25/11/2023
မြိတ် CB ဘဏ်ခွဲတာဝန်ခံ ကျပ် ၃ ဘီလီယံကျော်အလွဲသုံးစားပြုလုပ်
--------------------
တနင်္သာရီတိုင်း၊ မြိတ်မြို့၊ ထားဝယ်စုရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ CB Bank မြိတ်ဘဏ်ခွဲ(၁) တာဝန်ခံက ဘဏ်ကနေ ကျပ်သန်း ၃၂၀၀ ကျော်ကို အလွဲသုံးစားပြုလုပ်ပြီး ထွက်ပြေးတိမ်းရှောင်သွားတဲ့အတွက် အမှုဖွင့်ထား တယ်လို့ မြိတ်မြို့နယ် ရဲတပ်ဖွဲ့က တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး နိုဝင်ဘာ ၂၁ ရက်က CB Bank ရုံးချုပ်က တာဝန်ရှိသူတစ်ယောက်က မြိတ်မြို့မ ရဲစခန်းမှာ တရားလို ပြုလုပ်ပြီး လာရောက် အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။
ဖြစ်စဉ်ကတော့ မြိတ်မြို့၊ ထားဝယ်စုရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ CB Bank မြိတ်ဘဏ်ခွဲ(၁)မှာ ငွေလျော့နည်း နေတယ်လို့ သံသယရှိတဲ့အတွက် နိုဝင်ဘာ ၂၀ ရက်မှာ တရားလို ဦးဆောင်တဲ့ ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးရေး အဖွဲ့ကနေ လာရောက်စစ်ဆေးဆောင်ရွက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလိုဆောင်ရွက်ရာမှာ CB Bank မြိတ်ဘဏ်ခွဲ (၁)ငွေတိုက်အတွင်းမှ ကျပ်သန်း ၃၂၀၀ ကျော် လျော့နည်းကွာဟနေတာကို တွေ့ရတာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။
ဘဏ်ခွဲတာဝန်ခံဖြစ်သူက လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ပြီး အများပြည်သူအပ်နှံထားတဲ့ ကျပ်သန်း ၃၂၀၀ ကျော် ကို ကိုယ်ကျိုးအတွက်အသုံးပြုပြီး ထွက်ပြေးတိမ်းရှောင်သွားတာဖြစ်တယ်လို့လည်း တိုင်းတန် ချက်မှာဖော်ပြ ထားပါတယ်။ အခုဖြစ်စဉ်နဲ့ ပတ်သက်လို့လည်း ဘဏ်ခွဲတာဝန်ခံကို မြိတ်မြို့မရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၄၀၈ ၊ ၄၂၀ တို့နဲ့ အမှုဖွင့်အရေးယူထားတယ်လို့လည်း သိရပါတယ်။