08/06/2026
ပြီးခဲ့တဲ့ရက်ပိုင်းက လမ်းဘေးမှာ ခရမ်းချဉ်သီးတွေ တောင်ပုံရာပုံ သွန်ပစ်နေရတဲ့ မြင်ကွင်းတွေ မြင်လိုက်ရတော့ ရင်ထဲ တကယ်မကောင်းပါဘူး။
အဲဒီပုံတွေကို ကြည့်ပြီး ဝေဖန်သူတွေကတော့ "ဆော့စ် (Tomato Ketchup) လုပ်ရောင်းလိုက်ရင် ရတာပဲ၊ နှမြောစရာကြီး" လို့ လွယ်လွယ်လေး ပြောကြတာပေါ့။
ဒါကိုမြင်တော့ ကျွန်တော် အနုပညာရှင်ကြီး ဦးလွင်မိုးရဲ့ အင်တာဗျူးတစ်ခုကို သတိရမိပါတယ်။ သူကိုယ်တိုင် စိုက်ပျိုးခဲ့တဲ့ "လီလီပန်း" တွေဟာ အရည်အသွေးရော စရိတ်ပါ ဘက်ပေါင်းစုံကနေ တရုတ်ကလာတဲ့ ပန်းတွေကို မယှဉ်နိုင်တဲ့အကြောင်း ရင်ဖွင့်ထားတာပါ။
အလကားနီးပါးရနေတဲ့ ခရမ်းချဉ်သီးက ဘာလို့ ဆော့စ်အဖြစ် ဈေးကွက်ထဲ ရောက်မလာနိုင်တာလဲ?
ဦးလွင်မိုး ညည်းညူခဲ့သလိုပဲ ကျွန်တော်တို့ရဲ့ Food System တစ်ခုလုံးမှာ ဘယ်လို လက်တွေ့ကွက်လပ်တွေ ရှိနေလို့လဲဆိုတာ ရှုမြင်ကြည့်ချင်ပါတယ်။
👉မျိုးစေ့ကတည်းက လွဲနေတာပါ။
ကျွန်တော်တို့ စျေးကွက်ထဲမှာ ချက်စားနေတဲ့ ခရမ်းချဉ်သီးအများစု (Table Tomatoes) ဟာ အရည်ရွှမ်းပြီး အသားပွပါတယ်။ စားဖို့ပဲ ကောင်းတာပါ။
ဆော့စ်လုပ်တဲ့ စက်ရုံတွေမှာ သုံးရမယ့် ခရမ်းချဉ်သီးက "Processing Tomatoes" ဖြစ်ရပါမယ်။ သူတို့က အသားထူတယ်၊ အစေ့နည်းတယ်၊ (Brix Level) မြင့်တယ်။
အခု ပိုလျှံနေတဲ့ သီးနှံတွေကို ယူပြီး ဆော့စ်ကျိုရင် စက်ရုံအနေနဲ့ ကုန်ကျစရိတ် (Total Yield) အရ ဘယ်လိုမှ တွက်ခြေမကိုက်ပါဘူး။
👉ခရမ်းချဉ်သီးဟာ ရေဓာတ် 90% ကျော်ပါတယ်။ ဆွတ်ခူးပြီးတာနဲ့ သူတို့က အသက်ရှူနေတုန်းပဲဖြစ်လို့ Ethylene ဂတ်စ်တွေထွက်ပြီး ပုပ်ဖို့ အရှိန်ပြင်းလာပါတယ်။
ဒါကို ရပ်တန့်ဖို့ဆိုရင် ခူးပြီးတာနဲ့ အပူချိန် ချက်ချင်းချပေးမယ့် Pre-cooling စနစ်နဲ့ အအေးခန်းကား (Cold Chain) တွေ လိုပါတယ်။
ကျွန်တော်တို့ဆီမှာ ဒီစနစ် အားနည်းတော့ ခြံကနေ ထွက်လာတဲ့ အသီးတွေဟာ စက်ရုံကို မရောက်ခင် လမ်းမှာတင် ပွတ်တိုက်၊ ပုပ်သိုးပြီး အရည်အသွေး ပျက်စီးကုန်တာ ဖြစ်ပါတယ်။
👉 ကြားခံကွင်းဆက် မရှိပါ။
ထိုင်းနဲ့ မလေးရှားမှာ ခရမ်းချဉ်သီး ပိုလျှံရင် လယ်ကွင်းကနေ ဆော့စ်ပုလင်းအထိ ချက်ချင်း သွားတာမဟုတ်ပါဘူး။ ကြားထဲမှာ Intermediate Processing (အလယ်အလတ်အဆင့် ပြုပြင်ခြင်း) ဆိုတဲ့ စုရပ်တွေ ရှိပါတယ်။
