MY NOTE

MY NOTE Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MY NOTE, Grocers, mandalay, Mandaue City.

20/08/2026

“ #မဟုတ်ရင် #သည်းခံ”
♻️♻️♻️♻️♻️♻️♻️

ကိုယ့်မကောင်းကြောင်းကို မဟုတ်ဘဲနှင့်
ပြောကြတာတွေကိုလည်း ကြုံရမှာပါ။
ဒါဆိုရင်တော့ သည်းခံဖို့ကြိုးစားတာဟာ
တကယ်အကောင်းဆုံးနည်းပါပဲ။
သည်းခံဖို့ ကြိုးစားတဲ့နေရာမှာ “သိဖို့၊နားလည်ဖို့က”
အလွန် အရေးကြီးပါတယ်။ မသိဘဲ၊ နားမလည်ဘဲ
သည်းခံဖို့ဆိုတာ မလွယ်ပါဘူး။
ဒါဆိုရင် ဘာတွေကို သိရမှာလဲ၊
ဘာတွေကို နားလည်ရမှာလဲ။

(၁)။ လူအများစုဟာ မစောင့်စည်းကြဘူးလို့ သိရမယ်။
(၂)။ သူတို့ရဲ့ မကောင်းဘူးလို့ ပြောတဲ့စကားသံ
သက်သက်ကြောင့် ကိုယ့်ကို ဘယ်လောက်
ထိခိုက်သွားနိုင်သလဲဆိုတာကို သိရမယ်။
(၃)။ ဒီလို ကဲ့ရဲ့သံနှင့် ကြုံရတာဟာ ဝေးသောအကြောင်း၊
နီးသောအကြောင်းတွေ ရှိနေတတ်တယ်ဆိုတာကို သိရတယ်

(၁)။“လူအများစုဟာ မစောင့်စည်းကြဘူး”

များသောအားဖြင့် လူတွေဟာ ကိုယ်ကိုလည်း
မစောင့်စည်းကြဘူး။ လုပ်ချင်ရာ လုပ်ကြတယ်။
နှုတ်ကိုလည်း မစောင့်စည်းကြဘူး။
ပြောချင်ရာ ပြောကြတယ်။
စိတ်ကိုလည်း မစောင့်စည်းကြဘူး။
တွေးချင်ရာ တွေးကြတယ်။
ဒါဟာ လူအများစုကြီးရဲ့ သဘာဝပါ။
ဒါကို ကောင်းကောင်း နားလည်သဘောပေါက် ထားမယ်
ဆိုရင် ကိုယ့်မကောင်းကြောင်း မဟုတ်ဘဲ ပြောခံရတဲ့
အခါမျိုးမှာ သည်းခံနိုင်ဖို့ လွယ်ကူသွားမယ်။

“ဪ- ပြောချင်ရာ ပြောကြဟာ လူတွေရဲ့သဘာဝ၊
လူတွေရဲ့ ဝါသနာပဲလေ။ ဒါကို ခံပြင်းနေရင်
ငါပဲ မိုက်မဲရာကျတော့မယ်”လို့ တွေးလိုက်တာနှင့်
စိတ်တွေဟာ လျော့သွားနိုင်တယ်။
ထိုက်သလောက် သည်းခံနိုင်သွားတယ်။
ဒီနေရာမှာ လူတွေဟာ မစောင့်စည်းကြဘူးဆိုတာနှင့်
ပတ်သက်ပြီး မြတ်စွာ ဘုရားလက်ထက်က
အဖြစ်အပျက်လေးတစ်ခုကို ပြောပြချင်တယ်

“အဆဲခံရသော မြတ်စွာဘုရား”

မြတ်စွာဘုရား ကောသမ္ဗီမှာ သီတင်းသုံးတော်မူတုန်းက
မာဂဏ္ဍီမိဖုရားရဲ့ စေခိုင်းချက်အရ လူရမ်းကားတစ်စုရဲ့
ဆဲရေးမှုကို အကြီးအကျယ်ခံခဲ့ရတယ်။

အဲဒီအခါမှာ အရှင်အာန္ဒာက မြတ်စွာဘုရား ကို
❖ “မြတ်စွာဘုရား ကောသမ္ဗီက လူတွေဟာ အလွန်
ရိုင်းစိုင်းပါတယ်။ တခြားမြို့ကို သွားကြပါစို့ဘုရား”
လို့ လျှောက်ပါတယ်။

