Pioneer Farm Fresh - Organic Farm

Pioneer Farm Fresh - Organic Farm Organic Farm

06/01/2026

Pls like and share this Reel. Thank you for your support. I do appreciate it. 😍😍😍
Myo Aung Kyaw

05/01/2026

၂၀၂၆ ခုနှစ်ရဲ့ အစ ခြံကလေးရဲ့ ထုတ်ကုန် များနဲ့ ကျနော်ပါ။

ခြံလုပ်သားတွေ ပြန်ရောက်လာပီမို့ .. ခုကာလ စိုက်လို့ပျိုးလို့ ကောင်းချိန်နဲ့ အတော်ပဲပေါ့ ...
12/12/2025

ခြံလုပ်သားတွေ ပြန်ရောက်လာပီမို့ .. ခုကာလ စိုက်လို့ပျိုးလို့ ကောင်းချိန်နဲ့ အတော်ပဲပေါ့ ...

06/04/2025

ချည်ဟောင်းများနဲ့ လမ်းခင်းလိုက်တဲ့ ချုပ်ရိုးအသစ်
*******

ကျွန်မရဲ့ ကလေးဘဝဟာ မာမီကိုယ်တိုင် ချုပ်လုပ်ဖန်တီးပေးတဲ့အဝတ်အစားတွေဝတ်ပြီး ပါပါရဲ့ ဆုံးမလမ်းညွှန်မှုတွေနဲ့ စည်းချက်ညီညီ ကြီးပြင်းလာခဲ့ပါတယ်။ ဒီလိုနဲ့ မှော်ဘီမြို့ အထက (၂) ကနေ ၁၀တန်း (Grade 12) အောင်ပြီး ၁၉၈၃ ခုနှစ်မှာ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် စတက်ခဲ့ရပါတယ်။ ၁၉၈၈ ခုနှစ် တက္ကသိုလ်တက်နေစဉ် နောက်ဆုံးနှစ်မှာပဲ အကြောင်းတစ်ခုကြောင့် ၁၉၉၁ ၊ မေလအထိ တက္ကသိုလ်များ (၃) နှစ်ပိတ်ခဲ့ရပါတယ်။ အဲဒီကာလတွေအတွင်း ကျွန်မကတော့ ကျောင်းလည်းမတက်ဖြစ် ၊ အလုပ်လည်းဝင်မလုပ်ဖြစ်ပဲ မိဘနှစ်ပါးနဲ့အတူနေပြီး အိပ်လိုက်စားလိုက် ဝေလေလေဖြစ်နေခဲ့ပါတယ်။ အစ်မနှစ်ယောက်ကတော့ အိမ်ထောင်ကျသွားတဲ့အတွက် အိမ်ခွဲသွားခဲ့ကြပါပြီ။ နောက်တော့ ကျွန်မအနေနဲ့ ဒီအတိုင်းအလုပ်မရှိပဲနေနေမယ့်အား ဝင်ငွေရတဲ့အလုပ်တစ်ခု လုပ်ဖို့စဉ်းစားမိပါတယ်။ မိဘနှစ်ပါးက အစိုးရဝန်ထမ်းဖြစ်ပြီး စီးပွားရေးလုပ်ငန်းမရှိလေတော့ ကျွန်မက ထောက်ကြန့် စျေးထဲမှာ ဆန် ရောင်းတာနဲ့ တစ်နိုင်တစ်ပိုင်လုပ်ငန်းလေးစခဲ့ပါတယ် (ဒီအကြောင်းကို နောက်မှသီးသန့်ရေးပါမယ်)။

