17/10/2024
(အဘိဓမ္မာ)အခါတော်နေ့ သမိုင်းအကျဥ်း
မဟာသက္ကရာဇ်(၁၀၉)ခုနှစ်၊ ဝါဆိုလပြည့်
သာဝတ္ထိပြည် ကောသလမင်းကြီး၏
ကဏ္ဍ ဥယျာဉ်မှူးဟာ
မြတ်စွာဘုရားရှင်၏ ညွှန်ကြားချက်အတိုင်း
စိုက်ပျိုးအပ်သော ကဏ္ဍမ္ဗသရက်ဖြူပင်အနီးမှာ
တိတ္ထိတို့ကို နှိမ်နှင်းတော်မူရန်
ရေမီးအစုံစုံ တန်ခိုးပြာဋိဟာကို
ပြတော်မူပါတယ်။
ဤသို့ ယမိုက်(ရေးမီးအစုံ) ပြာဋိဟာကို ပြတော်မူပြီး၍
ဝါဆိုလပြည့် ညနေဆည်းဆာချိန်တွင်
ရှေးမြတ်စွာဘုရားရှင်တို့နည်းတူ
တာဝတိံသာနတ်ပြည်၌
ဝါကပ်တော်မူ၍ မယ်တော်မိနတ်သားအား
အဘိဓမ္မာတရား ဟောကြားတော်မူရန်
တာဝတိံသာနတ်ပြည်သို့ ခြေနှစ်လှမ်း(သုံးဖဝါး)ဖြင့်
ကြွသွားတော်မူ၏။
မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်၌
ဝါတွင်းသုံးလပတ်လုံး ဝါကပ်သီတင်းသုံးရန်
ပယ်လယ်ကသစ်ပင်ရင်းရှိ
သိကြားမင်း၏ ပဏ္ဍုကမ္ဗလာ
မြကျောက်ဖျာကြီးပေါ်မှာ သီတင်းသုံးတော်မူပါတယ်။
တာဝတိံသာ နတ်ပြည်သို့
မြတ်စွာဘုရားရှင် ကြွတော်မူလျှင်
လူ့ပြည်၌ တန်ခိုးပြာဋိဟာပြပွဲသို့
စုဝေးရောက်ရှိကြကုန်သော လူအပေါင်းတို့က
ကောင်းကင်သို့ မျှော်ကြည့်၍
ဘုရားရှင် အဘယ်သို့ ကြွတော်မူပါသနည်းဟု
မေးလျှောက်သဖြင့်
ဒိဗ္ဗစက္ခုဧတဒဂ်ရ အရှငျအနုရုဒ်ဓါမထရျေက
ဘုရားရှင်သည် တာဝတိံသာနတ်ပြည်ဝယ်
သိကြားမင်း၏ ပဏ္ဍုကမ္ဗလာ
ကျောက်ဖျာထက်၌ ဝါကပ်တော်မူလျှင်
မယ်တော်မိနတ်သား အမှူးပြုသော
နတ်ဗြဟ္မာအပေါင်းအား
အဘိဓမ္မာတရားကို ဟောကြားရန်
တာဝတိံသာ နတ်ပြည်သို့ ကြွတော်မူ၏ဟု
ဖြေကြား၏။
လူတို့သည် မြတ်စွာဘုရားရှင်ကို မဖူးမြင်ရသမျှ
ဤအရပ်မှ မပြန်အံ့ဟု ကြံပြီးလျှင်
သာဝတ္ထိပြည်အနီးဝယ် အသီးသီး
သစ်ခက်တဲ မဏ္ဍပ်ကိုပြု၍ နေကြကုန်၏။
မြတ်စွာဘုရားရှင်သည် ရှေးဦးကပင်လျှင်
အရှင်မောဂ္ဂလာန်အား
သင်ချစ်သားသည်
ဤပရိတ်သတ်အား တရားဟောရစ်ရမည်ဟု
မိန့်တော်မူခဲ့ပြီး ဖြစ်၏။
မြတ်စွာဘုရားရှင်သည်
ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာပေါ်၌
( ၇ )ဝါမြောက် ဝါကပ်တော်မူ၍
ဝါတွင်းသုံးလပတ်လုံး
အဘိဓမ္မာဒေသနာတော်ကို ဟောကြားတော်မူခဲ့၏။
တစ်ဖန် အရှင်သာရိပုတ္တရာအား
အဘိဓမ္မာတရားအကျဉ်း ဟောတော်မူ၏။
အရှင်သာရိပုတ္တရာမှလည်း မိမိ၏
တပည့် ရဟန်းငါးရာအား