“အဲဒီမြို့က ဆက်ပြီး ဆဲနေမယ်ဆိုရင် ဘယ်လိုလုပ်မလဲ”
လို့ မြတ်စွာဘုရားက မေးတော်မူတော့ -
“နောက်ထပ် တခြားမြို့ကို ထပ်ပြီး
ပြောင်းရွှေ့မယ်ဘုရား” လို့ လျှောက်ပြန်တယ်။

❖ နောက်ထပ် ပြောင်းရွှေ့ရာဖြစ်တဲ့
အဲဒီမြို့က ထပ်ပြီး ဆဲကြမယ် ဆိုရင်ကော
ဘယ်လိုလုပ်မလဲလို့မေးတော်မူတော့
“နောက်ထပ် တခြားမြို့ကို ထပ်ပြီး ပြောင်းရွှေ့
ပါမယ်ဘုရား” လို့ လျှောက်ပြန်တယ်။

ဒီတော့မှ မြတ်စွာဘုရားက‘‘အာနန္ဒာ၊
အဲသလို လုပ်တာဟာ မသင့်တော်ဘူး။
ဒီမှာဖြစ်တဲ့ပြဿနာကို ဒီမှာပဲ ငြိမ်းစေခြင်းဟာ ကောင်းတယ်။
ဘယ်လို လူတွေက ဆဲကြတာလဲ။ ဆဲကြပါစေ။
စစ်မြေပြင်မှာရှိတဲ့ ဆင်ပြောင်ကြီးဟာ အရပ်လေးမျက်နှာက
ပစ်လွှတ်လိုက်တဲ့ မြှားတံတွေရဲ့ဒဏ်ကို ကြံ့ကြံ့ခံပြီး
သည်းခံဖို့ တာဝန်ရှိသလို၊လူ အများ ပြောဆိုလာကြတဲ့
စကားတွေကို သည်းခံဖို့ အတွက် ငါ့မှာ တာဝန်ရှိတယ်”
လို့ အမိန့်ရှိပြီး
“အဟံနာဂေါဝ သင်္ဂါမေ၊
စာပတော ပတိတံ သရံ။
အတိဝါကျံ တိတိက္ခိဿံ၊
ဒုဿီလောဟိ ဗဟုဇ္ဇနော’’
ဆိုတဲ့ ဂါထာအပါဝင် ဂါထာ(၃)ပုဒ်ကို ဟောခဲ့ပါတယ်။
ဂါထာလေးရဲ့ အဓိပ္ပါယ်က
“ဆင်ပြောင်ကြီးသည် စစ်မြေပြင်၌ လေးမှ (မိမိပေါ်သို့)
ကျရောက်လာသော မြားကို မတုန်မလှုပ် ခံသကဲ့သို့၊
ငါဘုရားသည် လွန်ကျူးစော်ကားသောစကားကို
သည်းခံအံ့။ (လောကီဘုံသား) လူအများသည် သည် သီလ
(ကိုယ်နှုတ်ကို စောင့်စည်းမှု) မရှိသည်သာတည်း”။

“တစ်သက်လုံး ရန်ဖြစ်နေပေရော့”

လောကလူသားတွေဟာ မစောင့်စည်းကြဘူး
ဆိုတာနှင့် ပတ်သက်လို့ ဆက်စပ်ပြီးတွေးစရာလေး
တစ်ခုကို ပြောချင်ပါတယ်။ တစ်ချိန်က
မန္တလေးမြို့မှာ အလွန်ကြည်ညိုစရာကောင်းတဲ့
မစိုးရိမ်ဆရာတော်ကြီး ဆိုတာ ရှိပါတယ်။
ရိုးသားတဲ့နေရာမှာ အလွန်နာမည်ကြီးပါတယ်။
ဆရာတော်ကြီးရဲ့တပည့်တွေထဲမှာ ရွှေစကြာ
ဦးစိုးမြင့်ဆိုတဲ့ ပညာတတ် လူပျံတော်ဆရာကြီး
တစ်ယောက်လည်း ရှိတယ်။

တစ်နေ့တော့ အဲဒီဆရာကြီးဟာ အစည်းဝေးပွဲ တစ်ခုမှာ
တရားဝန်ကြီးချုပ် ဦးသိန်းမောင်နှင့် ငြင်းကြ၊ခုံကြရင်း
ဒေါသအတော်ထွက်နေပါတယ်။ စည်းဝေးပွဲ ပြီးသွားချိန်မှာ
ဆရာတော်ကြီးက ဦးစိုးမြင့်ကိုခေါ်ပြီး သည်းခံဖို့၊
ဒေါသမထွက်ဖို့ ဆုံးမပါတယ်။ အဲဒီအခါမှာ ဦးစိုးမြင့်က-
“တပည့်တော်က မဟုတ်ရင် နည်းနည်းမှ မခံချင်ဘူးဘုရား၊
ဟုတ်ရင်တော့ ဘာပဲလုပ်လုပ် ခံမှာပါဘုရား”
လို့လျှောက်တော့

