26/07/2025
ကြွယ်၀ချမ်းသာမှု ဆိုတာ ပြောလို့သာလွယ်တာ .. လုပ်ဖို့ တော်တော် အချိန်ပေးရတယ်။
ကျွန်တော် မာသင် ဒီ ကြွယ်၀ချမ်းသာမှု ခရီးလမ်းကို လျောက်လာတာ.. (၁၅) နှစ်လောက်ရှိပြီ။
အချို့သော အကြောင်းအရာတွေသာ အဲဒီတုန်းက သိခဲ့မယ်ဆိုရင်.. အဲဒီလောက်ခက်ခဲခဲ့မှာမဟုတ်ဘူး။
ခရီးလမ်းတစ်လျောက် သိလာခဲ့တဲ့ သင်ခန်းစာ (၇) ခုကို ..
ကြွယ်၀ချမ်းသာမှုလမ်းကို ကြိုးစားလျောက်လမ်းလိုသော
ခရီးလမ်းတူ ..
မိတ်ဆွေ၊ လူငယ်များအတွက် မျှဝေလိုက်ပါတယ်။
------------🔷🔷🔷------------------
1️⃣ကုတ်အား မပါရင် မချမ်းသာနိုင်ဘူး။
၁။ ကြွယ်၀ချမ်းသာမှုဆိုတာ ကုတ်အား (leverage) မပါပဲနဲ့ကြိုးစားလို့မရဘူး။ ကြီးမားလေးလံတဲ့ကျောက်တုံးကို ရွေ့ဖို့ ကိုယ်ကအလေးသွားမ နေမလား၊ကုတ်တစ်ချောင်းကိုရှာမလား ?
ကိုယ့်မှာရှိတာနဲ့ပဲလုပ်ရင် မချမ်းသာနိုင်ပဲ ..ကိုယ့်မှာ မရှိတဲ့ အရာနဲ့လဲ အလောင်းအစားလုပ်နိုင်မှသာလျင်ရနိုင်တယ်။ စီးပွားရေးဆိုတာတောင် အနာဂတ်ကို လောင်းကြေးထပ်ခြင်းပဲ။
------------🔷🔷🔷------------------
2️⃣ အသိပညာ
၂။ အသိပညာ (Knowledge) ဆိုတာ ကြွယ်၀ချမ်းသာမှုလမ်းစဉ်မှာ အခရာမြေပုံပဲ။ သူမပါပဲ ဘယ်မှမရောက်ဘူး။ ဒါကြောင့် အသိပညာ ကို ကြိုးစားသိုမှီးပါ။ ငွေကြေးအသိပညာ၊ စီးပွားရေးအသိပညာ၊ ဆွဲဆောင်လွမ်းမိုးမှုအသိပညာ.. အသိပညာတိုင်းက ကြွယ်၀ချမ်းသာမှုခရီးလမ်းမှာ လမ်းမမှားစေတဲ့ မြေပုံတွေပါပဲ .. ။
------------🔷🔷🔷------------------
3️⃣ကျွမ်းကျင်မှု
၃။ ကျွမ်းကျင်မှု (Skill) ဆိုတာ ငွေဖော်လို့ရတယ်။ လူတွေက အခြားသူတစ်ယောက်ဘယ်လိုလူလဲဆိုတာကို သူ့ကျွမ်းကျင်မှုနဲ့ မှတ်လေ့ရှိတယ်။ ကျွမ်းကျင်မှုမရှိရင် .. ဘယ်သူဦးနှောက်ထဲမှာမှ ကိုယ်မရောက်ဘူး။ ဒါကြောင့် တစ်ခုခုကို ကျွမ်းကျင်မှုရှိအောင်လုပ်ပါ။
------------🔷🔷🔷------------------
4️⃣ အရင်းအမြစ်
