19/01/2024
“ရေခဲကပ်ခြင်း”
ထိခိုက်ဒဏ်ရာတစ်ခုခုဖြစ်ရင် ရေခဲကပ်ခြင်းက ထိရောက်မှုရှိပါသလား?
ထိခိုက်ဒဏ်ရာတစ်ခုခုဖြစ်ခဲ့လျှင် ချက်ချင်းရေခဲကပ်ခိုင်းကြခြင်းကို စာဖတ်ပရိသတ်များ ကြားဖူးကြမည်ထင်ပါသည်။
ဤကဲ့သို့ ရေခဲကပ်ခြင်းသည် -
ဒဏ်ဖြစ်ခြင်း၊ အဆစ်လွဲခြင်းနှင့် ပွန်းပဲ့ခြင်းများကို အမှန်တကယ် သက်သာစေနိုင်ပါသလား?
ရေခဲကပ်ခြင်းသည် အနာကျက်စေရန် ကူညီပေးနိုင်ပါသလား?
သို့တည်းမဟုတ် အနာသက်သာစေရုံ သက်သက်လား?
စသည့်မေးခွန်းများနှင့် ရေခဲကပ်ခြင်း၏ ကောင်းကျိုးဆိုးပြစ်များကို ယနေ့ မျှဝေပေးပါမည်။
ရေခဲကပ်ခြင်း၏ နောက်ခံအကြောင်းအရင်းက ဘာလဲ?
ထိခိုက်ဒဏ်ရာ ရရှိသည်နှင့် ထိခိုက်မိသည့်နေရာရှိ ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ရှူးများတွင် ရောင်ရမ်းမှုဖြစ်လာပါသည်။ ဤရောင်ရမ်းမှုများကို ရေခဲကပ်ခြင်းက လျော့နည်းသက်သာစေပါသည်။ ရောင်ရမ်းခြင်းဖြစ်စဉ်သည် အနာကျက်စေရန်အတွက်လိုအပ်သော သဘာဝဖြစ်စဉ် တစ်ခုဖြစ်ပါသည်။ သို့သော် ရောင်ရမ်းမှုကြောင့် နာကျင်ခြင်း၊ နီရဲရောင်ကိုင်းခြင်းနဲ့ ပူခြင်းစသည့် ဝေဒနာများကို ခံစားကြရပါသည်။ ရောင်ရမ်းနေသည့်နေရာကို ရေခဲကပ်ပြီး အေးစေရန်ပြုလုပ်ခြင်းဖြင့် ထိုနေရာတွင်ရှိသော သွေးကြောလေးတွေကို ကျဉ်းစေပါသည်။ သွေးကြောလေးများ ကျဉ်းသွားလျှင် ဒဏ်ဖြစ်ရာနေရာကို သွေးစီးဆင်းမှု လျော့နည်းသွားစေပြီး ရောင်ရမ်းစေသည့် အရည်နှင့် ဆဲလ်များ မဝင်ရောက်နိုင်တော့သဖြင့် ရောင်ရမ်းမှုကိုလျော့နည်းစေပြီး နာကျင်ကိုက်ခဲမှုကိုပါ သက်သာစေပါသည်။
သုတေသန ရလဒ်များက မည်ကဲ့သို့ရှိပါသလဲ?