ထောက်ကြန့် စျေးထဲ မှာ ဆန်ရောင်းနေရင်းနဲ့ မမျှော်လင့်ပဲနဲ့ ရေ ဆင်း
စိုက်ပျိုးရေးတက္ကသိုလ်က မမ ဒေါ်ဆွေဆွေမြင့် (YAU class of 1984) နဲ့ ပြန်တွေ့ခဲ့ပါတယ်။ အဲဒီအချိန်မှာ က မမ (ဆရာမ) ဟာ အောင်မြင်နေတဲ့ ဝတ်စုံဖန်တီးသူတယောက် (ဒီဇိုင်နာ တစ်ယောက်) ဖြစ်နေခဲ့ပါပြီ။ ကျွန်မရဲ့ အစ်မလတ်အစီအစဉ်နဲ့ ဆရာမဆီကနေ ဝတ်စုံဖန်တီးခြင်းပညာ ကို သင် ယူ ဖို့ ဖြစ်လာခဲ့ပါတယ်။ ဒါနဲ့ပဲ မှော်ဘီအိမ်က အပ်ချုပ်စက်ကို ထောက်ကြန့် ကို သယ်ပြီး စက်ချုပ်စသင်ခဲ့ပါတယ်။

မှတ်မှတ်ရရ ကျွန်မ ရဲ့ ပထမဆုံး စိုက်ပျိုး​ရေးပညာ ဘွဲ့ ယူ ခဲ့ တဲ့ ၁၉၉၃ ခုနှစ် ဇန်နဝါရီလ (၅) ရက် နေ့ ဘွဲ့ နှင်းသဘင် နေ့နဲ့ အစမ်း နေ့ တွေမှာ ဝတ် ခဲ့ တဲ့ဝတ်စုံ များ ၊ မာမီနဲ့အစ်မလတ်၊ တူတူမများအတွက်ဝတ်စုံဒီဇိုင်းများပါ ကိုယ်တိုင်ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဝတ်စုံချုပ်ပညာကို ဆရာမရဲ့ အနီးကပ် သင်ကြားပြသမှု၊ လေ့ကျင့်မှုတွေနဲ့ အတော်လေးကျွမ်းကျင်လာခဲ့ပါတယ်။ တဖက်မှာ ဆံပင်အလှပြင်ခြင်းပညာကိုပါ အဲဒီခေတ်က နာမည်ကြီးတဲ့ စကော့စျေးထဲက "လှသူဇာ" ဆိုင်မှာ သွားပြီး သင်ယူလေ့ကျင့်ခဲ့ပါတယ်။ လပေါင်းအတော်ကြာသွားပြီးတော့ မိဘနှစ်ပါးနဲ့ အစ်မများရဲ့ အားပေးမှုနဲ့ပဲ ကျွန်မရဲ့ကိုယ်ပိုင် ဝတ်စုံချုပ်ဆိုင်နဲ့ ဆံပင် မိတ်ကပ် အလှပြင်ဆိုင်ကို တွဲပြီး ​ထောက်ကြန့် လမ်းဆုံ ၊ ပြည်လမ်းမပေါ်မှာ " တော် ဝင် အလှပြင်ဆိုင်နဲ့ အပ်ချုပ်ဆိုင် " ကို စ ပြီး ဖွင့်နိုင်ခဲ့ပါတယ်။