၄။ အရင်းအမြစ် (Resources) ဆိုတာ နာမည်မှာကိုက အဓိပ္ပါယ်ရှိတယ်။ အရင်းအမြစ်မရှိပဲ ဘယ်သစ်ပင်မှ အမြင့်မရောက်သလို .. ကြွယ်၀ချမ်းသာမှုမှာလဲ အရင်းအမြစ် မရှိတဲ့သူက အရမ်းကြိုးစားပေမယ့် အရာမထင်ဖြစ်ပြီး၊ အရင်းအမြစ် ရှိတဲ့သူက မြန်မြန်အမြင့်ကို ရောက်တယ်။ အရင်းအမြစ်ကို ကုတ်အားအဖြစ်အသုံးပြုနိုင်သောသူဖြစ်မှ ခရီးရောက်မယ်။ လူသားလဲအရင်းအမြစ်ပဲ၊ ငွေကြေးလဲ အရင်းအမြစ်ပဲ။ အဲဒီအရင်းအမြစ်တွေကို ကောင်းကောင်းသုံးတတ်ရမယ်။
------------🔷🔷🔷------------------
5️⃣ အဆက်အသွယ်
၅။ အဆက်အသွယ် အသိုင်းအဝန်း (Networks) ဆိုတာ ကြီးမားတဲ့ကုတ်အားပဲ။ ပညာရှင် အာခီးမီဒီး က ပြောဘူးတယ်.. ရှည်လျားတဲ့ကုတ်တစ်ချောင်းနဲ့ နေရာလေးတစ်နေရာကိုသာရရင် ကမ္ဘာကြီးကို ရွှေ့ပြမယ်.. တဲ့။ စီးပွားရေးမှာ အသိုင်းအဝန်းအဆက်အသွယ် ဆိုတာ ကုတ်အားပဲ။ ကမ္ဘာကြီးတစ်ခုလုံးကို ရွှေ့ဖို့မဟုတ်တောင် .. ကိုယ့်ဘ၀ ကိုယ့်ကမ္ဘာကို ပြောင်းလဲပစ်စေနိုင်တယ်။ ကြွယ်၀ချမ်းသာမှုခရီးလမ်းမှာ ခိုင်ခန့်ရှည်လျားတဲ့ကုတ် တစ်ချောင်းတော့ ဆောင်သွားဖို့လိုလိမ့်မယ်။
------------🔷🔷🔷------------------
6️⃣ နာမည်ကောင်း
၆။ နာမည်ကောင်း ဂုဏ်သတင်း (Reputation) ဆိုတာ လူတစ်ယောက်အတွက် တန်ဖိုးကြီးတဲ့ ပိုင်ဆိုင်မှု (Asset) ပဲ။ စီးပွားရေးမှာလဲ ဘရန်းအမှတ်တံဆိပ် ဆိုတာ အရေးကြီးသလို .. လူတစ်ယောက်မှာလဲ နာမည်ကောင်း ဆိုတာ အရေးကြီးတယ်။ အားနည်းချက်က ဂုဏ်သတင်းဆိုတာ တည်ဆောက်ဖို့ အတွက် အချိန်ပေးရပြီး ပျက်စီးဖို့ကျတော့ မြန်တယ်။ ထိခိုက်ကျကွဲ ပျက်စီးလွယ်တယ်။ နူးညံ့တယ်။ တစ်ခါစားမလုပ်ပဲ ရေရှည်အတွက် အမြဲတွေးပြီး နာမည်ကောင်းတစ်လုံးကို တည်ဆောက်ပါ။ ချမ်းသာမှုမပြောနဲ့ ငွေချေးရင်တောင် နာမည်ကောင်း ရှိဖို့လိုတယ်။
------------🔷🔷🔷------------------
7️⃣ မိမိကိုယ်သာ ..
၇။ နောက်ဆုံးတစ်ခုက .. မိမိကိုယ်ကို ရွေးချယ်ပါ (Choose yourself) ပဲ။ မိမိ ကိုယ်တိုင်သာလျင် အားကိုးရာ.. ပဲ။ ချမ်းသာအောင် ဘယ်သူကမှ လာမလုပ်ပေးနိုင်ဘူး။ ကိုယ့်ဘ၀ ... ကိုယ့်တာဝန်။ သူများလာကယ်တာကို မစောင့်နဲ့ ။ လူတိုင်းက သူတို့ပြသနာနဲ့သူတို့ အလုပ်ရှူပ်နေကြတာ။
ကြွယ်၀ချမ်းသာမှုခရီးလမ်းတစ်လျောက် မှာ .. ပြသနာကြုံလာလို့ ..
