25/08/2026
အခုတလော မိဘတွေနဲ့ ဆရာ/ဆရာမတွေကြားမှာ အတွေ့ရများလာတဲ့ ပြဿနာလေးတွေကို ဒီနေ့ အချိန်နည်းနည်းရတုန်း စာလေးရေးမယ်နော်...
ဒီပို့စ်မှာ အဓိက ပြောချင်တာက မိဘအများစု ကြုံတွေ့ရတတ်တဲ့ အခက်အခဲလေးတွေပါ...
👉 မိဘတွေအများဆုံး ကြုံရတဲ့ ပြဿနာတစ်ခုကတော့ ဆရာ/ဆရာမဘက်က အတန်းချိန် မတိကျခြင်း ပါပဲ။
❗တချို့ဆရာ/ဆရာမတွေက အတန်းချိန်နောက်ကျပြီးမှ လာတာ၊ Online ဆိုရင်လည်း နောက်ကျပြီးမှ စတာမျိုး ရှိတတ်သလို တချို့က သတ်မှတ်ထားတဲ့အတန်းချိန်မပြည့်ခင် အတန်းစောဆင်းတာမျိုးလည်း ရှိတတ်ပါတယ်။
❗တချို့ဆရာ/ဆရာမတွေကျတော့ စေတနာအရမ်းထားပြီး ကလေးစာမရသေးရင် အချိန်ပိုသင်ပေးတတ်ကြပါတယ်။ ဒါပေမယ့် နာရီဝက်၊ တစ်နာရီလောက်အထိ အချိန်ပိုသင်လိုက်တဲ့အခါ ကလေးရဲ့ တစ်ရက်တာ Schedule ကို ထိခိုက်စေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
👉 နောက်တစ်ခုကတော့ Face-to-Face သင်ကြားမှုကို ရွေးချယ်ထားတဲ့ မိဘတွေ ကြုံရတတ်တဲ့ ပြဿနာ ပါ။
❗မိဘတချို့က ကိုယ့်သားသမီးရဲ့ သင်ယူမှုပုံစံအပေါ်မူတည်ပြီး Face-to-Face သင်ကြားမှုကို ပိုနှစ်သက်ကြလို့ ဆရာ/ဆရာမကို အိမ်အထိလာပြီး သင်ကြားပေးဖို့ ရွေးချယ်ထားတာမျိုး ရှိပါတယ်။ အိမ်အထိလာပြီး သင်ကြားပေးဖို့ အစကတည်းက သဘောတူထားပြီးမှ မကြာခဏ Online ပြောင်းသင်တာမျိုး ဖြစ်လာရင်လည်း မိဘဘက်က အဆင်မပြေမှုတွေ ဖြစ်လာနိုင်ပါတယ်။
👉နောက်ထပ် အချက်တစ်ခုကတော့ ဆရာ/ဆရာမဘက်က ပျက်ရက်ရှိတဲ့အခါ အစားထိုးအချိန် ပြန်မပေးခြင်း ဖြစ်ပါတယ်။
👉 အပေါ်က ပြောခဲ့သလို အခက်အခဲမျိုးကို မိဘတွေ ကြုံတွေ့ရတဲ့ အခါ မိဘအနေနဲ့ ဆရာ/မကို ပြောရမှာ အားနာတာ၊ ကိုယ်နဲ့ ဆက်ဆံရေး အထစ်အငေါ့ ဖြစ်သွားလို့ ဆရာ/မက မသင်တော့ရင် နောက်ထပ် ဆရာ/မ ရှာဖို့ ခက်ခဲတာတွေကြောင့် မပြောဘဲနေရာကနေ တချို့ ဆရာ/မတွေက ကိုယ့်လိုအပ်ချက်ကို ပြန်သုံးသပ်ဖို့ မေ့လျော့နေတတ်ပါတယ်။
❣️ တကယ်တော့ မိဘနဲ့ ဆရာ/ဆရာမကြားမှာ Professional Relationship ဆိုတာ ပြဿနာမရှိခြင်းကို ဆိုလိုတာ မဟုတ်ပါဘူး။
👉 ပြဿနာ ရှိလာတဲ့အခါမှာ တစ်ဦးနဲ့တစ်ဦး လေးစားမှု မပျက်ဘဲ ရှင်းလင်းစွာ ပြောဆို ဆွေးနွေးပြီး ဖြေရှင်းနိုင်ခြင်းကသာ Professional Relationshipကောင်း တစ်ခု လို့ ကျွန်မ ခံယူပါတယ်။
👉 ဒီလို ဖြေရှင်းနိုင်ဖို့အတွက်လည်း သင်ကြားမှု မစခင် ကတည်းက အတန်းချိန်၊ ပျက်ရက်၊ အစားထိုးအချိန်၊ Online/Face-to-Face ပြောင်းလဲမှု စတဲ့ စည်းမျဉ်းစည်းကမ်းတွေကို နှစ်ဖက်စလုံး ကြိုတင်သတ်မှတ်ထားဖို့ အရေးကြီးပါတယ်။
👉 အစကတည်းက ရှင်းလင်းစွာ သတ်မှတ်ထားမယ်ဆိုရင် နောက်ပိုင်းမှာ မလိုအပ်ဘဲ စကားအများကြီးပြောရတာ၊ နားလည်မှုလွဲတာတွေကိုလည်း လျှော့ချနိုင်ပါတယ်။
👉 ကျွန်မအနေနဲ့တော့ ပညာသင်ကြားပေးခြင်းဆိုတာ Service ပေးခြင်းတစ်မျိုး လို့ ခံယူထားပါတယ်။
ဆရာ/ဆရာမတွေဘက်ကလည်း ကိုယ့်ရဲ့ပညာရပ်နဲ့ အချိန်တွေကို ရင်းနှီးမြှုပ်နှံရသလို မိဘတွေဘက်ကလည်း သင့်တင့်တဲ့ အခကြေးငွေတစ်ခုနဲ့ ဆရာ/ဆရာမတွေရဲ့ Service ကို ရွေးချယ်ထားတာ ဖြစ်ပါတယ်။
💯 ဒါကြောင့် မိဘနဲ့ ဆရာ/ဆရာမကြားမှာ အပြန်အလှန်လေးစားမှု၊ နားလည်မှုနဲ့ ယုံကြည်မှုရှိတဲ့ ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်နိုင်ဖို့ နှစ်ဖက်စလုံးမှာ တာဝန်ရှိပါတယ်။
👉 နိဂုံးချုပ်ရရင်တော့ မိဘနဲ့ ဆရာအကြား တိကျတဲ့ စည်းကမ်း၊ ပွင့်လင်းတဲ့ ပြောဆိုဆက်ဆံမှုနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုတွေ ရှိလာတဲ့အခါ ကောင်းမွန်တဲ့ Professional Relationship တစ်ခုကို တည်ဆောက်နိုင်ပြီး ကလေးတွေရဲ့ သင်ယူမှု ခရီးစဉ်ဟာလည်း ပိုမိုဖြောင့်ဖြူး သာယာလာမှာ ဖြစ်ပါတယ်။
❣️ နောက် post တစ်ခုမှာတော့ ဆရာ/ဆရာမ အများစုကြုံတွေ့ရတဲ့ အခက်အခဲလေးတွေကို ထပ်ပြီးဆွေးနွေးသွားပါမယ်ရှင့်။