“ဪ-မင်းက မဟုတ်ရင် မခံချင်ဘဲကိုး။
အဲသလိုဆိုရင် မင်းတစ်သက်လုံး လောကကြီးနှင့်
ရန်ဖြစ်နေပေရော့။ ဒီလောကကြီးက ဟုတ်တဲ့လောကကြီး
မဟုတ်ဘူး။ မဟုတ်တဲ့ လောကကြီးကွယ့်။
ဟုတ်-ဟုတ်၊မဟုတ်ဟုတ် သည်းခံမှပေါ့”
လို့ အမိန့်ရှိခဲ့ပါ တယ်။ မဟုတ်လို့သာ
ရန်ဖြစ်နေမယ်ဆိုရင် တစ်သက်လုံး ရန်ဖြစ်နေရုံပဲ
ဆိုတဲ့သေဘာပါ။
“လောကကြီးက ဟုတ်တဲ့ လောကကြီး မဟုတ်ဘူး”
ဆိုတဲ့ စကားကတော့ အလွန်ကို မှန်တဲ့စကားပါ။
ယေဘုယျအားဖြင့် “လောကကြီးက မဟုတ်တဲ့
လောကကြီး”လို့ ကောင်းကောင်း သဘောပေါက်
ထားမယ်ဆိုရင် ငြင်းခုန်လိုစိတ်၊ရန်ဖြစ်လိုစိတ်၊
သည်းမခံလိုတဲ့စိတ်တွေတော့နည်းသွားမှာအမှန်ပါပဲ။

ဒါကြောင့် သည်းခံတဲ့စိတ်တွေ မြင့်မားလာဖို့အတွက်
‘‘လူသားအများစုဟာ မစောင့်စည်းကြဘူး။
ပြောချင်ရာ ပြောကြတာ’’ဆိုတဲ့အချက်ကို
သဘောပေါက် စဉ်းစားမိဖို့ လိုပါတယ်။

“ပြောတိုင်းဂရုစိုက်လျှင် အရူးဖြစ်တတ်တယ်”

သူတို့စိတ်ထဲမှာ တွေးထင်မိတဲ့ အတိုင်း
ပြောကြ၊ဆိုကြမှာပါပဲ။ ဂရုစိုက်သင့်၊မစိုက်သင့်ကတော့
ကိုယ်ပိုင်ဉာဏ်နှင့် ချင့်ချိန်ဖို့ပဲ ရှိပါတယ်။
ဒီအချက်လေးနှင့်ပတ်သက်ပြီး ပုံပြင်လေးတစ်ပုဒ်ကို
အမှတ်ရမိတယ်။

တစ်ခါတုန်းက သားအဖနှစ်ယောက် မြည်းပုလေး
တစ်ကောင်နှင့် ခရီးသွားကြသတဲ့။
သားက ဆယ့် ငါးနှစ်သားလောက်၊ ဖအေကြီးက
အသက် ငါးဆယ် ကျော်လောက်ပေါ့။
အဲဒီလို ခရီးသွားကြရင်းနှင့် ဖအေဖြစ်သူဟာ
သားကိုချစ်တာဆိုတော့
“ငါ့သား၊ မင်း မြည်းပေါ်က စီးခဲ့၊ အဖေ ရှေ့က ဆွဲမယ်”
လို့ ဆိုပြီး သားကို မြည်းပေါ် စီးခိုင်းတယ်။
ဖအေက အောက်က သွားတယ်။
သားကတော့ မြည်းပေါ်ကပေါ့။
ဒီလိုနဲ့ ရွာတစ်ရွာကို ရောက်တော့ ရွာကလူတွေက-
“ဪ- မိုက်လိုက်တဲ့ သား၊ ဖအေကြီးကို အောက်က
သွားခိုင်းပြီး သူကတော့ မြည်းပေါ်က အခန့်သား
ထိုင်လိုက်လာတယ်” လို့ ကဲ့ရဲ့ကြသတဲ့။

