ဟင်းတွေကို ထူးထူးခြားခြား ချက်ပြုတ်နေတာ မဟုတ်ပါဘူး..သမီးရေ..
ဒါပေမယ့် မေမေ ထမင်းဟင်းပြင်ဆင်တိုင်းမှာတော့ မေတ္တာစိတ်လေး ထည့်ချက်တယ်။ ထမင်းဟင်းချက် ချိန်မှာ မေမေ ဆုတောင်းတယ်၊ ဓမ္မသီချင်းလေး ဆိုပါတယ်" လို့ မိခင် ဖြစ်သူက ပြန်ဖြေပါတယ်။
ဒီခံယူချက်လေးနဲ့ အပြုအမူလေးဟာ အရမ်းအတုယူစရာကောင်းလှပါတယ်။ မည်သည့်အလုပ်ကို လုပ်လုပ် မေတ္တာဓာတ်လေး ပါဝင်မှ ကောင်ကျိုးသက်ရောက်မှု ရှိတာအမှန်ပါ။ ဟင်းချက် ပန်းကန်ဆေးမှသည် တာဝန် အကြီးဆုံးအလုပ်ကို လုပ်ကိုင်နေရပါစေ မေတ္တာစိတ်ဟာ အောင်မြင်မှု၊ ထူးခြားကောင်းမွန်မှုကို ပေးစွမ်းနိုင်ပါတယ်။
ညည်းညူပြစ်တင်တဲ့စိတ်၊ တပါးသူအတွက် မေတ္တာတစိုးတစေ့မှ မပါတဲ့ အလုပ်ဟာ အလုပ်ပြီးစီးလင့်ကစား၊ ရည်ရွယ်ချက် ကောင်းလင့်ကစား ကောင်းကျိုးရလဒ်ရယ်လို့ မဖြစ်ပွားတတ်ပါဘူး (၁ကော ၁၃း၄)။ မေတ္တာစိတ်မပါရင် အလှူတောင် အထမမြောက်ပါဘူး။
မေတ္တာဓါတ်လေးပါရင်တော့ ရေလေးတခွက် တိုက်ရင်လည်း သောက်သုံးရသူအဖို့ သက်သာမှုကို ခံစားရပါတယ်။ ပို့ပေးရတဲ့ခရီးတိုလင့်ကစား တဖက်သားက ကျေနပ်ရပါတယ်။ ချစ်တဲ့ စိတ်လေးလွှမ်းထားရင် မိမိအလုပ်နဲ့ ပတ်သက်ရသူများအဖို့ အကျိုးထူးကို ခံစားရပါတယ်။ မေတ္တာစိတ်၊ စေတနာစိတ်နဲ့ လုပ်တဲ့ အလုပ်တိုင်းရဲ့ ရလဒ်ဟာ ရလဒ်နဲ့ ဆက်နွယ်ပတ်သက်သူတစ်ဦးစီတိုင်းအဖို့ ထူးခြားမှု၊ ပျော်ရွှင်ဝမ်းမြောက်မှု၊ ကျေနပ်သပ်သာမှုကို ခံစားရတာ အမှန်တရားရယ်ပါ။
၁ကော ၁၆း၁၄ မှာလည်း "သင်တို့သည် ခပ်သိမ်းသော အမှုတို့ကို ချစ်ခြင်းမေတ္တာစိတ်နှင့် ဆောင်ရွက်ကြလော့။" လို့ တိုက်တွန်းထားပါတယ်။
ဒါကြောင့် ဒီနေ့ ဘာအလုပ်တွေ လုပ်ခဲ့ပြီးပြီလဲ။ ဒီနေ့လုပ်တဲ့ အလုပ်တွေမှာ မေတ္တာပါရဲ့လား။ မနက်ဖြန်မှာရော ဘာတွေလုပ်ဖို့ စီစဉ်ထားကြလဲ။ လုပ်သမျှ အလုပ်တွေမှာ မေတ္တာဓါတ်လေး ထပ်ဆင့်လောင်းဖို့တော့ မမေ့လေနဲ့နော်။ ထူးခြားမှု ရှိတာကို သင်ကိုယ်တိုင် သိရှိခံစားလာရမှာပါ။
ခရစ်တော်၏
လုဒိ