04/02/2026
သူမက ကျွန်တော်တို့ မြင်တဲ့အတိုင်း
“စိတ်မနှံ့တဲ့ အမေ” တယောက်ပေါ့။
ချစ်ရတဲ့ သားလေးကို ပွေ့ဖက်ရင်း
လမ်းဘေးမှာပဲ ဖြစ်သလိုနေရှာပါတယ်။
လူကသာ စိတ်မနှံ့ ရှာတာပါ။
သားလေးကို နို့တိုက်ဖို့
သူ မမေ့ရှာဘူးဗျ။
သူမနှုတ်ကပြောလာတဲ့ စကားလုံးတွေ၊
သူမရဲ့ အမူအရာ တွေဟာလဲ
မတည်မငြိမ် နဲ့ပေါ့။
လမ်းဘေးမှာ ထိုင်နေတဲ့
သူမတို့ သားအမိကို
လူတွေက ဝိုင်းသနားနေကြတာတွေ့တယ်။
ကျွန်တော့်အတွက်တော့ သူမဟာ
သိပ်ပြီး သနားစရာမကောင်းဘူးဗျ။
တကယ်တော့ သူမဟာ
သိပ်လေးစားစရာ ကောင်းတဲ့
ကြီးမားတဲ့ မေတ္တာရှင် မေမေပါ။
သူမရူးနေတာက လောကကြီး အတွက်
ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
လူတချို့အတွက် အရူးတယောက်ပေါ့ဗျာ။
ဒါပေမယ့်
သူမရဲ့ ချစ်ခြင်းမေတ္တာတွေကတော့
သားလေးအတွက်ဆိုရင် တော်ရုံမိခင်တွေ
လိုက်မမှီအောင် ကြီးမားလွန်းပါတယ်။
သူမဟာ အရာအားလုံးကို မေ့လျော့နေပေမယ့်
သားလေးရဲ့ အသက်ရှူသံတိုင်းကိုတော့
သူမ မေ့မနေခဲ့ဘူး။
သူမရဲ့ လက်ထဲက ကလေးကို
ဘယ်သူလာတောင်းတောင်း မပေးဘူး။
“ခဏလောက်ပဲ” လို့ ပြောလည်း မပေးဘူး။
“ကူညီမလို့ပါ” လို့ ပြောလည်း မပေးဘူး။
ဘာလို့လဲဆိုတော့
သူမအတွက်
ဒီလောကကြီးဟာ အန္တရာယ်တွေပြည့်နေလို့ပါပဲ။
ဒါပေမယ့် သူမရဲ့ နှလုံးသားထဲက
စကားလုံးတွေကို ကျွန်တော်ကြားနေမိတယ်ဗျ။
ချစ်ရတဲ့၊ သားလေးရေ
ဒီလောက ကြီးက အမေတို့အတွက်
အန္တရာယ်တွေ ပြည့်နှက်နေပေမယ့်
သားလေး အမေ့နားမှာ ရှိနေခြင်းက
အန္တရာယ်တွေကို ကာကွယ်ပေးမယ့်
အားကောင်းတဲ့ ကျားတကောင်လိုပါပဲတဲ့😭
သူမအတွက်တော့ သားလေးဟာ
သူမရဲ့ အသက်တောင်ထက် အရေးကြီးပါတယ်။
စိတ်မနှံ့တဲ့ အမေတယောက်ရဲ့ ခေါင်းထဲမှာ
မှတ်ဉာဏ်အားလုံး၊ ပျောက်နေပေမယ့်
သားလေးကို ချစ်တဲ့ စိတ်ကတော့
ဘယ်တော့မှ မေ့ပျောက်မသွားခဲ့ဘူး။
အရမ်းရှင်းလင်းတယ်…
အရမ်းစင်ကြယ်တယ်…
အရမ်းကြီးမားလွန်းပါတယ်။
တခါတလေ
အချစ်ဆိုတာက
ရူးနေတာထက် ပိုဆိုးပါတယ်။
အဲ့ဒီအမေက
လူအမြင်မှာ ရူးနေတာဖြစ်နိုင်ပေမယ့်
သားလေးရဲ့လောကထဲမှာတော့
သူမဟာ ဒီလောကကြီးမှာ
အပြည့်စုံဆုံး အမေတယောက်ဆိုတာထက်ကို
ပိုနေပါတယ်ဗျာ။
ချစ်ခြင်းမေတ္တာဆိုတာ စိတ်မနှံ့တာ
ရူးနေတာ၊ အတိတ်မေ့နေတာနဲ့
လုံးဝမဆိုင်ပါဘူးနော်၊
တကယ်တော့ ချစ်ခြင်းမေတ္တာဆိုတာ
နှလုံးသားထဲမှာ အမြစ်တွယ်နေတာမို့ပါ။
မိခင်စိတ်အပြည့်ရှိတဲ့ အမေတယောက်အတွက်
ရင်နှင့်ခံစား၍ ဂုဏ်ပြုရေးသားလိုက်ရပါတယ်။
မြန်မြန်ကျန်းမာပါစေ အမရေ🙏🙏🙏
သားလေးနှင့် တသက်လုံး အတူတူနေနိုင်ပါစေ။
အမေကို လုပ်ကျွေးနိုင်တဲ့ သားလေးဖြစ်ပါစေလို့
ဆုတောင်းပေးလိုက်ပါတယ်ဗျာ။
အရမ်းလေးစား အားကျမိပါတယ်။
အမဟာ ကမ္ဘာပေါ်က အမေတွေထက်
အကြီးမားဆုံးသော မေတ္တာရှင် မေမေပါ။
Yee Wai Phyo
နှလုံးသားဖြင့် ရေးသားသည်။