❖ ရွာပြင်ဘက်ရောက်တော့
သားဖြစ်သူဟာ မြည်းပေါ်က
ဆင်းပြီး၊ “အဖေရာ-အဖေပဲ စီးခဲ့ပါ။ ကျုပ် စီးတာကို
လူတွေက ကဲ့ရဲ့ကြတယ်”လို့ ဆိုကာ ဖအေကြီးကို
မြည်းပေါ်တင်ပြီး သူက အောက်ကနေသွားရင်း
ခရီးဆက်ခဲ့ကြတယ်။ ဒီလိုနှင့် ရွာတစ်ရွာကို
ရောက်ပြန်တော့ အဲဒီရွာက လူတွေက-
“ကဲ-ကြည့်စမ်း၊ အတော် ညှာတာမှု ကင်းတဲ့
ဖခင်ပဲ။ သားကလေးကို အောက်က သွားခိုင်းပြီး
သူကတော့ မြည်းပေါ်က စီးလိုက်လာတယ်”
လို့ ကဲ့ရဲ့ ကြပြန်သတဲ့။

❖ ရွာပြင်ဘက်ရောက်တော့
သားအဖနှစ်ယောက် တိုင်ပင်ကြတယ်။
“ငါ့သားရေ၊မင်းစီးလို့လည်း အပြစ်မလွတ်။
လူတွေက ကဲ့ရဲ့ကြတယ်။
ငါ စီးတော့လည်း အပြစ်မလွတ် ကဲ့ရဲ့ကြတာပဲ။
ဒီတော့ မင်းရော ငါရော ဘယ်သူမှ မစီးဘဲနှင့်
မြည်းလေးကို ဒီအတိုင်းပဲ ဆွဲသွားကြစို့”
လို့ဆိုပြီး သားအဖနှစ်ယောက်စလုံး ဘယ်သူမှ မစီးဘဲ
မြည်းလေးကို ဒီအတိုင်းရှေ့ကနေ ဆွဲသွားကြတယ်။
ဒီလိုနှင့် ရွာတစ်ရွာ ရောက်ပြန်တယ်။
ရွာထဲရောက်တော့ ရွာက လူတွေက
“ဪ-အတော် အ,တဲ့လူတွေပဲ။
မြည်းကြီး တစ်ကောင်လုံး ပါနေတာတောင်
တစ်ယောက်မှ မစီးဘဲ ဒီအတိုင်း သွားကြတယ်”
လို့ ကဲ့ရဲ့ကြပြန်တယ်။

❖ရွာအပြင် ရောက်ပြီဆိုတော့
သားအဖနှစ်ယောက် တိုင်ပင်ကြရပြန်တယ်။
“ငါ့သားရေ၊ မင်းစီးတော့လည်း ရိုင်းတယ်တဲ့၊
ငါစီးတော့လည်း ညှာတာမှု မရှိဘူးတဲ့။
တစ်ယောက်မှ မစီးတော့လည်း အတယ်တဲ့။
ကိုင်း- ဒီတော့ အကဲ့ရဲ့ မခံရအောင်
တို့နှစ်ယောက်လုံးပဲ မြည်းလေးပေါ် စီးပြီး
သွားကြစို့ကွာ”လို့ ဆိုပြီး
သားအဖနှစ်ယောက်လုံး မြည်းလေးပေါ် တက်စီးပြီး
ခရီးဆက်ကြရင်း ရွာတစ်ရွာကို ရောက်သွားကြပြန်တယ်။
အဲဒီရွာ ရောက်တော့လည်း ရွာကလူတွေက-
“ဟာ- အတော်ကို ရက်စက်တဲ့လူတွေပဲ၊
မြည်းပုလေးကို လူနှစ်ယောက် စီးလာလိုက်တာ
မြည်းလေးတော့ ခါးကျိုးတော့မှာပဲ”
လို့ ကဲ့ရဲ့ကြပြန်တယ်တဲ့။

❖ဒီလိုနဲ့ ရွာပြင်ဘက်ရောက်တော့ ထုံးစံအတိုင်း
သားအဖနှစ်ယောက် တိုင်ပင်ကြရပြန်တယ်။
“ငါ့သားရေ- မင်း စီးတော့လည်း အပြစ် မလွတ်၊
ငါ စီးတော့လည်း အပြစ်မလွတ်။
နှစ်ယောက်လုံး မစီးတော့လည်း အပြစ်မလွတ်။
နှစ်ယောက်လုံး စီးတော့လည်း အပြစ်မလွတ်။
အဲဒီတော့ ဘယ့်နှယ့်လုပ်မလဲ။ တစ်နည်းပဲ
ရှိတော့တယ်ကွာ’’လို့ ဆိုကာ သားအဖနှစ်ယောက်
မြည်းလေးကို တွန်းလှည်းပြီး ခြေနှစ်ချောင်းရော
လက်နှစ်ချောင်းကိုပါ ကြိုးနှင့် ချည်တုပ်လိုက်တယ်။
ပြီးတော့မှ ဝါးလုံး ခပ်တောင့်တောင့်တစ်ချောင်းနှင့်
မြည်းလေးရဲ့ ခြေနှစ်ဖက်၊လက်နှစ်ဖက်ကြားကို
လျှိုထိုးကာ သားက ရှေ့က၊ဖအေက နောက်ကနေပြီး
ထမ်းသွားကြသတဲ့။

