18/02/2023
အရည်အသွေးကောင်းသော အီးအမ်အရည် ဟုတ်မဟုတ် စစ်ဆေးနည်း
အီးအမ်ဆိုတဲ့စကားမှာ Effective Microorganism ဆိုသည့် အင်္ဂလိပ် စကားလုံး၏ အစစာလုံး ၂ခုဖြစ်သည်။ မွေးမြူရေး၊ စိုက်ပျိုးရေး၊ သန့်ရှင်းရေးနှင့် လူသုံးကုန်ပစ္စည်းများတွင် အီးအမ်ကို သုံးသည်။ အရည်ပုံစံ၊ အမှုန့်ပုံစံ၊ အလုံးပုံစံ (EM Ball) စသည်ဖြင့် ပုံစံအမျိုးမျိုးဖြင့်တွေ့မြင်နိုင်ပါသည်။ များသောအားဖြင့် တွေ့ရသည့်ပုံစံမှာ အရည်ဖြစ်သည်။
ဓာတုလွတ် ဩဂဲနစ်စိုက်ပျိုးရေးတွင် အီးအမ်ကို ဘိုကာချီမြေဆွေးလုပ်ရန်၊ အပင်နှင့် မြေဆီလွှာကိုဖျန်းရန် စသည်ဖြင့် အသုံးများသည်။
ယခုတွင် မြန်မာ့စိုက်ပျိုးရေးဆေးဈေးကွက်အတွင်း အီးအမ်ပျော်ရည် ရောင်းချနေသည့် ကုမ္ပဏီများ၊ ဆိုင်များလည်း ပေါများနေပါပြီ။ တစ်ချို့ကလည်း မိမိကိုယ်တိုင် ဖော်စပ်ဖန်တီးကြပါသည်။ သို့သော် အီးအမ်ပျော်ရည်က အာနိသင် ရှိမရှိ၊ အဆင်ပြေမပြေ ဆိုသည်ကိုတော့ သိရှိရန် လိုအပ်ပါသည်။
အဏုဇီဝပညာရှင်များအနေဖြင့် အဏုကြည့်မှန်ဘီလူးအောက်တွင်စစ်ဆေးခြင်း (Microscopic Analysis) ၊ ဗီဇစစ်ဆေးမှု (Gene analysis with PCR) ၊ ဓာတု - ရုပ်ဇီဝ လုပ်ဆောင်မှုများအား စစ်ဆေးခြင်း (Physiochemical analysis)၊ အဏုဇီဝ ပိုးအရေအတွက်ကို စစ်ဆေးခြင်း (Colony counting and spectrophotometric analysis) စသော စစ်ဆေးမှုများကို လုပ်ဆောင်ဖို့ရန် လိုအပ်ပါသည်။ ဒါတွေကတော့ လက်တွေ့ လုပ်ဆောင်ရန် အတော်ခက်ခဲပါသည်။
ကျွန်တော် အဓိကပြောမယ့်အကြောင်းအရာက စမ်းရတာ လွယ်ကူမယ့် အပိုင်း တွေကိုပဲ အဓိက ပြောသွားမှာဖြစ်ပါတယ်။ အီးအမ်ပျော်ရည် အာနိသင် ရှိမရှိကို တိုင်းတာရန် အဆင့် (၆) ဆင့်လိုအပ်ပါသည်။
အဆင့် (၁) အရောင်အား စစ်ဆေးခြင်း
အီးအမ်ပျော်ရည်၏ အဖြစ်သင့်ဆုံးအရောင်မှာ အညိုရောင်၊ ဝါညိုရောင်၊ မန်ကျည်းသီးအနှစ် အရောင်ဖြစ်သည်။
အရောင် အရမ်းဖျော့နေပါက ဥပမာ ကောက်ရိုးရောင်၊ ပယင်းရောင် ဆိုလျှင် နုနယ်သော၊ အာနိသင် နည်းသော အီးအမ်ဟု ယူဆနိုင်ပါသည်။ အနက်ရောင်၊ အမဲရောင်၊ အညိုပုတ်ပုတ် မှိုင်းမှိုင်းဖြစ်နေပါက သက်တမ်းရင့်လွန်းသော၊ အာနိသင် မရှိသော အခြေအနေဖြစ်သည်။
အဆင့် (၂) အနံ့အား စစ်ဆေးခြင်း
အီးအမ်ပျော်ရည်၏ အဖြစ်သင့်ဆုံးအနံ့မှာ ခပ်သင်းသင်း၊ ဘီယာ၊ ဝိုင်၊ စူးရှရှ တင်လဲရည် အနံ့မျိုးဖြစ်သည်။ အကယ်၍ အပုတ်နံ့၊ ငံပြာရည်နံ့၊ တိရိစ္ဆာန်သေးကဲ့သို့ စူးရှရှအနံ့မျိုး စသဖြင့် အရမ်းနံနေပါကသုံးစား၍ မရသော အီးအမ်ဖြစ်သည်။
အဆင့် (၃) အသက်ရှူမှုကို စစ်ဆေးခြင်း (ဂက်စ်ထွက်မှု)