မြတ်စွာဘုရားရှင် ဟောကြားတော်မူသော
အဘိဓမ္မာအကျဉ်းကို မိမိဉာဏ်ဖြင့်
မကျဉ်းမကျယ် အလယ်အလတ်အားဖြင့်
ပြန်လည်ဟောကြားတော်မူပါတယ်။
မြတ်စွာဘုရားရှင် တာဝတိံသာ၌
အဘိဓမ္မာတရား ဟောကြားခြင်း
ပြီးဆုံးသည်နှင့် တပြိုင်နက်
အရှင်သာရိပုတ္တရာက တပည့် ရဟန်းငါးရာကို
အဘိဓမ္မာတရား သင်ပြပို့ချပေးမှုလည်း
ပြီးဆုံးလေတော့၏။
ထိုနေ့ကားသီတင်းကျွတ်လပြည့်နေ့ပင်တည်း။
အဘိဓမ္မာဒေသနာတော်ကို
ဟောကြားတော်မူပြီးသော်
သိကြားမင်းအား
မြတ်စွာဘုရားရှင်က သင်သိကြားမင်း၏
နတ်ပြည်၌ ငါဘုရား ပြုဖွယ်ကိစ္စကို ပြုပြီးပြီ။
လူ့ပြည်ရှိ သင်္ကဿနဂိုရ်ပြည်သို့
ငါဘုရား ဆင်းသက်တော်မူအံ့ဟု မိန့်တော်မူ၏။
သီတင်းကျွတ်လဆန်း( ၈ )ရက်နေ့တွင်
အရှင်မောဂ္ဂလာန်မှ တာဝတိံသာနတ်ပြည်သို့
တက်တော်မူပြီး
မြတ်စွာဘုရားရှင်
အဘယ်အရပ်၌ ဆင်းသက်မည်နည်းဟု
မေးလျှောက်သဖြင့်
မြတ်စွာဘုရားရှင်က
ချစ်သား ......သင်၏ နောင်တော်ကြီး
သာရိပုတ္တရာ ဝါကပ်ရာ
သင်္ကဿနဂိုရ်ပြည် တောင်တံခါး၌
သီတင်းကျွတ်လပြည့်နေ့ ပဝါရဏာနေ့တွင်
ဆင်းသက်တော်မူမည်ဟု မိန့်တော်မူပါတယ်။
လူအပေါင်းတို့ဟာ ထိုအကြောင်းကို
အရှင်မောဂ္ဂလာန်မှတဆင့် ကြားသိရသဖြင့်
သီတင်းကျွတ်လဆန်း( ၉ )ရက်နေ့၌ပင်
သင်္ကဿနဂိုရ်ပြည်
တောင်တံခါးသို့ ရှေးရှုသွားကြကုန်၏။
သီတင်းကျွတ်လပြည့်နေ့ရောက်သော်
သိကြားမင်းသည် တာဝတိံသာနတ်ပြည်
သုဒဿနမြို့မှသည်
သင်္ကဿနဂိုရ်ပြည် တောင်တံခါးဝထိ
ရွှေစောင်းတန်း၊ပတ္တမြားစောင်းတန်း၊
ငွေစောင်းတန်းဟူသော
စောင်းတန်း လှေကားသုံးသွယ်ကို
တင့်တယ်စွာ စီရင်၏။
မြတ်စွာဘုရားရှင်သည်
ရောင်ခြည်တော် ခြောက်သွယ်
တပြိုင်နက် ထွန်းလင်းစေလျက်
အတုမရှိသော အသရေတော်ကို ပြတော်မူ၍
ပတ္တမြားစောင်းတန်းဖြင့် ဆင်းသက်ကြွတော်မူပါတယ်။
ဗြဟ္မာကြီးတို့က ဘုရားရှင်အား
ရွှေထီး ငွေထီး သန္တာထီး တို့ဖြင့်
အသီးသီး မိုးလျှက်
လက်ျာဘက်ရှိ ရွှေစောင်းတန်းဖြင့်
သိကြားမင်းအမှူးရှိသော နတ်အပေါင်းတို့မှ
ရွှေတံခွန်၊ ငွေတံခွန်၊ ပုလဲတံခွန်တို့ကို ကိုင်လျှက်
မြတ်စွာဘုရားရှင်အား ပူဇော်ကာ
လက်ဝဲဘက်ရှိ ငွေစောင်းတန်းဖြင့်
ဆင်းသက်လာကုန်၏။
ဤသို့ အတုမရှိသော
မြတ်စွာဘုရားရှင်၏ အသရေတော်ကို
ဖူးမြင်ရသော လူပရိတ်သတ်အပေါင်းတို့သည်