ငိုစရာရှိရင် ငိုပစ်လိုက် .. ဒါပေမယ့် ..
လျောက်လမ်းမှုကိုတော့ ရပ်လိုက်လို့ မရဘူး။
ခရီးလမ်းတစ်လျောက်မှာ ..
သူများတွေက ကိုယ့်ကို လက်ညိုးထိုးလိမ့်မယ်..
ဂရုမစိုက်နဲ့ .. ကိုယ့်လမ်း ကိုယ်လျောက်။
သူများတွေက ကိုယ့်ကို မဖြစ်နိုင်ဘူး အရူးလို့ပြောလိမ့်မယ်..
ဂရုမစိုက်နဲ့ .. ကိုယ့်လမ်းကိုယ်လျောက်။
ဒီခရီးလမ်းမှာ .. အရေးအကြီးဆုံးက
ဒူပေဒဏ်ပေခံနိုင်တဲ့ စိတ္တသတ္တိပဲ။
------------🔷🔷🔷------------------
အတိုချုပ် အားဖြင့် ..
⭐️၁။ ချမ်းသာချင်ရင် ကုတ်အားရဲ့ အစွမ်းကို အသုံးချပါ။
⭐️၂။ ကြိုးစားပေမယ့် ..အသိပညာမပါရင် ဘယ်ကိုမှ မရောက်ဘူး။
⭐️၃။ တစ်ခုခုကို ကျွမ်းကျင်အောင်လုပ်ပါ၊ လူတွေသင့်ကို မှတ်မိကြလိမ့်မယ်။
⭐️၄။ ကိုယ့်အရင်းအမြစ်ကို ဖွံဖြိုးအောင်လုပ်ပြီး ကောင်းကောင်းအသုံးချတတ်ပါစေ။
⭐️၅။အဆက်အသွယ်မပါပဲ လုပ်ရင် ဘယ်အရာမှ ပြီးနိုင်မှာမဟုတ်ပါဘူး။
⭐️၆။ ချမ်းသာဖို့မပြောနဲ့ ငွေချေးရင်တောင် နာမည်ကောင်းလိုတယ်၊ တစ်ခါစားမလုပ်ပဲ ရေရှည်တည်ဆောက်ပါ။
⭐️၇။ ကိုယ့်ဘ၀ ကိုယ့်တာဝန်။ ဘယ်သူ့ကိုမှ မမျှော်နဲ့ ။ ဘယ်သူ့ကိုမှလဲ မကြည့်နဲ့၊ မင်းဘယ်လောက်ချမ်းသာနေပြီလဲ လို့လဲ မမေးနဲ့။ ကိုယ့်လမ်းကိုယ်လျောက်။ ကိုယ်မချမ်းသာသေးရင်ကိုယ့်တာဝန်။
------------🔷🔷🔷------------------
👉 အဆုံးသတ်မှတ်ချက်။ ။
ကြွယ်၀ချမ်းသာမှုခရီးလမ်းကို (၁၅) နှစ်ကျော် လျောက်လမ်းလာသူ ခရီးသွားတစ်ဦးရဲ့ ရရှိလာသော သင်ခန်းစာ (၇) ခု ကို ခရီးလမ်းတူ ကြိုးစားနေကြသော လူငယ်များ အတွက် မျှဝေခြင်းဖြစ်ပါတယ်။ မော်တီဗေးရှင်းမဟုတ်သလို၊ ဆရာကြီးလုပ်ခြင်းလဲမဟုတ်ပါ။
လမ်းမတူရင် ကျော်သွားပါ . . လမ်းတူရင် လူတွေ့ပါတယ်။
#ကြွယ်၀ချမ်းသာမှုခရီးလမ်း.. ခရီးသွားတစ်ဦး
#မာသင်