15/04/2026
အစဉ်အလာမှသည် သိပ္ပံနည်းကျ ကျန်းမာရေး အဖျော်ယမကာများဆီသို့
"အချဉ်ဖောက်အစားအသောက် (Fermented Foods)" ဆိုတာ ကျွန်မတို့မိသားစုအတွက်တော့ အခုခေတ်စားနေတဲ့ ကျန်းမာရေးရေစီးကြောင်း (Healthy Trend) တွေ မတိုင်ခင်ကတည်းက နေ့စဉ်ဘဝရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ အန်းကုန်း၊ အန်းမ လက်ထက်ကတည်းက အိမ်မှာ ကစော်၊ ပဲပုတ်၊ ပဲငံပြာရည်၊ မုန်ညှင်းချဉ်နဲ့ အိမ်ချက်ဝိုင်တွေကို ရာသီအလိုက် လုပ်စားခဲ့ကြတာ အစဉ်အလာတစ်ခုလိုပါပဲ။ ဆောင်းရာသီ အစဆိုရင် မားမားနဲ့အတူ မုန်ညင်းစိမ်းလေးတွေကို နေလှန်း၊ ဆားသိပ်ပြီး အိုးထဲ ထည့်နေကျ မြင်ကွင်းက အမှတ်တရပေါ့။ မုန်ညှင်းချဉ်နဲ့ ဝက်နံရိုးဟင်းချို နွေးနွေးလေးဆိုတာ ကျွန်မတို့အိမ်ရဲ့Favorite ဟင်းတစ်ခွက်ပါ။
ဒီလို စားသောက်မှူ အစဉ်အလာတွေကြားမှာ ကြီးပြင်းလာရင်း ၂၀၁၂ ခုနှစ်မှာတော့ AIT မှာ Food Engineering ဘာသာရပ်နဲ့ M.E အတွက် Full Scholarship ရခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း Mahidol University မှာfull scholarship နဲ့ Ph.D ဆက်တက်နေတုန်း မားမားမှာ ဆီးချိုစဖြစ်လာတာက ကျွန်မအတွက်တော့ ဘဝရဲ့ အလှည့်အပြောင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ အရင်က ပုံမှန်စားသုံးနေတဲ့ အချဉ်ဖောက်နည်းပညာကို "အစားလည်းဆေး၊ ဆေးလည်းအစာ" ဖြစ်အောင် ဘယ်လိုဖန်တီးမလဲဆိုတဲ့ အတွေးနဲ့ အလေးအနက် လေ့လာဖြစ်ခဲ့ပါတယ်။
Food Engineer တစ်ယောက်အနေနဲ့ရော၊ သမီးတစ်ယောက်အနေနဲ့ပါ မားမားအတွက် အချိုဓာတ်နည်းပြီး ကျန်းမာရေးနဲ့ အမှန်တကယ်ညီညွတ်မယ့် Functional Fermented Drinks နဲ့ Foods တွေကို စနစ်တကျ သုတေသနပြု ရှာဖွေခဲ့ပါတယ်။ အိမ်မှာပဲ Kefir, Kombucha, Ginger Ale နဲ့ Tepache စတာတွေကို မိသားစုဝင်တွေအားလုံး တက်တက်ကြွကြွ ဝိုင်းလုပ်ပေးခဲ့ကြတာပါ။ COVID ကာလအတွင်းမှာတော့ ကိုယ်ခံအား (Immune) မြှင့်တင်ဖို့ လိုအပ်နေတဲ့ မားမားရဲ့ သူငယ်ချင်းတွေနဲ့ COVID Center တွေအထိ ကျွန်မတို့ တတ်နိုင်သလောက် ဝေမျှပေးဖြစ်ခဲ့ရာကနေ Sweetie Home ရဲ့ ကနဦး ခြေလှမ်းလေးတွေ စတင်ခဲ့ပါတယ်။
ဒါပေမဲ့ ကျွန်မ ဈေးကွက်ကို လေ့လာကြည့်တဲ့အခါ အူလမ်းကြောင်းနဲ့ ကိုယ်ခံအားအတွက် ကောင်းမွန်တဲ့ ဒီလိုပစ္စည်းကောင်းတွေကို ပြည်တွင်းက ကျွန်မတို့လို လူလတ်တန်းစားတွေ အလွယ်တကူ လက်လှမ်းမီတဲ့ ဈေးနှုန်းနဲ့ ဝယ်ယူဖို့ ခက်ခဲနေတာကို စိတ်မကောင်းစွာ သတိထားမိခဲ့ပါတယ်။ ဒါကြောင့်ပဲ -
၁။ မြန်မာတို့ရဲ့ ခံတွင်းနဲ့ ကိုက်ညီရမယ်။
၂။ Functional Fermented Drink စစ်စစ် ဖြစ်ရမယ်။
၃။ ပြည်တွင်းဖြစ် လတ်ဆတ်တဲ့ သစ်သီးသစ်နှံ တွေကို အဓိကထားရမယ်။
၄။ ဈေးနှုန်းလည်း နှစ်ဖက် သင့်တင့်မျှတရမယ်။
ဆိုတဲ့ စေတနာအရင်းခံ ရည်ရွယ်ချက် (၄) ခုနဲ့ Sweetie Home ကို အားသွန်ခွန်စိုက် တည်ထောင်ခဲ့ပါတယ်။ ၆ နှစ်တာ ခရီးလမ်းမှာ ဖျော်ရည်ထည့်ဖို့ ဖန်ပုလင်းတစ်ဖာစာ အမှာစာလေးကနေ ခက်ခက်ခဲခဲ စတင်ခဲ့ရပေမဲ့၊ ဒီနေ့မှာတော့ လူအများ ယုံယုံကြည်ကြည်နဲ့ အားပေးကြတဲ့ လုပ်ငန်းလေးတစ်ခု ဖြစ်လာခဲ့ပါပြီ။
ဒီခရီးလမ်းမှာ ဆိုင်တင်ဖို့ လမ်းစဖွင့်ပေးခဲ့တဲ့ ကိုကိုရာ (Organic Farm) နဲ့ City Mart က တာဝန်ရှိသူ အစ်မများ၊ အဖက်ဖက်က ကူညီဖေးမခဲ့ကြသူအားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ ထို့အတူ အစကနေ အခုထိ စိန်ခေါ်မှုတွေနဲ့ ခက်ခဲမှုတွေကြားကနေ ကျွန်မကို ပိုမိုကောင်းမွန်တဲ့ နည်းလမ်းသစ်တွေ ရှာဖွေနိုင်အောင် တွန်းအားပေးခဲ့တဲ့ အတွေ့အကြုံတိုင်းကိုလည်း ကျေးဇူးတင်မိပါတယ်။
Sweetie Home အနေနဲ့ ကျန်းမာရေးအဖျော်ယမကာ နဲ့ စားသောက်ဖွယ်ရာတွေကို မေတ္တာ၊ စေတနာ အပြည့်နဲ့ ဆက်လက်ဖန်တီးပေးသွားဦးမှာမို့ အစဉ်အမြဲ အားပေးကြပါဦးရှင်။
🌿အေးမြ ပျှော်ရွှင်သော မြန်မာ နှစ်သစ်ကူး ဖြစ်ပါစေရှင်။ 🌿