29/12/2022
ကျွန်တော်ဟာ ဝန်ထမ်း ၃၀၀၀ ကျော် ရှိတဲ့ လုပ်ငန်းကြီး တစ်ခုမှာ မန်နေဂျာ များကိုမွေးထုတ် ပေးတဲ့ Management Trainee Program ကို တာဝန်ယူ ကိုင်တွယ် ခဲ့ ရတုန်းက အပတ်စဉ် တိုင်းကို မဖြစ်မနေ ထည့်သွင်း မှာ ကြားလေ့ရှိခဲ့တဲ့ အကြောင်း အရာ လေးတစ်ခုရှိပါတယ်။
ဒါကတော့ ..."လူအုပ်ကြီး သွားတဲ့ လမ်း အတိုင်း သွားရင် တော့ လူအုပ်ကြီး ရောက်တဲ့ နေရာကိုပဲ ရောက်လိမ့်မယ်။ ဒီတော့ လူအများစု ရောက်နေတဲ့ နေရာကို မင်းတို့သဘောကျ ပါတယ်ဆိုရင်တော့ ဒီအတိုင်း ဆက်လျှောက် ရုံပဲ။ ဒီလိုမဟုတ်ဘူး သဘောမကျဘူးဆိုရင်တော့ လူအုပ်ကြီး မသွားတဲ့ လမ်းကို လျှောက်ဖို့လိုတယ်။ ခြားနားတဲ့ လမ်းဟာ ပိုကြမ်းတမ်း ပြီး အဖော်လဲ မဲ့လိမ့်မယ်။ ပိုခက်ခဲမယ် ပိုပင်ပန်း မယ် ဒါတွေကို ခံနိုင်ရင်တော့ အများနဲ့မတူနဲ့နေရာကို ရောက် မှာ အသေအချာပဲ။" ဆိုတာပါပဲ။
ကျွန်တော်ဟာ လည်း အရင် တုန်း က သာမာန် အောက်ခြေ ရုံးဝန်ထမ်း ဘ၀ မှာ တစ်လတစ်လ အလျဉ် မှီရုံလစာ ကို သုံးစွဲ ပြီး ကိုယ့် သွားနေတဲ့ လမ်းကို ကိုယ့်ဟာကိုယ် အားမလိုအားမရဖြစ်ခဲ့ဖူးတာပါပဲ။ ကျွန်တော် Trainee အဖြစ်နဲ့ လစာ ၁၅၀၀၀၀ ရတဲ့ အလုပ်ကို ဝင်ချိန်မှာ ကျောင်းတုန်းက ကျောင်းနေဖက်သူငယ်ချင်းက ရေနံ တူးဖော်ရေး လုပ်ငန်းကြီးမှာ တစ်လ ဒေါ်လာ ၇၀၀ နဲ့အလုပ်စဝင် ပါတယ်။ နောက်ထပ် သူငယ်ချင်း တစ်ယောက်က တော့ တစ်လ ၄သိန်းလောက် ရနေပါတယ်။ သူငယ်ချင်းတွေ နဲ့ဆုံတိုင်း မှာ ကိုယ့်လစာကို ထုတ်မပြောရဲ ခဲ့တဲ့ အနေအထား ကို ခံပြင်း စိတ်နဲ့ကြုံခဲ့ရ ဖူးပါတယ်။
အထက်က ပြောခဲ့သလိုပဲ ကျွန်တော်ဟာ လူအုပ်ကြီး သွားနေတဲ့ လမ်းကိုသဘောမကျ တဲ့ အတွက် ခွဲထွက်ဖို့ကြိုးစားပါတယ်။ Management ပညာရပ်ကို အလုပ်ပိတ်ရက် စနေ တနင်္ဂနွေမှာ မနက် ကနေ ညအထိကျောင်း ပြန်တက်ပြီး လေ့လာပါတယ်။ အင်္ဂလိပ်စကား ကောင်းကောင်း ပြောနိုင်ဖို့အတွက် ကြားရက် အလုပ်က အပြန် မှာ UFL က ဖွင့်တဲ့အင်္ဂလိပ်စာ သင်တန်း ကို လဲ ညမိုးချုပ်အထိ ရက်မပျက် ပဲ ရအောင် တက်ပါတယ်။ ဒါ့အပြင် ကိုယ်လုပ်နေတဲ့ အလုပ်ကိုလဲ အားလုံးနဲ့အဆင်ပြေအောင် ကြိုးစားတဲ့ အပြင် အလုပ် မှန်သမျှကိုလဲ အားလုံး ကို လုပ်ရုံမဟုတ်ပဲ ဘာလို့လုပ်ရတယ်ဆိုတာက အစ သီအိုရီတွေ နဲ့ချိတ်ဆက်ပြီး အိမ်မှာ ပြန်လေ့လာပါတယ်။