❖ ဒီလိုနှင့် ရွာတစ်ရွာ ရောက်သွားတယ်။
အဲဒီရွာ ရောက်မှ ပိုဆိုးသွားတော့တယ်။
ရွာကလူတွေ အားလုံး နီးပါး အိမ်တွေထဲက
ထွက်လာကာ သူတို့ သားအဖ ကို အထူးအဆန်းသဖွယ်
ကြည့်ပြီး ရယ်မောလှောင်ပြောင်ကြရင်း
“ဟယ် - ကြည့်ကြစမ်း၊ အရူးတွေ’’ လို့ ပြောကြသတဲ့။

ပုံပြင်လေးကတော့ဒါပါပဲ။
ပတ်ဝန်းကျင်က ပြောတိုင်းသာ ဂရုစိုက်ပြီး ခံစား
နေမယ်ဆိုရင် အရူးဖြစ်တတ်တယ်ဆိုတဲ့ သဘောပါ

(၂)။“မကောင်းဘူး ပြောရုံနဲ့”

ပြစ်တင်ကဲ့ရဲ့တဲ့ စကားသံတွေကို သည်းခံနိုင်ဖို့ အတွက်
“ပြစ်တင်ကဲ့ရဲ့တဲ့ ဒီစကားသံတွေဟာ ငါ့ကိုဘယ်လောက်
ပြောင်းလဲသွားစေလို့လဲ’’ဆိုတာကို အသေးစိတ်
စဉ်းစားဖို့ လိုပါတယ်။ ကိုယ့်ကို မကောင်းဘူးလို့
ပြောတဲ့ စကားသံတွေ သက်သက်ကြောင့်တော့
ကိုယ်ဟာ ဆိုးခြင်း- ကောင်းခြင်း
ဘာမှ ဖြစ်မသွားနိုင်ပါဘူး။

ကောင်းတယ်လို့ ပြောလို့လည်း ပင်ကိုယ်က
ဆိုးတဲ့လူဟာ ကောင်းမသွားနိုင်သလို၊
ဆိုးတယ်လို့ ပြောလို့လည်း ပင်ကိုယ်က
ကောင်းတဲ့လူဟာ ဆိုး မသွားနိုင်ပါဘူး။
ပင်ကိုယ်က ဆိုးရင် ဆိုးမှာပါပဲ။
ပင်ကိုယ်က ကောင်းရင် ကောင်းမှာပါပဲ။
သူက ကိုယ့်ကို မကောင်းဘူးပြောရုံနှင့်
“ကိုယ်က ပင်ကိုယ်က ကောင်းနေတယ် ဆိုရင်’’
ကိုယ်ဟာ မကောင်းတဲ့ လူတစ်ယောက် ဖြစ်မသွားပါဘူး။

သူ့စကားသံတွေနှင့်ပတ်သက်ပြီး
‘‘နှလုံးသွင်း မှားသွားမှသာ”
ကိုယ့်မှာ ဒေါသတွေနှင့် ဆိုးသွားတော့တာပါ။

ဒါကြောင့် ကိုယ့်မကောင်းကြောင်း ပြောတဲ့
စကားသံတွေဟာ စကားတွေချည်းသက်သက်ဖြင့်တော့
ကိုယ့်ကို ဘာမှ အဆိုးအကောင်း ဖြစ်မသွားစေပါဘူး။
ဒီနေရာမှာ ကိုယ့်မကောင်းကြောင်း မဟုတ်ဘဲနှင့်
လှည့်ပြောကြလို့ ပတ်ဝန်းကျင်ရဲ့အထင်မှားခြင်း၊
အထင်သေးခြင်းတွေကို ခံရတာလည်း ရှိနိုင်ပါတယ်။
သိက္ခာကျရတာတွေ ၊ဂုဏ်ပျက်ရတာတွေလည်း
ရှိနိုင်ပါတယ်။ဒါမျိုးဆိုတာ အလွန်ကြုံရ ခဲပါတယ်။

တကယ်လို့ ကိုယ့်မှာ ကြုံလာပြီဆိုရင်တော့
“ဘဝဆိုတာ ပြဿနာတို့ရဲ့ အစုအပုံကြီး”လို့
နားလည်ပြီး တတ်နိုင်သမျှ ခေါင်းအေးအေးထားပြီးတော့
သည်းခံရင်း ဖြေရှင်းကြရမှာပါ