ဆိုင်ဖွင့်စမှာ စီးပွားရေးအတွေ့အကြုံအကျွမ်းတဝင်မရှိသေးတာကြောင့် ကျွန်မ အတော်ကိုရုန်းကန်ခဲ့ရပါတယ်။ မိဘနှစ်ပါးလည်း မှော်ဘီကနေ အသွားအပြန်လုပ်ပြီး ဆိုင်ကို လာစောင့်ပေး၊ ဧည့်သည်များကို ဧည့်ခံပေးပြီး သန့်ရှင်းရေးကအစအကုန် ဝိုင်းလုပ်ပေးခဲ့ရပါတယ်။ ဆရာမ ဒေါ်ဆွေဆွေမြင့်နဲ့ အစ်မလတ်တို့လည်း ကိုယ်တိုင်လာရောက် ကူညီလမ်းညွှန်ပေးခဲ့ပါတယ်။ မိဘတွေရဲ့ အပ်ချုပ်စက်အပြင် နောက်ထပ်စက်အသစ်များနဲ့ ဒါးစက်တို့ကို ထပ်ဝယ်ဖြည့်ခဲ့ရပေမယ့် ကျွန်မရဲ့ တပည့်များ လက်ထောက်များရဲ့ အနှစ်သက်ဆုံးစက်ကတော့ မိဘများရဲ့ အမွေဒီ စက်အဟောင်းလေးပါပဲ။ အဲဒီတုန်းက ပါပါပြောခဲ့တာကတော့ အပ်ချုပ်သမားကောင်းတစ်ယောက်ဆိုတာ စက်ချုပ်နေစဉ် ထွက်လာတဲ့ ညင်သာချောမွေ့တဲ့ အသံမျိုးစုံ၊ နူးညံ့တဲ့ကိုင်တွယ်မှု၊ စက်နဲ့အသုံးပြုသူကြားမှာရှိတဲ့ တည်မြဲတဲ့ဆက်ဆံရေးတို့အပေါ် အများကြီးမူတည်တယ်ဆိုတာပါ။ ပါ ပါ က အသံတွေရဲ့ အသေးစိတ်ကိုလည်း ကျွန်မတို့ကို ရှင်းပြပေးပါတယ်။ ဥပမာ - စက်ကောင်းနေရင် တည်ငြိမ်ပြီး အဆက်မပြတ်ထွက်တဲ့အသံ (ဝီး- ဝီး)၊ အလွှာများစွာချုပ်တဲ့အခါ အပ်ရဲ့ထိုးမှန်တဲ့အသံ (ကလက်.. ကလက်..)၊ စက်အဟောင်းတွေမှာ အပ်အတက်အဆင်းရွှေ့တဲ့အခါ ကလစ်နှိပ်တဲ့ဆူသံ (တစ်ခ်... တစ်ခ်)၊ နူးညံ့တဲ့အထည်ကို အပ်နဲ့ချုပ်လိုက်တဲ့ လျင်မြန်ပျော့ပျောင်းတဲ့အသံ (ဇီ..ဇီ...) တို့ဖြစ်ပါတယ်။

ထူးခြားစွာနဲ့ မိဘများရဲ့ သက်တမ်းရင့်စက်ဟောင်းလေးက အသံညက်ပြီး ချုပ်ရတာ လွန်စွာအဆင်ပြေကြောင်း ပြောလာကြတဲ့အခါ မိဘနှစ်ပါးလုံးရဲ့ ပျော်ရွှင်မှုက အတိုင်းထက်အလွန်ပါပဲ။ အပ်ချုပ်စက်အဟောင်းရဲ့ စည်းချက်ညီသံဟာ ကျွန်မဘဝခရီးသစ်ရဲ့ နှလုံးခုန်သံဖြစ်လာခဲ့ပါတယ်။ မိဘနှစ်ပါး စောင့်ကြည့်နေခဲ့တဲ့ မျက်လုံးတွေအောက်မှာ အပျော်တမ်းပညာရပ်တစ်ခုအနေနဲ့ အစပြုခဲ့ပေမယ့် ဘဝရဲ့တစ်ဆစ်ချိုးအပြောင်းအလဲမှာ ရှင်သန်ခြင်းနည်းလမ်းကနေ အောင်မြင်မှုလမ်းကြောင်းပေါ် ပြောင်းလဲသွားခဲ့ပါတယ်။ စက်ခုံကို ဖိနင်းလိုက်တိုင်း၊ အပ်ထည်တွေ ၊ သင်တန်းသူ တွေ တိုးလာတိုင်း မိဘတွေရဲ့ အိမ်မက်တွေကို အတူတူဖော်ဆောင်ခွင့်ရခဲ့တယ် ဆို တဲ့ ခံသားချက် ကို မိ ဘများမရှိတော့တဲ့အချိန်မှ ပိုပြီး တန်ဖိုးထားမိပါတယ်။

