10/06/2025
အခုခေတ်ကလေးတွေရဲ့ Logical Thinking တွေက လျှော့တွက်လို့မရဘူး။ ကိုယ်တွေအသက်နှစ်ဆယ်လောက်မှ နားလည်တဲ့လူ့လောကသဘာဝတွေကို သူတို့က ခုအရွယ်နဲ့သိနေကြပြီ။
ကိုယ်တွေ အသက်လေးဆယ်နားကပ်မှ သုံးတတ်တဲ့ Apps တွေ၊Software တွေ သူတို့က ခုကတည်းက တတ်နေပြီ။
ကိုယ်တွေက ကိုယ့်မိဘတွေကို အွန်လိုင်းပေါ်က အလိမ်အညာတွေ ခံရမှာပူလို့ သတိပေးသလိုမျိုး သူတို့ကလည်း ကိုယ်တွေကို ခုကတည်းက သတိပေးနေပြီ။
ဥပမာ ကြော်ညာဆိုတာ မယုံရဘူး တို့၊ဒါက AI နဲ့လုပ်ထားတာတို့၊ဒီဂိမ်းကိုမကစားနဲ့ အလိမ်တွေနော်တို့ စတာတွေ သတိပေးတတ်သလို အရိပ်အကဲနားလည်တာ၊အလိုက်သိတာ၊အထူအပါးနားလည်တာလေးတွေကို အသက်ဆယ်နှစ်လောက်ဆို မြင်လာရပြီ။
အဲဒီ့မှာ စာနာတတ်၊ကြင်နာတတ်တဲ့ကလေးက မိသားစုကိုငဲ့မယ်။မိဘကိုသိတတ်မယ်။ တစ်ကိုယ်ကောင်းဆန်တဲ့ကလေးက သိသိကြီးနဲ့ သူ့လိုအင်ပဲတောင်းဆိုမယ်။ ဒါပေမယ့် သူတို့ရဲ့ သိမှုလယ်ဗယ်ကတော့ တူတူပဲ။
ကျမတော့ ကလေးကိုအများကြီး မလုပ်ပေးတတ်ဘူး။ ကျမလုပ်ပေးတာ ချစ်ပေးတာပဲ။ ချစ်တာကိုမှ Sincerity နဲ့ တကယ်ရိုးသားစွာချစ်ဖို့ ၊ကိုယ်သူ့အပေါ်ဆုံးမတာတွေဟာ ကိုယ့်အတ္တရဲ့လွှမ်းမိုးမှုမပါပဲ တကယ့်ကို သူ့အကျိုးကိုလိုလားလို့ အကြံပြုလမ်းပြတာဖြစ်ဖို့ကိုပဲ အထူးဂရုစိုက်တယ်။
ဒါ့ကြောင့် ကလေးတွေနဲ့ ကျမကြား အသိမပေးထားတာလည်း မရှိဘူး။ ကျမ မဝယ်ပေးနိုင်တာ၊ကျပ်တည်းတာ၊ခြွေတာနေရတာတွေလည်း သူတို့ကိုပါ သိရှိခံစားစေလိုက်တာပဲ။အနည်းဆုံးတော့ ဒဲ့ မဟုတ်တောင် ခံစားသိလေးနဲ့တော့ ပေးသိစေတာပဲ။
အနှစ်ချုပ်ကတော့ ခုခေတ်ကလေးတွေကို ကလေးပဲဆိုပြီး ငါတို့ပြောပြလည်းနားလည်မှာမဟုတ်ဘူး လို့ မယူဆပဲ သူတို့နဲ့လိုက်လျောညီထွေရှိမယ့်စကားလုံးတွေနဲ့ အရာရာကို ပြောပြကြည့်၊ညှိနှိုင်းကြည့်၊တခါတလေ အကြံပြန်တောင်းကြည့်။ မထင်ထားစရာကောင်းလောက်အောင် ထူးခြားတဲ့ Point of view တစ်ခုသူတို့ထုတ်ပြကြလိမ့်မယ် ဆိုတာပါပဲ။
Mommy Yu
09-06-2025