(၃)။“အကြောင်းတရားတွေလည်း ရှိတယ်။

ကိုယ့်အကြောင်း မကောင်း ပြောခံရတယ်ဆိုတာ
များသောအားဖြင့် သူများပြောစရာဖြစ်အောင်
နေမိ၊ပြောမိတာတွေ အနည်းနှင့်အများတော့ ရှိလို့
ပြောခံရတာပါ။ ပြောစရာမရှိဘဲ အပြောခံရတယ်ဆိုတာ
အလွန်ရှားပါတယ်။ သူများ ပြောစရာဖြစ်အောင်
နေမိ၊ပြောမိတာကိုကအဲဒါမကောင်း ပြောခံရခြင်းရဲ့
အကြောင်းတရားပါပဲ။

❖ ဒါကြောင့် “ငါကလည်း
သူများပြောစရာဖြစ်အောင် နေမိ-ပြောမိသကိုး”
လို့ တွေးပြီး ပြောကြတာတွေကို
သည်းခံဖို့ လိုပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံမှာ
ကိုယ်လည်း ဘာမှမမှားပါဘဲနှင့် အပြောခံ
ရတာတွေလည်း ရှိနိုင်ပါတယ်။

ဒီလိုအခါမျိုးမှာတော့ ဥဒါန်းပါဠိတော်မှာလာတဲ့
အဆုံးအမလေးက အလွန်နှလုံးသွင်းစရာ
ကောင်းပါတယ်။ ကြည်ညိုကြည့်ပါဦး။

“ဒီခန္ဓာကြီး ရှိနေသမျှ”
မြတ်စွာဘုရားလက်ထက်က မြတ်စွာဘုရားနှင့်
သံဃာတော်တွေက လာဘ်လာဘ အလွန်များပါတယ်။
အရိုအသေပြုမှုတွေ၊မြတ်နိုးမှုတွေ၊ပူဇော်မှုတွေကလည်း
အလွန်များပါတယ်။

ဒါကိုသာသနာပြင်ပတိတ္ထိပရိဗိုဇ်တွေကသည်းမခံနိုင်ကြလို့၊
ရဟန်းတော်တွေကို တွေ့တဲ့နေရာမှာ ဆဲရေးကြတယ်။
ချုပ်ချယ်ကြတယ်။ အဲဒီလို ဆဲရေးကြ၊ချုပ်ချယ်ကြတာကို
ရဟန်းတော်တွေက မြတ်စွာဘုရားကို
ပြန်လျှောက်ထားကြလို့ အခုလို ဥဒါန်း ကျူးတော်မူခဲ့တယ်။
စိတ်ချမ်းသာချင်သူများ အမြဲ မှီဝဲရမယ့်
ဆေးတစ်ပါးလို့ ထင်ပါတယ်။

“ရွာ၌လည်းကောင်း၊ တော၌လည်းကောင်း
ချမ်းသာဆင်းရဲနှင့် တွေ့ထိသော်
ဤချမ်းသာ ဆင်းရဲ သည် မိမိကြောင့်လည်းကောင်း၊
သူတစ်ပါးကြောင့် လည်းကောင်း ဖြစ်၏ဟု အစွဲမထားရာ။
တွေ့ထိခြင်းတို့သည် ခန္ဓာငါးပါးကိုစွဲ၍ တွေ့ထိကုန်၏။
ခန္ဓာငါးပါးမရှိသူကို အဘယ်အကြောင်း ကြောင့်
တွေ့ထိခြင်းတို့သည် တွေ့ထိနိုင်ကုန်အံ့နည်း။”
(ဥဒါန်းပါဠိတော်၊သက္ကာရသုတ်)

ဘယ်နေရာမှာပဲနေနေ၊ အကြောင်းအမျိုးမျိုးကြောင့်
ချမ်းသာခြင်း၊ဆင်းရဲခြင်း ဆိုတာတွေက ဖြစ်ကိုဖြစ်နေမှာပါ။
ချမ်းသာတာတွေပဲဖြစ်ဖြစ်၊ဆင်းရဲတာတွေပဲဖြစ်ဖြစ်
ငါ့ကြောင့်ဖြစ်တာ၊သူ့ကြောင့်ဖြစ်တာလို့
စိတ်ထဲမှာ သိပ်စွဲမနေပါနှင့်။