ရယ်စရာအနေနဲ့ပြောရရင် တစ်ရက် အိပ်ရာကနိုးပြီး အလုပ်သွားဖို့ပြင်တော့ မျက်မှန်က ညက အိပ်ရင်းဖိအိပ်လိုက်မိတာနဲ့ကျိုးနေတာကို တွေ့ပါတယ်။ အဝေးမှုန် ဖြစ်တဲ့ ကျွန်တော်ဟာ မျက်မှန်မပါရင် ဆယ်ပေလောက် က လူကို မှုန် ဝါ းပြီး ဘယ်သူမှန်း မသိတော့တဲ့ အခြေအနေဖြစ်ပါတယ်။ ရုံးပျက်ရမှာ လဲစိုးတာနဲ့မျက်မှန် မပါပဲ ထွက် လာခဲ့ပြီး လုပ်ဖော်ကိုင်ဖက်နဲ့အထက် စီနီယာ တွေ ကို လမ်းမှာတွေ့ရင် မနှုတ်ဆက် မိ မှာစိုး ရိမ် ပြီး ရုံး လမ်းထိပ်က ထဲက တွေ့သမျှ လူအကုန်ကို ပြုံးပြနှုတ်ဆက်ပါတော့တယ်။ တော်ကြာနေ တွေ့တာတောင်မနှုတ်ဆက်ဘူးဆိုပြီး စီနီယာ တွေ စိတ်ခုကာ ပညာမသင်ပေး မှာကို စိုးရိမ်လို့ ဖြစ်ပါတယ်။
အချိန်အတော်ကြာတဲ့ အခါမှာတော့ company က ကျွန်တော့်ကို challenge တစ်ခု ပေးပါတယ်။ ဒါကတော့ ရုံးခွဲ အသစ် တစ်ခုကို မန်နေဂျာ အဖြစ် သွားရမှာ ဖြစ်ပြီး ရုံးခွဲမှာ လုံခြုံရေးကနေအစ လုပ်ငန်းလည်ပတ်နိုင်တဲ့အထိ ကိုယ်တိုင်လူရှာ လူခန့်ပြီး လုပ်ငန်းကို လည်ပတ် ပေးရမှာ ဖြစ်ပြီး ရောင်းအား တက်အောင်ပါ target ချပေးလိုက်ပါတယ်။ ဒါကို အောင်မြင်အောင်လုပ်နိုင်ရင် သာမာန် ရုံး staff အဖြစ်ကနေ Branch Manager level ကို ရာထူး သုံးဆင့်လောက် ခုန်တက်ပြီး Promotion ရမှာ ဖြစ်ပါတယ်။
ရုံး အဆောက်အဦသက်သက်သာ ရှိပြီး မီးတောင် မသွယ်ရသေးတဲ့ ရုံးအသစ်ကြီး မှာ ဝန်ထမ်းတောင် တစ်ယောက်မှ မခန့်ရသေးတဲ့ အခြေအနေကို စီမံခန့်ခွဲဖို့ဆိုတာ အဲဒီအချိန်တုန်း က အသက် ၂၃ နှစ်သာ ရှိသေးတဲ့ ကွျွန်တော့်အတွက်က မဟာ စွန့်စားခန်းကြီး ဖြစ်ပါတယ်။ ဒီကြားထဲမှာ ကျန်းမာရေးအခြေအနေ က ဆိုးလာပါတယ်။ အိပ်နေစဉ် မှာ အသက်ရှုရပ် သွားတတ်တဲ့ ရောဂါ Sleep Apnea အပြင်း ထန်ဆုံး အဆင့် ဟာ ကျွန်တော့်မှာ ဖြစ်နေတာကို ဆရာဝန်စမ်းသပ်ချက်အရ သိလိုက် ရပါတယ်။ လည်ပင်း မှာ စုလာတဲ့ အဆီ များဟာ ညအိပ်တဲ့အခါ ပျော့ကျလာပြီး အသက်ရှု လမ်းကြောင်းကို ပိတ်လိုက်တဲ့ ဒီရောဂါဟာ ဒီအပြင်းထန်ဆုံး အဆင့်မှာ အိပ်နေရင်း အသက်ရှု ရပ်သွားဖို့ရာခိုင်နှုန်းအတော်များပါတယ်တဲ့။
အသက်ရှုရပ်မသွားစေဖို့အတွက် တစ်ခုတည်းသောနည်းလမ်းကတေ့ာ လျှပ်စစ် အားကို သုံးတဲ့ အသက်ရှုစက် ကို ညအိပ်တိုင်းမျက်နှာမှာ တပ်ပြီး အိပ် ရပါတယ်။ လည်ပင်းက ပိတ်ရင်ပိတ်သွားသလောက် လေကို စက်က pressure ပြင်းပြင်းနဲ့ တွန်း ထည့်ပေးတာဖြစ်ပါတယ်။ သွားလေရာကို ညအိပ်ဖို့ဒီစက်ကြီး သယ်သွား ရပေမယ့် လျှပ်စစ်မီး မရှိ ရင်တော့ ဒီစက်ဟာ အလုပ်မလုပ် ပြန်ပါဘူး။ အထက်က ကျွန်တော့်ရဲ့ရုံးအသစ် စက်စက် မှာ မီးမသွယ်ရသေးသလို မီးစက် တို့ ဆိုလာတို့ လဲမရှိသေးပါဘူး။
ခက်ခဲလှတဲ့ တာဝန်ကြီးကို ထမ်းဆောင်ဖို့သိပ်ကြောက်နေ တုန်းမှာ ကျန်းမာရေးက အသက် ကိုပါ ထိလာနိင်တဲ့ အနေအထားဆိုတော့ သိပ်ကို ဝမ်းနည်းအားငယ် ဘာလုပ်လို့လုပ်ရမှန်း မသိဖြစ်ခဲ့တဲ့ အချိန်ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ ရုံးအသစ်ကိုသွားဖို့လက်ခံ ခဲ့ပြီး. မီးစက် မပို့သေးနိုင်ခင် အချိန် လပိုင်း ကို ရုံးအသစ် မှာ ငုတ် တုတ် ထိုင် အိပ် ရင်း နဲ့ ရုံးလုပ်ငန်းတွေလည်ပတ်နိုင်အောင် အခက်အခဲ မျိုးစုံကို ကျော်ဖြတ် ရင်း ရှေ့ဆက်ခဲ့ပါတော့တယ်။ ခြောက်လလောက် ညဖက်အိပ်ရင် နံရံကို မှီ ငုတ်တုတ် အိပ် ၊ ရုံးကငွေ တွေ ကိုလက်တစ်ဖက်က ဖိ၊ လက်တစ်ဖက်က ရှမ်းပြည် ကဝယ်လာတဲ့ ဓားမြှောင်ကြီးကို တင်းတင်းဆုပ်ပြီး တစ်ယောက်ထဲ ဖြစ်အောင် အိပ်ခဲ့ရတာ ခုချိန် ပြန်ပြောတော့ ဘာမှ မဟုတ်သလိုပါပဲ။
သတ်မှတ်ကာလ ပြည့်တဲ့ အခါမှာတေ့ာ လုပ်ငန်းကိုကောင်းကောင်းလည် ပတ် နေနိုင်ပြီး ရောင်းအား target ကို ပြည့်ရုံမက ကျော်လွန်သွားတဲ့ ရုံးခွဲ အသစ် စက်စက်ကို နောက် ရောက်လာတဲ့ Branch Operating Manager အသစ် လက်ထဲကို ကောင်းကောင်းမွန်မွန် လွဲပေးနိုင်ခဲ့ပါတော့တယ်။