စပါကလင်၊ ကိုကာကိုလာစသော ဂက်စ်ပါသည့်အအေးဘူးများကို ဖွင့်လိုက် လျင် ဓာတ်ငွေ့ ထွက်တာမျိုး မြင်ဖူးကြလိမ့်မည်။ အီးအမ် အရည်သည်လည်း အလုပ်လုပ်ဆောင်သည့်အနေအထားတွင် ယခုလို ဂက်စ်ထွက်မှု ရှိသည်။ ပုလင်း၊ ဘူး၊ စည်ပိုင်း စသော ထည့်စရာပစ္စည်းတစ်ခုခုအတွင်းတွင် အီးအမ်အရည် တစ်ဝက်နှင့် အထက် ရှိပါက ဂက်စ်ထွက်မှုဖြစ်သည်။ ဆိုလိုချင်သည်မှာ ပုလင်း (၁ လီတာဆန့်) က ကြီးနေမယ်၊ ထည့်ထားတဲ့ အီးအမ်က ဖင်ကပ်သာသာ (တစ်ဇွန်းလောက်သာသာ သို့မဟုတ် ၁၀ စီစီလောက်) ဆိုပါကလည်း ဂက်စ်ထွက်မှုဖြစ်ပေါ်ရန် မသေချာပါ။ ယင်းအနေအထားဖြင့် ဂတ်စ်ထွက်မှု ရှိနေပါက တော်တော်စွမ်းသည်ဟုပြောရပေမည်။ သို့သော် CEM (ပင်မအီးအမ်အရည်) တွင် ယခုလို ဂက်စ် ထွက်မှု မဖြစ်ပါ။
အဆင့် (၄) ချဉ်ငန်ဓာတ်ကို စစ်ဆေးခြင်း
အီးအမ်ပျော်ရည်၏ အဖြစ်သင့်ဆုံး ချဉ်ငန်ကိန်း (pH value) မှာ ၃.၇၅ နှင့် ၄.၇၅ အတွင်း ဖြစ်ရမည်။ ၄.၇၅ နှင့်အထက် ဥပမာ ၆.၅ လောက်ဆိုရင် အချဉ်ဖြစ်စေသောဒိန်ချဉ် ဘတ်တီးရီးယား (Lactobacilli) မရှိသလောက်ကို ဖြစ်သည်။ ထို့အတွက် အီးအမ်သည် အနည်းငယ်ထက်ပိုသော အတော်အသင့်ချဉ်လွန်း သော သဘောရှိသည်။ ချဉ်ငန်ကိန်း ၃.၇၅ ထက် နည်းပါက အက်ဆစ်ဓာတ်များသဖြင့် သုံးရန် မသင့်တော်ပေ။
အဆင့် (၅) စေးပျစ်မှုကို စစ်ဆေးခြင်း
စေးပျစ်မှုကို စစ်ဆေးရန် ရေထည့်ထားသောဖန်ခွက်ထဲသို့ အီးအမ်ပျော်ရည် တစ်စက်ကို ထည့်ပါ။ ထည့်ထည့်ခြင်းတွင် အရည်စက်မှာ ပြိုကွဲမသွားရပါ။ ၁ - ၂ စက္ကန့် ကြာမှသာ အရည်သည် ရေအတွင်း ပျော်ဝင်ရပါမည်။
အဆင့် (၆) အလုပ်လုပ်ဆောင်မှုကို စစ်ဆေးခြင်း
ဒီအဆင့်ကို အကျယ်တဝင့် ပြောမည်ဆိုပါက ကျယ်ဝန်းပါသည်။ စမ်းနည်း များစွာရှိပါသည်။ ရေး၍ ပြီးမည် မဟုတ်ပါ။ ထို့အတွက် အကျဉ်းချုံး နည်းတစ်ခုသာ ဖော်ပြပါမည်။ အီးအမ်အရည် အနည်းငယ်ဖြင့် ချက်ခါစထမင်း (မပူနေရပါ ၊ခပ်နွေးနွေး အနေအထားတွင်) ကိုလောင်းပါ။ ထို့နောက် ထည့်စရာ တစ်ခုခုအတွင်း ထည့်၍ လေအလုံပိတ်ထားပါ။ ၃ -၄ရက်ခန့် ကြာလျှင် ထမင်းတွေမှာ ပုံမှန် နေမြင့်ရင် ထမင်းများ သိုးသကဲ့သို့ ပုတ်သိုးခြင်း၊ ရိရွဲခြင်း၊ အနံ့ဆိုးထွက်ခြင်းများ မဖြစ်ရပါ။
အထက်ဖော်ပြပါ အဆင့်များသည် အီးအမ်အပြင်း၊ အသင့်သုံး အီးအမ်တို့ကိုသာ အာနိသင်ရှိ၊ မရှိယေဘုယျစမ်းခြင်း ဖြစ်ပါသည်။ ပင်မအီးအမ်ကို စမ်းချင်ပါက အီးအမ်အပြင်း သို့မဟုတ် အသင့်သုံးအီးအမ်အနေဖြင့် ပြန်ပြောင်း၍ စမ်းနိုင်ပါသည်။ ထို့အပြင် အီးအမ်အမျိုးစားချင်း အတူတူကို ဘယ် အမျိုးအစားက ပိုကောင်းသည်ကို စမ်းသပ်သည့်နည်းများ မပါဝင်သေးပါ။
Credit-ဖုန်းမာန် Lab