တကယ်ကတော့ ချမ်းသာခြင်း၊ဆင်းရဲခြင်းဆိုတာ
ဒီခန္ဓာကြီးရှိနေလို့ ဒီခန္ဓာကြီးကိုပဲ အကြောင်းပြုပြီး
ဖြစ်ကြတာပါ။ ခန္ဓာရှိနေသမျှတော့ ချမ်းသာတယ်၊
ဆင်းရဲတယ်ဆိုတာ ဖြစ်နေမှာပါပဲ။
ခန္ဓာရှိနေတာကိုက ချမ်းသာခြင်း၊ဆင်းရဲခြင်းရဲ့
အဓိက အကြောင်းတရားကြီးပါ။

ချမ်းသာခြင်းကိုသာ ခံစားလိုပြီး၊ ဆင်းရဲခြင်း ကိုတော့
မခံစားချင်လို့ မဖြစ်ပါဘူး။ ဒီသဘောတွေကို
နားလည်ပြီးတော့ တွေ့ကြုံလာတဲ့ ဆင်းရဲတွေကို
ဉာဏ်နှင့်ယှဉ်ပြီး သည်းခံတတ်ဖို့ လိုပါတယ်

“အတိတ်က အကြောင်းတွေ”

အတိတ်ဘဝတုန်းက ပြုမိမှား၊ပြောမိမှားတွေကြောင့်
ဒီဘဝမှာ အရှက်တကွဲ အကျိုးနည်းဖြစ်ပြီး
သူများ မကောင်းပြောတာတွေကို ခံရနိုင်တာလည်း
ရှိတတ်ပါတယ်။

မြတ်စွာဘုရားလက်ထက်က ကုဏ္ဍဓာနမထေရ်
ဆိုတာရှိပါတယ်။ ကုဏ္ဍဓာနဆိုတာ မိန်းမကျူးသူလို့
အဓိပ္ပါယ်ရပါတယ်။ မိန်းမကျူးသော ရဟန်းပေါ့။
ဒါပေမယ့် သူက မိန်းမကျူးတဲ့ရဟန်းတော့မဟုတ်ပါဘူး။
သီလနှင့်ပြည့်စုံတဲ့ရဟန်းမြတ်တစ်ပါးပါ။
သို့သော်လည်း ပတ်ဝန်းကျင်ရဟန်းတွေကတော့
သူ့ကို မိန်းမကျူးသူလို့ပဲ ခေါ်ကြပါတယ်။
ဘာပြုလို့လဲဆိုတော့ သူ သွားရာနောက်ကို
မိန်းမတစ်ယောက် အမြဲလိုက်နေလို့ပါ။
ဒါကလည်း တကယ်လိုက်တာ မဟုတ်ပါဘူး။
လိုက်နေတယ်လို့လည်း သူကမသိပါဘူး။
ဘေးကပုဂ္ဂိုလ်တွေရဲ့ အမြင်မှာသာ ဒီရဟန်းနောက်ကို
မိန်းမတစ်ယောက် လိုက်နေတယ်လို့
ထင်ကြရ၊မြင်ကြရတာပါ။

သူဟာ တစ်ခုသော ဘဝတုန်းက ရုက္ခစိုးနတ်
တစ်ယောက် ဖြစ်ခဲ့ပါတယ်။ အဲဒီ ရုက္ခစိုးနတ်ဟာ
အလွန်ချစ်ခင်မှုကြီးတဲ့ ရဟန်းနှစ်ပါးကိုတွေ့တော့
“ဒီ ရဟန်း နှစ်ပါးဟာ ဘေးက ကွဲပြားအောင်ပြုရင်
ကွဲပြားသွားနိုင်သလား”ဆိုတာကို သိချင်တာနှင့်
မိန်းမ တစ်ယောက် ဟန်ဆောင်ပြီး အဲဒီ ရဟန်း
နှစ်ပါးထဲက တစ်ပါးနှင့် အတူနေတဲ့ပုံစံကို
နောက်တစ်ပါးမြင်အောင် ဖန်ဆင်းပြပါတယ်။

အဲဒီမှာပဲ တစ်ပါးနှင့် တစ်ပါး အထင်မှား၊အမြင်မှားတွေ
ဖြစ်ပြီး ကွဲပြားသွားကြတယ်။ ရုက္ခစိုးနတ်လည်း
စိတ်မကောင်းဖြစ်ပြီး သူ့လက်ချက်ဖြစ်ကြောင်း
ပြန်ရှင်းပြပါတယ်။ဒါပေမယ့် ပြန်စေ့စပ်လို့ မရတော့ပါဘူး။
အဲဒီ ရုက္ခစိုးနတ်ဟာ နောင်တတရားကြောင့် အလွန်
ဆင်းရဲခဲ့ရတယ်။ ငရဲလည်း ကျခဲ့ရတယ်လို့ ဆိုပါတယ်။

