23/01/2026
ပြသနာတွေ ဖြစ်နေကြတာတွေ့တော့ အရင်ဆုံး သတိရမိတာ ရွှေတိဂုံဘုရားနားက မူဆလင်အဘိုးကိုပဲ။
လွန်ခဲ့တဲ့ ၁၅ နှစ်လား နှစ် ၂၀ လား သေချာမမှတ်မိတော့ပေမဲ့ အဖြစ်အပျက်ကိုတော့ သေချာ မှတ်မိနေပါသေးတယ်။
ရွှေတိဂုံဘုရားမုဒ်ဦးတခုမှာ စျေးရောင်းနေတဲ့ အဘိုးကို ဘုန်းကြီးတွေက ငါတို့ ဘုရားနားမှာ စျေးမရောင်းရဘူး ဆိုပြီး မောင်းထုတ်ခဲ့ကြတာ။
အဲ့ဒီ သတင်းကို ဖတ်ပြီး ဘာသိဘာသာပဲ နေခဲ့တယ်။
“ကာကွယ်ပေးဖို့ ပျက်ကွက်ခဲ့တယ်”
ပြီးတော့ ခုကာလမှာ စည်းကမ်းမရှိတဲ့ မြန်မာတွေ များလာတယ် ဆိုတာ ကျနော်တို့ ကိုယ်တိုင်တောင် သိကြတာပဲ မဟုတ်လား။
ကွမ်းတံတွေး ထွေးကြတယ်။
ညနက်တွေ အော်ဟစ်သောင်းကျန်းကြတယ်။
“တားဆီးဖို့ ပျက်ကွက်ခဲ့ပြန်တယ်”
ကောင်းတဲ့ မြန်မာတွေ အများကြီး ရှိပါတယ် ဆိုတာကို ပြသဖို့ ပျက်ကွက်ခဲ့ပြန်တယ်။
ခု သူတို့တွေ ပြန်သောင်းကျန်းကြပြီ။ အပြစ်ရှိသူ မရှိသူ ရောပြီး ဒုက္ခရောက်ကြတယ်။ စိတ်ဒုက္ခဖြစ်ကြတယ်။
မြန်မာကနေ ပြသနာရှာဖို့ မီးမွှေးဖို့ ဆိုပြီး ရောက်နေကြတာတွေလဲ ရှိဦးမှာ။
တခု ထပ်စဉ်းစားမိတယ်။ အမေရိကန်လို ဖွံ့ဖြိုးပြီးသား နိုင်ငံတခုတောင် အမျိုးသားရေးဝါဒီ ထရမ့်က သမ္မတ ၂ ဆက် ဆက်ဖြစ်ပြီး ရမ်းချင်သလို ရမ်းနေတာ(သတင်းဖတ်ရသလောက်ပေါ့)။
ဒီနိုင်ငံက ဒီလောက်ပဲ ဖြစ်သေးတာ တော်သေးတာလို့ ပြောရမလိုပဲ 😅
ဘာတွေမှန်းလဲ မသိတော့ပါဘူး။
အပြစ်ရှိရဲ့သားနဲ့ မကောင်းတာ လုပ်နေရဲ့သားနဲ့ ကောင်းစားနေကြတဲ့သူတွေ အများကြီး ရှိသလို
အပြစ်မရှိပဲ ဒုက္ခရောက်သွားကြတဲ့ လူကောင်းတွေ ကမ္ဘာမှာ အများကြီးရှိပါတယ်။
ဒုက္ခရောက်တဲ့အထဲ ကိုယ်မပါဖို့ ဂရုစိုက်နေကြပါ။
ကျနော်လဲ ဂရုစိုက်နေပါ့မယ်။
ဖြစ်သမျှ အကြောင်း အကောင်းပေါ့ဗျာ။
ခုချိန်ထိ အနီးနား ပတ်ဝန်းကျင်က ကြုံတွေ့ရသမျှ ထိုင်းလူမျိုးတွေ အကုန်လုံးကတော့ စိတ်ထား အရမ်းကောင်းကြတာမို့လို့ ကျနော်ကတော့ ထိုင်းကို အရမ်းအရမ်းသဘောကျနေပါတယ်။
လုံခြုံ စိတ်ချရပြီး သဘောကောင်းတဲ့ နိုင်ငံအဖြစ် အမြဲတမ်း ဖြစ်နေစေချင်ပါတယ်။
ခုလိုမျိုး ရမ်းကားမှုတွေ မရှိစေချင်သလို ဆိုးသွမ်းတဲ့ ဧည့်သည်လို မနေတတ်တဲ့ မြန်မာတွေကိုလဲ မရှိစေချင်ပါဘူး။