ဒီအပ်ချုပ်စက်အဟောင်းလေးကနေ ကျွန်မကိုယ်တိုင် အပ်ချုပ်သမားဖြစ်လာခဲ့တာဟာ အတိတ်ကိုဂုဏ်ပြုပြီး အနာဂတ်ကို ဖန်တီးခွင့်ရခဲ့တာပါပဲ။ အပ်ချုပ်စက်အဟောင်းလေးနဲ့ ပထမဆုံးဝတ်စုံ စချုပ်ချိန်အစပိုင်းမှာ ချုပ်ရိုးတွေမညီညာလိုင်းတွေမပြည့်စုံပေမယ့် မိဘနှစ်ပါးနဲ့ အစ်မလတ်တို့ရဲ့ အားပေးမှုနဲ့ ကြိုးစားမှုတိုင်းအတွက် ယုံကြည်မှုတွေ တိုးလာခဲ့ပါတယ်။ အားပေးဝန်းရံပြီး ဖေးမကူညီတတ်တဲ့ မိသားစုအသိုင်းအဝိုင်းရဲ့ အဓိပ္ပါယ်ကို ကိုယ်တွေ့နားလည်ခဲ့ရပါတယ်။ ဒီအပ်ချုပ်စက်ဟာ " Merritt Brand (Singer model)" ဖြစ် ပြီး အိန္ဒယ နဲ့ မြန် မာ စျေးကွက် တွေအတွက် အဓိက ထုတ်ထားတာလို့ လေ့လာမိပါတယ် ၊ Singer Sewing Machine Company ရဲ့ ပဲ့ကိုင်ရှင် Isaac Merritt Singer ကိုယ်တိုင် ဖန်တီးထုတ်လုပ်ခဲ့တာ
ဖြစ် ပါ တယ်၊ Singer ထုတ် ကုန် Merritt လို အမှတ်တံဆိပ်တွေဟာ မြန်မာနိုင်ငံရဲ့ အိမ်တွင်း မှု နှင့် အထည်အလိပ် စက်မှုလုပ်ငန့်း နယ်ပယ်နှစ်ခုလုံးရဲ့သမိုင်းမှာ နှစ်ပေါင်းများစွာ အရေး ပါ သော အခန်း ကဏ္ဍ မှ ပါဝင်နေခဲ့တာပါ။ "Merritt ဟာ ကြံကြံခံနိုင်ခြင်း ရဲ့ သကေတ တခုဘဲ သမီး " လို့ မာမီ က မှတ်ချက်
ပေးတာကို သတိရမိပါတယ်၊ အမှန်ပါဘဲ....ပါပါ တာဝန်ကျရာ
ဒေသ အသီးသီး ပြောင်း ရွှေ့တာကို သူ လိုက်ပါလာခဲ့တယ်၊ မျက်နှာပြင် ဟောင်းနွမ်းသွားပေမယ့် သူ့ရဲ့ လုပ်ဆောင်မှု ပဲ့တင်သံတွေနဲ့ ချုပ်ရိုး အသစ်တွေကို ဖန်တီးပေးခဲ့တဲ့
အင်မတန် ခံနိုင်ရည် ရှိတဲ့ အပ်ချုပ်စက်လေးပါ။