လုပ်ငန်းစု ကြီး တစ်ခုလုံးရဲ့နှစ် ၂၀ ကျော်သက်တမ်းမှာ အသက် ၂၃ နှစ် နဲ့ရုံးခွဲ တစ်ခုကို အောင်မြင်အောင် အုပ်ချုပ်နိုင်ခဲ့တဲ့ ပထမဆုံး အသက်အငယ်ဆုံး မန်နေဂျာ အဖြစ် ကျွန်တော့် ရဲ့မှတ်တိုင်ကို ဂုဏ်ယူစွာ စိုက်ထူနိုင်ခဲ့ပြီး လုပ်ငန်းမှာလဲ နာမည်ရင်း ကောင်းဟိန်းစိုး ထက် မအူပင် BOH ဆိုတဲ့ အမည် နဲ့ ပိုပြီး လူသိ များခဲ့ပါတယ်။
ဖြတ်သန်းခဲ့တဲ့ဖြစ်ရပ် တွေ ကို ပြန်လည်သုံးသပ် ကြည့်ရင် အောင်မြင်အောင် စွမ်းဆောင်နိုင် ခဲ့တဲ့ မှတ်တိုင်ပေါင်း များစွာ ရှိပေမယ့် ပထမဆုံး အတွေ့အကြုံ ဖြစ်တဲ့ အထက်က ဖြစ်ရပ်ကတော့ ကျွန်တော့်အတွက် အမြဲမှတ်မှတ် ထင်ထင် ရှိနေပြီး ဂုဏ် အယူရဆုံး စွမ်းဆောင်ချက်တစ်ခု လဲဖြစ်ပါတယ်။
ကျွန်တော့် တို့ ရဲ့အစွမ်းအစကို အကုန် ထုတ်အောင် လုပ်နိုင်တဲ့ တစ်ဦးထဲသောသူက တစ်ကမ္ဘာလုံးမှာ တစ်ဦးသာ ရှိပါတယ်။ ဒါကတော့ ကျွန်တော်တို့ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။
အကြောင်းကြောင့် အကျိုး ဖြစ်တယ်ဆိုတဲ့ အတိုင်း ကျွန်တော်တို့ဘာဖြစ်လာစေချင်တယ်ဆို တာကို ကျွန်တော်တို့ကိုယ်တိုင် ရွေးချယ်ရတာဖြစ်ပါတယ်။
လူအုပ်ကြီး အတိုင်း ပဲ ဆက်လျှောက်မလား။ ဘေးကနေခွဲထွက်ပြီး ပိုကောင်းတဲ့ နေရာကို သွားမလား။ ဒီလိုသွားရင် ကြုံလာမယ့် အခက်အခဲတွေကို တောင့်ခံနိုင်ပါ့မလား။
အချိန်တွေ့က တရွေ့ရွေ့ကုန်နေသလို ကျွန်တော်တို့ဘဝတွေ ဟာလည်း ရှေ့ကို ဆက်လျှောက်နေရမှာပဲဖြစ်ပါတယ်။
ရှေ့ဆက်သွားရမယ့် အတူတူတော့ အကောင်းဆုံး ရွေးချယ်မှုတွေကို စတင်လုပ်ဆောင်ပြီး နောင်တစ်ချိန်မှာ ပြန်ပြောလို့သိပ်ကောင်းမယ့် ကိုယ်ပိုင် ပုံပြင်တွေ ကို ဘာကြောင့် ကျွန်တော့် တို့မဖန်တီး နိုင် ရမှာလဲ မိတ်ဆွေ။
လုံလောက်တဲ့ အသိပညာဟာ ပြင်းထန်တဲ့ အခက်အခဲတွေကို လွယ်ကူစွာကျော် ဖြတ်စေနိုင်ပါတယ်။
Kaung Hein Soe - Strategic
Business Consultant