အားရဝမ်းသာဖြစ်၍
ဘုရားအဖြစ်ကို မတောင်းတသူ တစ်ဦးမျှပင် မရှိပေ။
အရှင်သာရိပုတ္တရာက တပည့်ရဟန်း
ငါးရာနှင့်တကွမြတ်စွာဘုရားရှင်၏
ခြေတော်စုံ၌ ဦးခိုက်ရှိခိုးကြ၏။
အရှင်သာရိပုတ္တရာက
မြတ်စွာဘုရား ယနေ့ ခပ်သိမ်းသော
လူနတ်ဗြဟ္မာတို့သည် အတုမရှိသော
မြတ်စွာဘုရားရှင်၏ အသရေတော်ကို
ဖူးမြင်ကြရ၍လွန်စွာ မြတ်နိုးကြကုန်လျက်
ဘုရားဆုကို တောင့်တကြကုန်၏။
မြတ်စွာဘုရားရှင်က
အရှင်သာရိပုတ္တရာအား
ချစ်သား ကိလေသာမီးတို့၏ငြိမ်းရာ
အေးမြသည့် နိဗ္ဗာန်ချမ်းသာ၌ မွေ့လျော်ကြကုန်သော
သဗ္ဗညုတဘုရားရှင်တို့အား
ဗြဟ္မာ နတ် လူအပေါင်းတို့က
ဤသို့ ချစ်မြတ်နိုးကြကုန်သည်သာတည်းဟု
မေးကာ ဖြေကာဖြင့်
တရားတော်ကို ဟောကြားတော်မူခဲ့ပါတယ်။
ထိုတရားကို နာကြားကြရ၍
အရှင်သာရိပုတ္တရာ၏ တပည့်ငါးရာသည်
ရဟန္တာအဖြစ်သို့ ရောက်တော်မူခဲ့ပါတယ်။
ထိုနေ့သည်ကား သီတင်းကျွတ်လပြည့်နေ့ပေတည်း။
အချုပ်အားဖြင့်
သီတင်းကျွတ်လပြည့်နေ့ကို
မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်၌
မယ်တော် သန္တုဿိတနတ်သား အမှူးရှိသော
နတ်ဗြဟ္မာအပေါင်းအား အဘိဓမ္မာတရား
ဟောကြားတော်မူပြီးခဲ့သည့်နေ့။
အရှင်သာရိပုတ္တရာအား
အဘိဓမ္မာတရားအကျဉ်း ဟောတော်မူပြီးခဲ့သည့်နေ့။
အရှင်သာရိပုတ္တရာမှ တပည့်ရဟန်းငါးရာအား
မကျဉ်းမကျယ် အဘိဓမ္မာတရားကို
ဟောတော်မူပြီးခဲ့သည့်နေ့။
အဘိဓမ္မာဒေသနာတော် ဟောတော်မူပြီးနောက်
တာဝတိံသာ နတ်ပြည်မှ
သင်္ကဿနဂိုရ်ပြည်သို့
ဆင်းသက်တော်မူခဲ့သည့်နေ့။
ဝါဆိုဝါကပ်တော်မူကြသော
သံဃာတော်များအပြစ်ရှိက
အချင်းချင်း ပြောကြားကြရသော ပဝါရဏာနေ့။
မြတ်စွာဘုရားရှင် သင်္ကဿနဂိုရ်ပြည်သို့
ဆင်းသက်တော် မူရာအခါ၌
ကြိုဆိုပူဇော်ကြသော
နတ်ဗြဟ္မာနှင့်လူအပေါင်းတို့
ဘုရားဆုပန်ကြသောနေ့များသည်
သီတင်းကျွတ်လပြည့်နေ့ဖြစ်ခြင်း စသည်ဖြင့်
နေ့ထူး နေ့မြတ်ပေါင်းများစွာမှ
ရှေးဘုရားရှင်တို့၏ထုံးစံအတိုင်း
မယ်တော်ဖြစ်ခဲ့ဖူးသော
သန္တုဿိတနတ်သားအား
ကျေးဇူးဆပ်သောအားဖြင့်
အဘိဓမ္မာဒေသနာတော်ကို
ဟောကြားတော်မူပြီးသည့်နေ့ကို
အဘိဓမ္မာအခါတော်နေ့ဟု
မှတ်တမ်းတင်တော်မူခဲ့ခြင်း ဖြစ်လေသည်။
------------------
ကိုးကား - ဇိနတ်ထပကာသနီ
ပြန်လည်မျှဝေပါသည်။ Credit