ကျွန်မကိုယ်တိုင် သိလာရတာကတော့ ဝတ်စုံတွေဖန်တီးချုပ်လုပ်တာဟာ အပ်ချုပ်ရုံမျှမကဘဲ လူတွေရဲ့လိုအပ်ချက်တွေနဲ့ သူတို့ရဲ့ဇာတ်လမ်းတွေကို လူသားဆန်စွာ နားလည်စေဖို့ဆိုပါပဲ။ ကျွန်မရဲ့ ပထမဆုံးဖောက်သည်တွေဟာ ချီတုံချတုံဖြစ်နေခဲ့ပေမယ့် ဝတ်စုံတစ်စုံဖြစ်လာစေဖို့ သေးငယ်တဲ့တစ်ပိုင်းချင်းဆီမှာ ထည့်သွင်းထားတဲ့ ကျွန် မရဲ့ တီထွင်ဖန်တီးမှု လက်ရာသေသပ်မှု နဲ့ စေတနာပါဝင်မှုတို့ကို သတိထားမိသွားတဲ့အခါ ကျွန်မ အင်မတန်ပီတိဖြစ်ရပါတယ်။ တဖက်က ဆံပင်ညှပ်ခြင်: အလှပြင် ခြင်း အနုပညာဆိုသည်မှာလည်း ရိုးရှင်းသောအထိအတွေ့ကနေ မိ မိရဲ့ လက်အစုံ ညဏ်ပညာ နဲ့ တစ်စုံတစ်ဦးရဲ့ အလှတရားယုံကြည်မှုကိုပါ ပြောင်းလဲစေနိုင်တဲ့အတွက် မပျင်းမရိ နေ့ညမနား ကျွန်မအလုပ်လုပ်ခဲ့ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းလုပ်တဲ့အခါ တွေ့ရတဲ့စိန်ခေါ်မှုအခက်အခဲတွေကို မိဘနှစ်ပါး နဲ့ အစ်မလတ်တို့ရဲ့ အနီးကပ် စောင့်ရှောက်မှု၊ အတွေ့အကြုံမျှဝေမှုနဲ့ စိတ်ပိုင်းဖြတ်နိုင်မှုတို့နဲ့ ကောင်းစွာ ဖြတ်သန်းနိုင်ခဲ့ပါတယ်။

အချိန်အတိုင်းအတာတစ်ခုအထိ ဒီလုပ်ငန်းများကို လုပ်ခဲ့ပြီးချိန်မှာတော့ နောက်ထပ်ဘဝအချိုးအကွေ့တစ်ခုအတွက် ၁၉၉၄ ခု နှစ်မှာ အစိုးရအလုပ်ဝင်ဖို့ ဖြစ်လာခဲ့ပါတယ်။ ဆိုင်ခန်းနေရာ ပြန်အပ်လိုက်ချိန်မှာ ပစ္စည်းအတော်များများ ရောင်းထုတ်ခဲ့ပေမယ့် မိဘများရဲ့ အပ်ချုပ်စက်ကိုတော့ အိမ်ကို ပြန်သယ်လာခဲ့ပါတယ်။ အလုပ်လုပ်ရင်းနဲ့ အပ်ထည်များကို လက်ခံပြီး အလုပ်ပိတ်ရက်တွေမှာ ဆံပင်ညှပ်ခြင်းအလှပြင်ပေးခြင်းတို့နဲ့ ဝင်ငွေရအောင် ရှာခဲ့ပါသေးတယ်။ နောက်ပိုင်း ဘွဲ့လွန်(ပြည်တွင်း) ထပ်တက်ဖို့ ဖြစ်လာတော့မှသာ ကျွန်မ ဒီအလုပ်တွေ ရပ်နားလိုက်ရတာပါ။ ရေဆင်းစိုက်ပျိုး ရေးတက္ကသိုလ် မှာ ပထမဦး ဆုံး လုပ်ငန်းခွင် ဘွဲ့လွန် (on deputation) တက်ခဲ့ရတဲ့အချိန် ၊ကျောင်းပိတ်ရက်တွေမှာ ဆံပင်ညှပ် တဲ့အလုပ်ကို ဆက်လုပ်ပြီး အပို ဝင်ငွေ ရှာခဲ့ ပါသေးတယ်။

