26/07/2025
ထူးရှယ် ထောပတ်ထမင်း
-----------------------------
ဒီတခါတော့ အရမ်းထူးခြားကောင်းမွန် ထောပတ်ထမင်း ချက်နည်းလေးပါ။ မြန်မာထောပတ်ထမင်းက india Ghee ထမင်း နဲ့ချက်နည်း တော်တော်ဆင်ပါတယ်။ ဒါပင်မယ့် ဂီထမင်းက ဂီအရည်ရယ္်၊ မဆလာ၊ သံပရာရည်ထည့်ပြီ ချက်ကြတယ်၊ အသီးအနှံအနေနဲ့ တချို့က ခရမ်းချဥ်သီးထည့်ချက်ကြတယ်။ ဒီချက်နည်းကတော့ မြန်မာ အလျှူမင်္ဂလာပွဲတွေမှာ ချက်လေ့ရှိတဲ့ ထောပတ်ထမင်း ချက်နည်းလေးပါ။ ချက်ရတာလည်း လွယ်လွယ်ကူကူပင် လုပ်စားနိုင်သည်မို့ ထောပတ်ထမင်းကို ခုပဲ လုပ်လိုက်ကြရအောင်…
-----------------------------
ထောပတ်ထမင်းတွင် ပါဝင်ပစ္စည်းများ
ဘာစမာတီ ဆန် – နို့ဆီဘူး ၂လုံး (ရေဖြင့် ဆေးထားပေးပါ)
ဂီ (သို့)ထောပတ် – ၈၀ ဂရမ်
မုန်လာဥနီ – ၁ခွက်စာ (အတုံးလတ်များ တုံးပါ)
ပဲသီး (သို့) ဘိုစားပဲ – ၁ခွက် (အတုံးလတ်များ တုံးပါ)
စပျစ်သီးခြောက် (အမဲ) – ၁ခွက်စာ
သီဟိုဌ်စေ့ – ၁ခွက်စာ (ထက်ခြမ်းခြမ်းထားပါ)
ပြောင်းဖူးစေ့ – ခွက် ဝက်စာ (optional)
ကြက်သွန်နီ – ၂လုံး (ပါးပါးလှီးပါ)
ကလဝေရွက် – ၃ရွက်
သစ်ဂျပိုး – ၁ခု
ဖာလာစေ့ – ၄စေ့
လေညှင်းပွင့် – ၄ခု
ငရုတ်သီးစိမ်း(သို့)နီ - ၂တောင့် (ထပ်ခြမ်းခြမ်းထားပါ)
ဆား – လက်ဖက်ရည်ဇွန်း ၃ဇွန်း
ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၃ဇွန်း
ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၈ပုံ၁ပုံ
-----------------------------
ပြင်ဆင်နည်း
၁။ ဒယ်ထဲ ဂီ (သို့) ထောပတ် (စားပွဲတင်ဇွန်း ၁ဇွန်း)စာထည့်ပြီ ဆီပူလာလျှင် သီဟိုဌ်စေ့၊ စပျစ်ခြောက်များကို အရောင်ရသည်အထိ ၂မိနစ်ခန့် ဆီပူထိုးပေးပြီ ပြန်ဆယ်ထားပါ။
၂။ ဘာစမာတီဆန်များကို ရေဖြင့် မိနစ်၂၀ခန့် စိမ်ထားေပးပါ။
-----------------------------
ချက်ပြုတ်နည်း
၁။ ဒယ်ထဲ ဂီ (သို့) ထောပတ်များကို ထည့်ပြီ ထောပတ် အရည်ပျော်လျှင် ကြက်သွန်နီများကို ဆီပူထိုးပေးပါ။
၂။ ပြီနောက် ငရုတ်သီးနီ၊ သစ်ဂျပိုး၊ ကလဝေရွက်၊ လေညှင်း၊ ဖာလာစေ့များကို ထည့်ပြီ ၁မိနစ်ခန့် ရောမွှေပေးပါ။
၃။ ပြီမှ သီဟိုဌ်စေ့၊ မုန်လာဥနီ၊ ပဲသီး(သို့)ဘိုစားပဲ၊ ပြောင်းဖူး တို့ထည့်ပြီ နောက်ထပ် ၁မိနစ်ခန့် ဆီသပ်ထားပါ။
၄။ ထို့နောက် ဆန်ထည့်ထားသော Rice Cooker ထဲသို့ ဒယ်ထဲမှ ထောပတ်ရည်၊ မုန်လာဥနီ၊ ပဲသီး၊ ပြောင်းဖူး၊ သီဟိုဌ်စေ့၊ စပျစ်ခြောက်၊ spices တို့ကို လောင်းထည့်လိုက်ပါ။
၅။ ရေ(၃ခွက်)၊ ဆား၊ ကြက်သားမှုန့်တို့ကို ထည့်ပြီ ထမင်းရိုးရိုးချက်သလိုပဲ ချက်ပေးပါ။
၆။ ထောပတ် ထမင်းကျက်ပြီဆိုလျှင် သမအောင် ယောက်မဖြင့် ရောမွှေလိုက်ပါ။
ရ။ ထို့နောက် အရသာ အနေတော်လျှင် အရသာ ရှိသော ထောပတ်ထမင်းကို ကြက်သားဟင်း၊ ဆိတ်သားဟင်း၊ ငပိကြော်၊ ချဉ်ပေါင်ရွက် ဟင်းချို တို့ဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ…
-----------------------------
Wutyee Food House
-----------------------------