ရေခဲကပ်ခြင်းသည် ရောင်ရမ်းမှုကိုလျော့နည်းစေသည်ဆိုသော အချက်ကို ပညာရှင်အားလုံးက လက်မခံကြပါ။ အဘယ်ကြောင့်ဆိုသော် ရေခဲကပ်ခြင်းသည် သဘာဝအတိုင်းဖြစ်ပေါ်လာသော ခန္ဓာကိုယ်ပြုပြင်မှုဖြစ်စဉ်ကို နှောင့်ယှက်သောကြောင့် အနာကျက်ခြင်းကို နှေးကွေးစေလိမ့်မည်ဟု ယူဆကြသောကြောင့်ဖြစ်ပါသည်။ ရောင်ရမ်းမှုဖြစ်စဉ်သည် ထိခိုက်မိရာနေရာကို အာဟာရများ၊ ဖွံ့ဖြိုးမှုဓာတ်ပစ္စည်းများ ပို့လွှတ်ရန်အတွက် လိုအပ်ခြင်းကြောင့် ဖြစ်ပါသည်။ ရေခဲကပ်ခြင်းက သွေးကြောများကို ကျဉ်းစေခြင်းကြောင့် အထက်ပါအာဟာရပစ္စည်းများသာမက အောက်ဆီဂျင်နှင့် စွမ်းအင်များကိုပါ ဒဏ်ဖြစ်ရာနေရာကို မရောက်ရှိစေရန်အောင် တားဆီးထားသကဲ့သို့ ဖြစ်စေပါသည်။ ထို့ပြင် ရေခဲကို အချိန်ကြာကြာကပ်လျှင် အာရုံကြော၊ အရေပြားနဲ့ ကြွက်သားများကို ထိခိုက်စေနိုင်သည်ဟု ဆိုကြပါသည်။
သုတေသနရလဒ်များသည်လည်း တိတိကျကျပြတ်ပြတ်သားသား မထွက်ပေါ်လာပါ။ ဒဏ်ရာအမျိုးအစား၊ ပြင်းထန်မှုနှင့် ဖြစ်ရာနေရာများပေါ်မှာ မူတည်ပြီး ရလဒ်များသည်လည်း ကွဲပြားနေပါသည်။ အချို့သုတေသနများတွင် ရေခဲကပ်ခြင်းသည် ရေတိုကာလတွင် နာကျင်မှုကို သက်သာစေသည်၊ ရောင်ရမ်းမှုကို ကျဆင်းစေသည်ဟု တွေ့ရှိရပြီး အချို့သုတေသနများတွင်မူ ရလဒ်မထူးခြားသည်ကိုလည်း တွေ့ရှိရပါသည်။
ထိခိုက်ဒဏ်ရာရလျှင် ရေခဲ ကပ်သင့်ပါသလား?
သုတေသနရလဒ်များက မပြတ်သားသည့်အခါတွင် ကျွန်ုပ်တို့၏ လူသာမန်အသိ (Common sense) ကို အသုံးပြု၍ ဆုံးဖြတ်ကြရမှာဖြစ်ပါသည်။ ရေခဲကပ်သည့်အခါတွင်လည်း အလွန်အကျွံမပြုလုပ်မိစေရန် သတိထားကြရမှာဖြစ်ပါသည်။
ထို့ကြောင့်
“ထိခိုက်ဒဏ်ရာ ဖြစ်ပြီးပြီးချင်း ၂၄ နာရီအတွင်း ဒဏ်ဖြစ်ရာနေရာကို ရေခဲဖြင့် တစ်ခါကပ်လျှင် ၁၅မိနစ် ကြာနှင့် ၂ နာရီခြားတစ်ခါ ကပ်ပေးရပါမည်။” နာကျင်မှုနှင့် ရောင်ရမ်းမှုများ သိသိသာသာ သက်သာစေပါလိမ့်မည်။
“ရေခဲကပ်ရာတွင် ရေခဲနှင့် အရေပြားကို တိုက်ရိုက်မထိတွေ့စေရန် အဝတ်စ (သို့) မျက်နှာသုတ်ပဝါစကို ခံ၍ အပေါ်မှ ကပ်ပေးရပါမည်။”
“အတင်းဖိမကပ်ဘဲ ခပ်ဖွဖွသာ ကပ်ပေးသင့်ပါသည်။”
သတိထားရမည့် အချက်မှာ ရေခဲကပ်ခြင်းသည် ရှေးဦးသူနာပြုစုခြင်းနည်းလမ်း တစ်ခုသာဖြစ်ပြီး ဒဏ်ရာအနေအထားအရ ကျန်ရှိသောကုသမှုများကို ပြုလုပ်ရန်အတွက် နီးစပ်ရာ ဆေးရုံဆေးခန်းများကို ပို့ဆောင်ပြီး ဆက်လက်ကုသကြရမှာဖြစ်ပါသည်။ ဖြစ်ပွားရာနေရာကို ကျပ်စည်းခြင်း၊ မလှုပ်မရှားစေခြင်း၊ မြှင့်ထားခြင်းနှင့် အနာကျက်ဆေး၊ အရောင်ကျဆေးများနှင့် ကုသရနိုင်သလို အရိုးကျိုးခြင်း၊ အဆစ်လွဲခြင်းနှင့် အရေပြားကွဲခြင်းများကိုလည်း စနစ်တကျကုသဖို့ လိုအပ်ပါသည်။
ဒေါက်တာခင်မောင်လွင် (FAME)