မတူညီတဲ့ခေတ်များကို ဖြတ်ကျော်လာခဲ့တဲ့ ဘဝခရီးမှာ ဒီအပ်ချုပ်စက်အဟောင်းလေးက မမြဲခြင်းလက်တွေ့သဘောတရားကို မီးမောင်းထိုးပြနေသလိုပါပဲ။ အချိန်ကာလရဲ့တိုက်စားမှု
ကို အပ်ချုပ်စက်လေးလည်း မရှောင်လွဲနိုင်ခဲ့ပါဘူး ၊ အပ်ချုပ်စက်ကို ပြင်ဖို့အကြိမ်များစွာ ကြိုးစားခဲ့ပေမယ့် ချုပ်လို့ အဆင်မပြေတော့တာကြောင့် မိသားစုအမှတ်တရပစ္စည်းတစ်ခုအနေနဲ့သာ ထားရှိခဲ့ပါတယ်။ မာမီ အသက်ရှင်စဉ်က အပ်ချုပ်စက်ကို ဘာလုပ်ချင်ပါသလဲ၊ ရောင်းလိုက်ရမလားဆိုပြီး ကျွန်မ ရူး မိုက်စွာ မေးမိခဲ့ပါတယ်။ မာမီက "ဘာမှမလုပ်နဲ့ သိမ်းထားပါ" လို့ပဲ ပြောခဲ့ပါတယ်။ အမှန်တော့ မာမီ့ဆီမှာ အပ်ချုပ်စက်နဲ့ပတ်သက်ပြီး ကျွန်မကို ပြောချင်ခဲ့တဲ့ စကားလုံးတွေ အများကြီးရှိခဲ့မှာပါ။ မာမီဆုံးပါးသွားပြီးနောက်ပိုင်း ကျွန်မ ဒီစက်အတွက် အမှတ်တရလုပ်ဖို့ စဉ်းစားနေခဲ့ရာက မိတ်ဆွေတစ်ဦးဆီ သွားလည်ရင်းနဲ့ စိတ်ကူးအိုင်ဒီယာလေး တစ်ခုရလာခဲ့ပါတယ်။ အခုတော့ အပ်ချုပ်စက်လေးကနေ စားပွဲတစ်ခုအဖြစ် ပြောင်းလဲလိုက်ပြီး ဧည့်ခန်းထဲမှာနေရာယူထားနေပါပြီ။

မိဘနှစ်ပါးရဲ့ ဝါသနာနဲ့ စေတနာကို ဖြည့်ဆည်းပေးခဲ့တဲ့ဒီစက် ၊ ကျွန်မရဲ့ ကိုယ်ပိုင်လုပ်ငန်းမှာ ရှေ့ဆောင်လမ်းပြခဲ့တဲ့ဒီစက်၊ မိဘများရဲ့ အိမ်မက်တွေကို အကောင်အထည်ဖော်ပေးခဲ့တဲ့ဒီစက်လေးဟာ နှစ်ပေါင်း (၆၀) ကျော်မိသားစုအမှတ်တရများကိုပွေ့ပိုက်ထားရင်း မိသားစုဓာတ်ပုံလေးတွေနဲ့အတူ လှပစွာရှိနေဆဲပါပဲ။ သူ့ရဲ့အပ်တစ်ချောင်းက မရွေ့နိုင်တော့ပေမယ့် သူ့ရဲ့ဖြစ်တည်မှုကတော့ မိဘနှစ်ပါးရဲ့ လက်အစုံနဲ့ စတင်ခဲ့တဲ့ ခရီးရှည်၊ ဝတ်စုံချုပ်သူနဲ့
ဆံပင် မိတ်ကပ် အလှပြင်သူ ကျွန်မရဲ့ခရီးအတိုင်း ကောင်းမွန်တဲ့အစဥ်အလာကို သယ်ဆောင်ခဲ့တာတွေကို မြင်မိတဲ့အချိန်တိုင်း အစဥ်သတိရစေပါတော့တယ်။

မြဦးမေ (အရေး၊ အတွေး ၊ အမြင်)
၂၀၂၅ ခုနှစ် မတ် လ (၁၆) ရက်

#အပ်ချုပ်စက်
#မြဦးမေ

#ချုပ်ရိုးများ
#ချည်ဟောင်းများ

Address

Yangon

Telephone

+959445566404

Website

Alerts

Be the first to know and let us send you an email when Pioneer Farm Fresh - Organic Farm posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Pioneer Farm Fresh - Organic Farm:

Share

Category