အငြိမ်မနေနိုင်တဲ့ အမှုတွေဟာ တစ်ခါ တစ်ခါ အတော်
ကြောက်စရာ ကောင်းပါတယ်။အဲဒီကံကြောင့်
မြတ်စွာဘုရားရဲ့ လက်ထက်မှာ ကုဏ္ဍဓာန မထေရ်ရယ်လို့
ဖြစ်ခဲ့ပါတယ်။ ထူးထူးဆန်းဆန်း မိန်းမတစ်ယောက်
အမြဲတမ်း နောက်ကလိုက်နေတယ်လို့ သူများ
အထင်မှား၊အမြင်မှားခံရတဲ့ ဘဝတစ်ခုကို ရခဲ့တာဟာ
ဘယ်လောက် စိတ်ညစ်စရာကောင်းသလဲ စဉ်းစားကြည့်ပါ။
ဆွမ်းခံသွားရင်တောင် ဆွမ်းလောင်းတဲ့သူတွေက
“ဒီတစ်ဇွန်းက အရှင်ဘုရားအတွက်၊ ဒီတစ်ဇွန်း ကတော့
အရှင်ဘုရားရဲ့ အပေါင်းအဖော်မ အတွက်ပါ။” လို့ ဆိုပြီး
လောင်းကြသတဲ့။ ဒါတင် မကပါဘူး။
ကိုရင်တွေ၊ရဟန်းငယ်တွေကလည်း မကြာခဏ
မိန်းမကျူးသူလို့ ပြောင်ကြ၊လှောင်ကြတယ်။

ဒီတော့ မထေရ်မြတ်ဟာ သည်းမခံနိုင်ဘဲ-
“သင်တို့သာ မိန်းမကျူးသူ၊ သင်တို့ရဲ့ ဆရာတွေသာ
မိန်းမကျူးသူ”လို့ ဒေါသနှင့် ပြန်လှန်ပြောဆိုတယ်။
ဒီအကြောင်းတွေကို မြတ်စွာဘုရား သိတော်မူတဲ့အခါ
မထေရ်ရဲ့ အတိတ်အကြောင်းကို ဟောကြားတော်မူပြီး
‘‘ချစ်သား.... ရှေးက မကောင်းခဲ့လို့ အခုမကောင်းတာတွေ
ဖြစ်ရတာ။ ဒါကို မကောင်းတာနဲ့ပဲ ထပ်ပြီး
မတုံ့ပြန်ချင်ပါနဲ့။အနားရေး၌ ကွဲပြတ်သော
ကြေးခွက်နှင့်တူစွာ အသံမရှိသည် ဖြစ်ဘိလော့။
ဤသို့ပြုလျှင် နိဗ္ဗာန်သို့ ရောက်လတ္တံ့”လို့
ဆုံးမတော်မူခဲ့ပါတယ်။

နောက်တော့မှ ကောသလမင်းကြီးက စုံစမ်းလေ့လာပြီး
အမှန်အတိုင်းသိလို့ ပစ္စည်းလေးပါးအတွက် တာဝန်ယူပါတယ်။
အဲသလိုနှင့် ကောသလမင်းကြီးရဲ့ အထောက်အပံ့ကြောင့်
သပ္ပါယဖြစ်ပြီး တရားကို ကြိုးစားအားထုတ်လိုက်တာ
ရဟန္တာ ဖြစ်သွားပါတယ်။ရဟန္တာ ဖြစ်တော့မှပဲ
နောက်ကလိုက် နေတဲ့ မိန်းမရုပ်ဟာ အပြီးအပိုင်
ကွယ်ပျောက်သွားပါတယ်။

မထေရ်မြတ်ကို အကြောင်းပြုပြီး
မြတ်စွာဘုရား ဟောကြားခဲ့တဲ့ ဒေသနာကတော့
သည်းခံဖို့ကြိုးစားတဲ့နေရာမှာ အလွန်အသုံးတည့်တဲ့
အဖိုးတန် ဒေသနာတော်တစ်ရပ် ဖြစ်ခဲ့ပါတယ်။ ။

သစ္စာရွှေစည် ဆရာတော် အရှင်ဥတ္တမ
သစ္စာရွှေစည် ဆရာတော် အရှင်ဥတ္တမ
ရေးသားသော “ #စကားတို့၏အစွမ်း”

💠အရှင်ပညာစာရ { က လော } 💠
🙏🙏🙏⛲📖📖📖⛲🙏🙏 🙏

02/10/2024

Address

Mandalay
Mandaue City

Alerts

Be the first to know and let us send you an email when MY NOTE posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category