သီးနှံလှိုင်လှိုင်ပေါ်တဲ့ ၃ လအတွင်းမှာ အသီးတွေကို အပူပေး ကြိတ်ခြေပြီး Tomato Paste (အနှစ်) အဖြစ် အရင်ပြောင်းလဲပြီး လေလုံစည်ပိုင်းတွေနဲ့ သိမ်းထားလိုက်ကြတယ်။
ပြီးမှ အဲဒီအနှစ်တွေကို တစ်နှစ်ပတ်လုံး ဆော့စ်စက်ရုံတွေကို ပြန်ခွဲထုတ်ပေးတာပါ။ ကျွန်တော်တို့ဆီမှာ ဒီကြားခံစနစ် မရှိတော့ ရာသီပေါ်တဲ့ ၃ လပဲ စက်ရုံလည်ပြီး ကျန်တဲ့ ၉ လမှာ ကုန်ကြမ်းမရှိလို့ နားထားရရင် ဘယ်လုပ်ငန်းရှင်မှ မရပ်တည်နိုင်ပါဘူး။
👉ထုတ်လုပ်မှုစရိတ်ကြီး။
ဆော့စ်လုပ်ငန်းမှာ ခရမ်းချဉ်သီးဖိုးက စရိတ်အနည်းဆုံးပါ။ အဓိက ကုန်ကျစရိတ်က Food Safety စံနှုန်းမီတဲ့ ဖန်ပုလင်း၊ လေလုံအဖုံး (Lug Caps) နဲ့ တာရှည်ခံသဘာဝ ဖြည့်စွက်ပစ္စည်း (Food Additives) တွေ ဖြစ်ပါတယ်။
ဒါတွေကို ပြည်တွင်းမှာ မထုတ်နိုင်ဘဲ ပြည်ပကနေ ဒေါ်လာနဲ့ ဝယ်သွင်းနေရတော့ ခရမ်းချဉ်သီး ဘယ်လောက်ပဲ အလကားရရ၊ ထုပ်ပိုးမှုစရိတ်ကြီးလို့ ထိုင်းနဲ့ မလေးရှားက သွင်းလာတဲ့ အဆင်သင့်ဆော့စ်တွေထက် ပြည်တွင်းဖြစ်က ဈေးပိုကြီးသွားရတာ ဖြစ်ပါတယ်။
💡 ဒါဆို အဖြေက ဘာလဲ?
တောင်သူတွေကို "ဆော့စ်လုပ်ရောင်းပါ" လို့ လွယ်လွယ်ပြောရုံနဲ့ မရပါဘူး။ တရုတ်ကလာတဲ့ ပန်းတွေကို ကျွန်တော်တို့ ပြည်တွင်းပန်းတွေ မယှဉ်နိုင်သလိုမျိုး ဆော့စ်လုပ်ငန်းမှာလည်း အခြေခံ Infrastructure ချင်းက အစကတည်းက ကွာခြားနေလို့ပါ။
ဒီသံသရာကနေ လွတ်ချင်ရင်တော့...
စိုက်ပျိုးရေးပညာရှင်တွေက စက်ရုံသုံး Processing Varietiesကို တောင်သူတွေဆီ စနစ်တကျ ချပေးဖို့လိုပါတယ်။
စိုက်ပျိုးတဲ့ ဒေသတွေမှာတင် စက်ရုံကြီးတွေ ဆောက်မယ့်အစား အပူပေးစနစ်တွေ သုံးပြီး Tomato Paste (အနှစ်) အကြမ်းထည် ပြောင်းလဲသိမ်းဆည်းတဲ့ နည်းပညာနဲ့ စနစ်ကို ဖန်တီးပေးဖို့ လိုပါတယ်။
ကျွန်တော်တို့ရဲ့ အဖိုးတန် ကုန်ကြမ်းတွေ လမ်းဘေးမှာ အလဟဿ မဖြစ်ရအောင် စိုက်ပျိုးတဲ့ "မျိုးဗီဇ"၊ သယ်ယူတဲ့ "နည်းပညာ" နဲ့ ကြားခံ "ပြုပြင်စနစ်" တွေရဲ့ ကွက်လပ်ကို အမြန်ဆုံး ဖြည့်ဆည်းပေးကြဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။
ပုံ-အင်တာနက်