08/07/2026
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်မှာ ကျူရှင်ရော ဂိုက်ပါမယူဘဲ အခက်အခဲမျိုးစုံကြားထဲကနေ (၄) ဘာသာဂုဏ်ထူးရှင် ဖြစ်လာခဲ့တဲ့ မနေခြည်ထွေးရဲ့ ကျောင်းနေစဉ်ကာလ အခြေအနေကို ကျောင်းဆရာဖြစ်သူ ဦးတင်စိုးက ပြန်ပြောပြလာရာမှာ အတော်လေး စိတ်မကောင်းစရာ အခြေအနေတွေ ပါဝင်နေခဲ့ပါတယ်။
မနေခြည်ထွေးဟာ ကျောင်းကို အဝေးကြီးကနေ လာတက်ရသူဖြစ်ပြီး စက်ဘီးတစ်လှည့်၊ လမ်းလျှောက်တစ်လှည့်နဲ့ လာရတာဖြစ်တယ်လို့ ဆိုပါတယ်။ ကျောင်းမှာလည်း အတော်လေး အေးအေးဆေးဆေး နေတတ်သူဖြစ်ပြီး သူငယ်ချင်းအပေါင်းအသင်း သိပ်မများလှဘူးလို့ ဆရာက ပြောပါတယ်။
ကျောင်းတွင်းစာမေးပွဲ စစ်တဲ့အချိန်တိုင်း လက်ရေးလက်သား ကောင်းလှတဲ့ မနေခြည်ထွေးဟာ အမြဲတမ်း ရမှတ် (၈၀) ကျော် ရလေ့ရှိလို့ ဂုဏ်ထူးထွက်နိုင်တဲ့သူဆိုတာ ဆရာ၊ ဆရာမတွေ သတိထားမိခဲ့ကြတယ်။ ဒါပေမဲ့ သင်္ချာ အတော်လေး အားနည်းနေတာမို့ သူမကို ဆရာ၊ ဆရာမတွေက ကျောင်းမှာ မနက်ပိုင်းနဲ့ ညပိုင်း အချိန်ပိုသဘော သီးသန့် စာပြပေးခဲ့ကြပါတယ်။
ကျောင်းနဲ့ သူမအိမ်က ဝေးတာကြောင့် နေ့တိုင်း ထမင်းဂျိုင့် ထည့်လာလေ့ရှိပြီး၊ ထမင်းဂျိုင့်ကို ဖွင့်လိုက်တိုင်းလည်း ထမင်းဖြူကလွဲရင် ဟင်းဆိုပြီး မယ်မယ်ရရ မပါတာက များတယ်လို့ ဆရာဖြစ်သူက ဆိုပါတယ်။ သူမရဲ့ ဆင်းရဲနွမ်းပါးတဲ့ အခြေအနေကြောင့် ဆရာ၊ ဆရာမတွေကလည်း သူမကို အစစအရာရာ အများကြီး ကူညီစောင့်ရှောက်ပေးခဲ့ကြတယ်။
တစ်ရက် ကျောင်းမှာ မူးလဲသွားလို့ ဆေးခန်းပြဖို့ လုပ်တဲ့အခါ မနေခြည်ထွေးက ဆေးခန်းသွားဖို့ ငြင်းဆန်ခဲ့သေးတယ်လို့ ဆရာ ဆရာမတွေက ပြောပြပါတယ်။ အဓိကကတော့ ဆေးခန်းပြရင် ပိုက်ဆံကုန်မှာ စိုးရိမ်လို့ဖြစ်ပြီး၊ ဆရာမက အကုန်အကျခံမယ်ဆိုပြီး ခေါ်သွားပေးခဲ့ရသလို၊ ဆေးခန်းကလည်း ပိုက်ဆံတစ်ပြားမှ မယူခဲ့ပါဘူး။
အခုလို အခက်အခဲတွေကြားကနေ တပည့်ကျော်လေး မနေခြည်ထွေးတစ်ယောက် (၄) ဘာသာဂုဏ်ထူးရှင် ဖြစ်လာချိန် ကျောင်းက ဆရာ ဆရာမတွေ ပျော်လွန်းလို့ အိပ်တောင်မပျော်ခဲ့ကြပါဘူး။
လိမ္မာပြီး အေးအေးနေတတ်တဲ့ မနေခြည်ထွေးလေး တက္ကသိုလ်ပညာရေးကို ကောင်းကောင်းမွန်မွန် ဆက်လက် သင်ယူခွင့်ရသွားတာကို မြင်ချင်မိတယ်လို့ ရေကြည် အ.ထ.က ကျောင်းက ဆရာကြီး၊ ဆရာမကြီးတွေက မှတ်ချက်ပြု ဆုတောင်းပေးထားကြပါတယ်။